တူးဖေါ်မွမ်းမံနေသော မြောက်ဦးနန်းတော်ရာကုန်း အနီးရှိ လူနေအိမ်များ ပြောင်းရွှေ့ရန် အစီအစဉ်မရှိဟုဆို

တူးဖေါ်မွမ်းမံနေသော မြောက်ဦးနန်းတော်ရာကုန်း အနီးရှိ လူနေအိမ်များ ပြောင်းရွှေ့ရန် အစီအစဉ်မရှိဟုဆို
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် မြောက်ဦးမြို့ရှိ ရခိုင်ရှေးဟောင်းနန်းတော်ရာကုန်းကို ရှေးဟောင်းသုတေသန နှင့် အမျိုးသားပြတိုက် ဦးစီးဌာနမှ တာဝန်ယူ တူးဖေါ် ပြုပြင် မွမ်းမံနေသော်လည်း နန်းတော်ရာကုန်း အနီးတဝိုက်ရှိ လူနေအိမ်များအား ပြောင်းရွှေ့ ဖယ်ရှားရန် အစီအစဉ် မရှိကြောင်း  အဆိုပါ ဦးစီးဌာန တာဝန်ရှိသူများက ပြောသည်။

နန်းတော်ရာကုန်းတူးဖေါ်မှုနှင့်  ခြံစည်းရိုးတည်ဆောက်မှုကို ပြီးခဲ့သည့် ၂၀၁၄ ခု နိုဝင်ဘာလကတည်းက  စတင်ကာ အကောင်အထည်ဖေါ်လျှက်ရှိရာ နန်းတော်ရာကုန်း ပတ်ဝန်းကျင်ရှိ လူနေအိမ်ခြေ ၂၀၀ ကျော်ခန့် မှာ  ပြောင်းရွှေ့ဖယ်ရှားခံရနိုင်ကြောင်း ဒေသခံများ သံသယဖြစ်နေစဉ်  ရှေးဟောင်း ဦးစီးဌာန ညွန်ကြားရေးမှူးက  ပြောင်းရွှေ့ဖယ်ရှားရန် အစီအစဉ်မရှိကြောင်းပြောဆို လိုက်ခြင်းဖြစ်သည်။

q2spcwdk

“လူနေအိမ်တွေကျတော့ လောလောဆယ် ပြောင်းရွှေ့ ဖယ်ရှားဖို့ အစီအစဉ် မရှိဘူး၊ ဒါပေမယ့် ခြံစည်းရိုး စည်း ၀ိုင်းသတ်မှတ်ထားတာရှိတယ်၊ ဒီနေရာမှာတော့ ဘယ်လိုအဆောက်အဦးကိုမှ ဆောက်လုပ်ခွင့်မပြု တဲ့ အမိန့် ထုတ်ပြန်ထားတာ ရှိတယ်” ဟု ၄င်းကဆိုသည်။

မြောက်ဦးနန်းရာကုန်း၏ ရှေးဟောင်းဇုံအဖြစ် မြေနေရာသတ်မှတ်ခြင်းမှာ မင်းဘာကြီး လမ်းမှ စျေးကြီးတို့ ပါ၀င်ပြီး ၄င်းနေရာများရှိလူနေအိမ်ခြေများကို ပြောင်းရွှေ့ရန်အစီအစဉ်မရှိ သော်လည်း တံတိုင်းနှင့် ပေ ၁၀၀ ကျော်အကွာအဝေး ခြံစည်းရိုးစည်းဝိုင်းသတ်မှတ်နေရာအတွင်း မည်သည့်အဆောက်အဦးမှ ဆောက်လုပ်ခွင့် မပြုဟု အမိန့်ထုတ်ပြန်ထားသည်ဟု သိရသည်။

နန်းတော်ရာကုန်းမှာ ပထမ၊ ဒုတိယနှင့် တတိယဟူ၍ တံတိုင်းသုံးထပ်ကာရံထားရှိပြီး တတိယတံတိုင်းမှ ပေ ၁၂၀ အကွာကို ခြံစည်းရိုးစည်းဝိုင်းအဖြစ်သတ်မှတ်ထားခြင်းဖြစ်ကြောင်းသိရသည်။

