စစ်တွေရောက် ကုလသမဂ္ဂ၏ လူ့အခွင့်အရေးဆိုင်ရာအထူးကိုယ်စားလှယ် မစ္စယန်ဟီးလီကို ဒေသခံထောင်ချီ ဆန္ဒပြ

စစ်တွေရောက် ကုလသမဂ္ဂ၏ လူ့အခွင့်အရေးဆိုင်ရာအထူးကိုယ်စားလှယ် မစ္စယန်ဟီးလီကို ဒေသခံထောင်ချီ ဆန္ဒပြ
by -
နိရဥ္စရာ

ရခိုင်ပြည်နယ်အတွင်း မှီတင်းနေထိုင်ကြသော ဘင်္ဂလီလူမျိုးများအား ရိိုဟင်ဂျာအမည်ဖြင့် နိုင်ငံသားပေးရန် ကုလသမဂ္ဂ၏ တောင်းဆိုမှုကို ကန့်ကွက်သည့် အနေဖြင့်  ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာလူ့အခွင့် အရေးကိုယ်စားလှယ် မစ္စယန်ဟီးလီ စစ်တွေမြို့သို့ ရောက်ရှိလာစဉ် ထောင်ချီရှိသော ဒေသခံပြည်သူများက လမ်းပေါ်ထွက် ကန့်ကွက် ဆန္ဒပြခဲ့ကြသည်။

မစ္စယန်ဟီးလီသည် စစ်တွေမြို့သို့ ဇန်နဝါရီလ ၈ ရက်နေ့၊ ညနေ ၆ နာရီခန့်က လေကြောင်းခရီးဖြင့် ရောက်ရှိ လာရာ ရခိုင်ဒေသခံ ပြည်သူ ၃ဝဝဝ ခန့်က စစ်တွေလေဆိပ် အဝင်ဝ လမ်းဘေးယာ တစ်ဘက်တစ်ချက်မှနေပြီး ကြွေးကြော်သံများ ကြွေးကြော်ပြီး ဆန္ဒပြခဲ့ကြသည်။

DSC02120

“ကျွန်မတို့ရခိုင်တိုင်းရင်းသားတွေကပါ၊ သမ္မတကြီးကပါ မြန်မာနိုင်ငံမှာ ရိုဟင်ဂျာမရှိဘူးလို့ပြောထားတာ ရှိပါတယ်။ ရိုဟင်ဂျာဆိုတာကို ကျွန်မတို့ကတော့ လုံးဝလက်မခံဘူး။ အဲလိုမရှိပါဘူးလို့ပြောဆိုထားတဲ့ အဲဒီအသုံး အနှုန်းကို ယန်ဟီးလီက ထပ်ကာထပ်ကာသုံးနေလို့ ကျွန်မတို့က အခုလို ဆန္ဒပြရတာပါ။ နောက်ပြီး ဟိုတစ်ပတ်က လုပ်ခဲ့တဲ့ ကုလသမဂ္ဂညီလာခံမှာ ဘင်္ဂါလီတွေကို မြန်မာနိုင်ငံသားအဖြစ်အသိအမှတ်ပြုဖို့ ဆိုတာတွေကို ဆုံးဖြတ် ခဲ့ကြတာကို လက်မခံနိုင်လို့ အခုလိုဆန္ဒပြရတာပါ”ဟု ဦးဆောင်ဆန္ဒပြသူ ရခိုင်အမျိုးသမီးကွန်ရက်မှ ဒုတိယ ဥက္ကဋ္ဌ ဒေါ်ကျော့စိန်က နိရဥ္စရာသို့ပြောသည်။

ဆန္ဒပြရာတွင် “ယန်ဟီးလီ ယန်ဟီးလီ နိုးနိုး”၊ “အိုအိုင်စီ နောက်လိုက် Go. Go”၊ “ရခိုင်မြေမှာ ရိုဟင်ဂျာ လုံးဝမရှိ”၊ “ဌာနေတိုင်းရင်းသား အခွင့်အရေး UN ကိုယ်စားလှယ်လေးစားပါ”၊ “ဒေါ်လာစားမ ယန်ဟီးလီ အမှန်တရားကို သိရဲ့လား”၊

