ပေါက်တောမြို့နယ်တွင် ဘင်္ဂလီဒုက္ခသည်စခန်းမီးလောင်၊ အိမ်ထောင်စု ၁၀၆ စု အိုးမဲ့အိမ်မဲ့ဖြစ်

ပေါက်တောမြို့နယ်တွင် ဘင်္ဂလီဒုက္ခသည်စခန်းမီးလောင်၊ အိမ်ထောင်စု ၁၀၆ စု အိုးမဲ့အိမ်မဲ့ဖြစ်
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်ရှိ ကြိမ်နီပြင် ဘင်္ဂလီဒုက္ခသည် စခန်းတွင် မီးလောင်မှု ဖြစ်ပွားခဲ့သဖြင့် အိမ်ထောင်စု ၁၀၆စု၊ လူပေါင်း ၄၅၀ အိုးမဲ့အိမ်မဲ့ဖြစ်သွားကြောင်း  မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးကျော်စိုးလွှင်က အတည်ပြု ပြောကြားသည်။

“ မီးလောင်တာက ဇန်နဝါရီလ ၂၃ ရက်နေ့  ညနေ ၃ နာရီခွဲက စလောင်ပြီး ၄နာရီခွဲမှာ ပြီးသွားပါတယ်။ ရှစ်ခန်းတွဲ အဆောင် ၁၀ ခုမီးထဲပါသွားပါတယ်။ ပေါ့ဆမီးပါ။ ထမင်းချက်ရာကနေ လောင်တာပါ” ဟု မြို့နယ် အုပ်ချုပ်ရေးမှူးက ပြောသည်။

bangali-camp

ယင်းမီးသည် ကြိမ်နီပြင် ဒုက္ခသည်စခန်းရှိ အဒူချော်ဘီအိမ်က စလောင်ခြင်းဖြစ်ပြီး အဆောင် (၁၀) ခုအား ၀ါးမျိုဖျက်ဆီးပစ်ခဲ့သည်ဟု ဆိုသည်။

“ မီးသတ် ဌာနရဲ့ ခန့်မှန်းချက်အရ ကျပ်သိန်း ၈၀ ခန့် ဆုံးရှံုးတယ်လို့ သိရပါတယ်။ အခုတော့ အဒူချော်ဘီကို ဖမ်းဆီးအရေးယူထားပါတယ်” ဟု အုပ်ချုပ်ရေးမှူးက ဆက်လက် ပြောဆိုသည်။

ယခုအခါ သက်ဆိုင်ရာမှ မီးဘေးဒုက္ခသည်များအတွက် ယာယီစခန်းဖွင့်လှစ်ထားပြီး ဆန်ဆီဆားစည့် လိုအပ်သည့် စားသောက်ကုန်များအပြင် ရွက်ဖျင်တဲများ၊ စောင်များ ကူညီထောက်ပံ့ပေးထားသည်ဟု သိရသည်။

ဇန်နဝါရီလ ၂၄ ရက်နေ့ကလည်း ရခိုင်ပြည်နယ် ၀န်ကြီးအဖွဲ့မှ ၀န်ကြီး ၂ ဦး အပါအဝင် အစိုးရ တာဝန်ရှိသူများသွားရောက်ပြီး အကူအညီနှင့် အားပေးစကားများ ပြောကြားခဲ့သည်ဟု သိရသည်။

Most read this week