ယင်းကဲ့သို့ တံတိုင်းသုံးထပ်ကားရံထားသော နန်းတော်ရာကုန်းတွင် ပထမတံတိုင်းနှင့် ဒုတိယ တံတိုင်း တို့မှာ အထင်အရှားမြင်တွေ့ရသော်လည်း ရေပေါက်ဝမှ ရွှေဂူဒေါင်ထိရှိသော တတိယတံတိုင်းမှာမူ  ၀ရစ်တောနှင့် ဘောလုံးကွင်းအနီးတွင် အစအန အနည်းငယ်ကိုသာလျှင် တွေ့မြင်ရပြီး ငုပ်လျှိုး ကွယ်ပျောက်လျှက် ရှိကြောင်း သိရှိရသည်။

ယင်းကဲ့သို့ ငုပ်လျှိုးနေသော  တတိယတံတိုင်းအပိုင်းအစ တခုကို နန်းတော်ရာကုန်း အရှေ့မြောက် ဖက်တွင် ပြီးခဲ့သည့်ဒီဇင် ဘာလက ခြံစည်းရိုး လုပ်ငန်းစဉ်အတွင်း မြေမြောင်း ဖေါက်လုပ်စဉ် ထပ်မံတွေ့ရှိရကြောင်း၊ မောက်ဦးရှေးဟောင်းယဉ်ကျေးမှု ထိန်းသိမ်းရေးအဖွဲ့အတွင်းရေးမှူး ဦး မောင်သိန်းလှိုင်ကဆိုသည်။

“အနံ ၉ ပေထူပါတယ်၊ အလျားကတော့ ၁၅ ပေလောက်ဖေါ်ထားခဲ့ကြတာကိုတွေ့ပါတယ်” ဟု ၄င်းကဆိုသည်။

ကနဦးက မြောက်ဦးနန်းရာကုန်းခြံစည်းရိုးတည်ဆောက်မှုကြောင့် ပတ်ဝန်ကျင်လူနေအိမ် များ ပြောင်းရွှေ့ ရမည်ဟု ဖေ့စ်ဘုတ်စာမျက်နှာများတွင်ဖေါ်ပြမှုများရှိနေခဲ့သဖြင့်  မြောက်ဦးမြို့ရှိ ရခိုင်လူ ထုအကြား စိုးရိမ်မှုများရှိနေခဲ့ကြကြောင်း၊ လက်ရှိတွင် အဆိုပါအိမ် ခြေများမှာ ခြံစည်းရိုး စည်း ၀ိုင်းသတ်မှတ်ရာတွင် ပါ၀င်ပတ်သက်မှု မရှိသဖြင့် ပြောင်းရွှေ့ခံရလိမ့်မည်မဟုတ်ကြောင်း မြောက်ဦးမြို့ ရခိုင်အမျိုးသား ပါတီ အတွင်းရေးမှူး ဦးထွန်းနေဝင်းကပြောဆိုသည်။

“ကျွန်တော်တို့က ရှေးဟောင်းအမွေအနှစ်တွေထိန်းသိမ်းတာကို ကြိုဆိုတယ်၊ ဒါပေမယ့် ရှေး ဟောင်းလက်ရာကို မကွယ်မပျောက်ရအောင် နဂိုအတိုင်းပဲထားစေချင်တယ်၊ အဲဒါတွေကို ထပ်မံပြီး ဆေးချယ်လိုက်၊ မွမ်းမံလိုက်တာမျိုးတွေမလုပ်ဖို ့ပြောချင်ပါတယ်”ဟု ဦးထွန်းနေဝင်းက ဆက်ဆိုသည်။

နန်းတော်ရာကုန်း ခြံစည်းရိုးတည်ဆောက်မှုကို ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြ တိုက်ဦးစီးဌာနက ကျပ်သိန်း ၈၀၀ ကျော်ဖြင့် တာဝန်ယူ တည်ဆောက်လျှက်ရှိရာ လက်ရှိတွင် ရာနှုန်းထက်ဝက်ကျော် ပြီးစီးနေပြီဖြစ်ကြောင်း ယင်းဦးစီးဌာနတာဝန်ရှိသူအဆိုအရသိရသည်။

Most read this week