ရခိုင်ပြည်နယ်နေ့ ထူးချွန်ဆုပေးပွဲတွင် နုတ်မှုစွမ်းရည်ပထမဆုရှင် ဘေးဖယ်ခံခဲ့ရ

ရခိုင်ပြည်နယ်နေ့ ထူးချွန်ဆုပေးပွဲတွင် နုတ်မှုစွမ်းရည်ပထမဆုရှင် ဘေးဖယ်ခံခဲ့ရ
by -
နိရဥ္စရာ

စစ်တွေတွင် ပြုလုပ်ခဲ့သော နှစ် (၄၀) မြောက် ရခိုင်ပြည်နယ်နေ့တွင် အခမ်းအနားတွင် မြို့နယ်ဆု၊ ကျေးရွာဆု၊ အားကစားထူးချွန်ဆု၊ ပညာရေးထူးချွန်ဆုများကို ပေးအပ်ချီးမြှင့်ခဲ့ရာ နုတ်မှုစွမ်းရည် (ကျဘမ်း) ပထမဆုရှင် ကျောင်းသူမှာ ဆုချီးမြှင့် မခံရဘဲ ဘေးဖယ်ခံခဲ့ရသည်ဟု သတင်း ရရှိသည်။

၎င်းကျောင်းသူမှာ ရသေ့တောင်မြို့ အထကမှ သတ္တမတန်းကျောင်းသူ မကြည်စင်လင်းဖြစ်ပြီး သူမမှာ ရခိုင်တစ်ပြည်နယ်လုံး နုတ်မှုစွမ်းရည် (ကျဘမ်း)ပြိုင်ပွဲတွင် ပထမဆုရရှိသူ ဖြစ်ကြောင်း သိရသည်။

U-Mg-NI-U-K-Z-Mg

“ ကျွန်တော်သမီးက ၂၀၁၄ ခုနှစ် စက်တင်ဘာလ ၂၃ ရက်နေ့ ပြုလုပ်တဲ့ ပြည်နယ်အဆင့် နုတ်မှုစွမ်း ရည် ပြိုင်ပွဲမှာ ပထမ ရထားပါတယ်။ ရခိုင်ပြည်နယ်နေ့မှာ ထူးချွန်ကျောင်းသား ကျောင်းသူတွေကို ဆုချီးမြှင့်တော့ ကျွန်တော့သမီးက ဆုမရဘဲ တတိယဆုရတဲ့ ကျောင်းသူ တစ်ဦးကိုဘဲ ခေါ်ယူပြီး ပထမဆုကို ချီးမြှင့်လိုက်တယ်လို့ သိရပါတယ်။ ဖခင်တစ်ယောက်အနေနဲ့ ခုလို အလုပ်ခံရတဲ့ အပေါ်မှာ အထူးထိခိုက်ခံစားရပါတယ်” ဟု မကြည်စင်လင်း၏ ဖခင်က နိရဥ္စရာသို့ ပြောဆိုသည်။

၎င်းကိစ္စနှင့် ပတ်သက်ပြီး ပြိုင်ပွဲကျင်းပရေး ကော်မီတီ ဦးမောင်သာ (လက်ထောက်ညွှန်ကြားရေးမှူး) အား မေးကြည့်ရာတွင်လည်း တတိယ ဆုရသူ တစ်ဦးကို ရခိုင်ပြည်နယ်နေ့ အခမ်းအနားတွင် ပထမဆုချီးမြှင့်လိုက်သည်မှာ ဟုတ်မှန်ကြောင်း ပြောဆိုသည်ဟု ဆိုသည်။

“ ဦးမောင်သာကို ကျွန်တော်က ဆက်သွယ်မေးကြည့်တော့လည်း ဆုချီးမြှင့်လိုက်တယ်ဆိုတာ ဟုတ်မှန်တယ်လို့ ပြောတယ်။ ကျွန်တော်က ဘာကြောင့် ဒီလို လုပ်တာလဲ မေးတော့ သူတို့လည်း အထက်ကို တင်ပြတယ်။ လွဲမှားမှု ရှိနေတယ်ဆိုပြီး တင်ပြတယ်လို့ ပြောပါတယ်။  ဒါပေမယ့် ပြည်နယ်ထွေအုပ်က အခုက မင်းပြားကလာတဲ့ ကျောင်းသူကို ဖိတ်ထားပြီးပြီ။ သူ့ကိုဘဲ ပေးလိုက်ဆိုတာနဲ့ ပေးလိုက်ရတာ ဖြစ်တယ် လို့ ပြောပါတယ်” ဟု သူက ဆိုသည်။

ပထမရသူကို ပထမဆုမပေးဘဲ တတိယ ရသူကို ပထမဆု ပေးသည့် ယခုလုပ်ရပ်မှာ တရားမျှတမှု မရှိဟု ယုံကြည်သဖြင့် ယခုလုပ်ရပ်ကို စိစစ်ဖေါ်ထုတ် ပေးရန် လိုလားသည်ဟု သူက ဆက်ပြောသည်။

နိရဥ္စရာ အနေဖြင့် ရခိုင်ပြည်နယ် ဆုရွှေးချယ်ရေး အဖွဲ့သို့ ဆက်သွယ်မေးမြန်းရန်ကြိုးစားသော်လည်း အဆက်အသွယ် မရရှိသဖြင့် သူတို့၏ သဘောထားကို မေးမြန်းတင်ပြနိုင်ခြင်း မရှိပါ။

Most read this week