“တောင်မြောက်ကိုးရီးယား ပေါင်းဖို့လား ကြိုးစားကြည့်လေ ယန်ဟီးလီ”၊ “အကြမ်း ဖက်သမား အားမပေးနှင့် မှားသွားလိမ့်မည် ယန်ဟီးလီ”၊ “ဘင်္ဂါလီလော်ဘီ ယန်ဟီးလီ Get out” စသည့် ဆိုင်းဘိုးများကို ကိုင်ဆောင် ဆန္ဒပြခဲ့ကြသည်။

အဆိုပါဆန္ဒပြခြင်းကို ဒေသအာဏာပိုင်များ၏တရားဝင်ခွင့်ပြုချက်ဖြင့်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး စစ်တွေရှိ စည်းကမ်း ထိန်းသိမ်းရေး ရဟန်းတော်များအဖွဲ့နှင့် လူမှုအဖွဲ့အစည်းများ ပူးပေါင်းပြုလုပ်ခဲ့ခြင်းလည်းဖြစ်သည်။

DSCN8603

ယန်ဟီးလီကိုကန့်ကွက်ဆန္ဒပြရာတွင်ပါဝင်သူ ရခိုင်တိုင်းရင်းသားတစ်ဦးကလည်း “ဘင်္ဂါလီတွေကို ရိုဟင်ဂျာလို့သတ်မှတ်ပြီ ရခိုင်တွေနဲ့အတူယှဉ်တွဲနေထိုင်ဖို့တောင်းဆိုတာဟာ ရှေးကဖြစ်ခဲ့တဲ့ ဆူပူမှုဖြစ်စဉ်တွေ ကို သာဓကယူစေချင်တယ်လို့ ကျွန်တော်ပြောချင်တယ်။ ဒါ့ကြောင့် ဒီအဓိပ္ပာဆောင်တဲ့စကားကိုပြောတဲ့သူမကို ကျွန်တော်တို့ ပြင်းပြင်းထန်ထန် ကန့်ကွက်တယ်”ဟု ဆိုသည်။

ဆန္ဒပြခြင်းကို ယင်းနေ့ညနေ ရ နာရီခန့်တွင် အပြီးသတ် ရုပ်သိမ်းခဲ့ကြသည်။

မစ္စယန်ဟီးလီသည် ဇန်နဝါရီလ ၉ ရက်နေ့တွင် ပြည်နယ်အစိုးရအဖွဲ့နှင့်တွေ့ဆုံမည်ဖြစ်ပြီး ယင်းနောက် တွင် နှစ်ဘက်လူ့အဖွဲ့အစည်းများ၏ ဒုက္ခသည်စခန်းများသို့သွားရောက်လေ့လာမည်ဟု ကနဦး သတင်းများအရ သိရသည်။

ပြီးခဲ့သည့် ၂ဝ၁၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်နေ့ကပြုလုပ်ခဲ့သည့် (၆၉)ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် မြန်မာနိုင်ငံရှိ ဘင်္ဂါလီများအား မြန်မာနိုင်ငံသားအဖြစ်အသိအမှတ်ပြုပေးရမည်ဖြစ် သည့်အပြင် ဘင်္ဂါလီများအား ရိုဟင်ဂျာဟု ဆက်လက်သုံးစွဲခွင့်ပြုရန်နှင့် ယင်းတို့ကို မြန်မာနိုင်ငံတစ်ဝန်း လွတ် လပ်စွာသွားလာ ခွင့်ပြုရန်စသည့် အချက်တို့ပါဝင်သည့် ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်ခဲ့ကြောင်း သိရသည်။

ကုလသမဂ္ဂ၏ ယင်းသို့ဆုံးဖြတ်ချက်သည် မြန်မာနိုင်ငံ၏အချုပ်အခြာအာဏာကို စွက်ဖက်ထိပါးသည့် အပြင် ရခိုင်ပြည်နယ် နယ်မြေတည်တံ့မှုကို တိုက်ရိုက်ခြိမ်းခြောက်ခြင်းဖြစ်သည်ဟု ရခိုင်တိုင်းရင်းသားများက မှတ်ယူထားသည်။

မစ္စယန်ဟီးလီသည် ၂ဝ၁၄ ခုနှစ်၊ ဇူလိုင်လ ၁၈ ရက်နေ့က ရခိုင်ပြည်နယ်သို့တစ်ကြိမ် ရောက်ရှိခဲ့ဖူး သည့်အတွက် ယခုတစ်ခေါက် သူမ၏ရခိုင်ခရီးစဉ်မှာ ဒုတိယအကြိမ်ဖြစ်သည်။

Most read this week