လယ်သမားများအတွက် ထောက်ပံ့ပေးသော မြေဆီအိတ် ရ၀၀ သိုလှောင်ခန်းရေထဲပြိုကျ၍ ဆုံးရှံုး

လယ်သမားများအတွက် ထောက်ပံ့ပေးသော မြေဆီအိတ် ရ၀၀ သိုလှောင်ခန်းရေထဲပြိုကျ၍ ဆုံးရှံုး
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်အတွင်းရှိ စိုက်ပျိုးခင်းများ ပျက်စီးခဲ့ရသော လယ်သမားများ အတွက် ပြည်နယ်ဝန်ကြီးချုပ်မှ ထောက်ပံ့သော ဓာတ်မြေသြဇာအိတ် ရ၀၀ မှာ တံတားအထူး (၁၀) ပစ္စည်းသိုလှောင်ရုံ ပြိုကျရာမှ ရေထဲကျပြီး ပျက်စီးသွားကြောင်း သတင်း ရရှိသည်။

ယင်းဓာတ်မြေသြဇာအိတ်များမှာ ဒီဇင်ဘာလ ၁၂ ရက်နေ့ ညနေပိုင်းက စစ်တွေမှ ရသေ့တောင်သို့ ရောက်ရှိ လာပြီး သိုလှောင်ထားရှိရမည့် စိုက်ပျိုးရေး ဂိုဒေါင်သို့ မသယ်ယူဘဲ ရသေ့တောင် သင်္ဘောဆိပ်ကမ်း အနီးရှိ ရေကမ်းစပ်အနီး ယာယီဆောက်လုပ်ထားသော တံတားအထူး (၁၀) ပစ္စည်းသိုလှောင်ရုံတွင် သိမ်းဆည်းရာမှ  ဂိုဒေါင်ပြိုကျပြီး ဆုံးရှံုးသွားခြင်း ဖြစ်ကြောင်း ရသေ့တောင်မှ အစိုးရဝန်ထမ်း တစ်ဦးက ပြောသည်။

Rathidaung

“ အဓိကတော့ဗျာ၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးက စိုက်ပျိုးရေး ဂိုဒေါင်ကို သယ်ရင် ပိုက်ဆံကုန်မယ်။ ဒါကြောင့် တံတားအထူး (၁၀) ပစ္စည်းသိုလှောင်ရုံမှာ အတင်းထားခိုင်းတယ်။ နယ်က လယ်သမားတွေလာရင် တစ်ခါတည်း ထုတ်ပေးလို့ ရအောင်ပေါ့။ သိုလှောင်ရုံက ခိုင်ခိုင်ခန့်ခန့် ဆောက်လုပ်ထားတာ မဟုတ်တော့ ဒီကနေ့ နံနက် ၃ နာရီခန့်မှာ ပြိုကျပြီး ဓာတ်မြေသြဇာအိတ် ရ၀၀ နီးပါးခန့် ဆုံးရှံုးသွားပါတယ်” ဟု သူက ဆိုသည်။

ဓာတ်မြေသြဇာအိတ် ရ၀၀ ထဲမှ အများစုမှာ ပျက်စီးသွားကြောင်း၊ အနည်းစုသာ မပျက်မစီးဘဲပြန်ရကြောင်း၊ မပျက်စီးဘဲ ပြန်ရသောဓာတ်မြေသြဇာအိတ်မှာ  ၅၀ ခန့် ထက်မပိုကြောင်း သူက ဆက်လက် ပြောကြားသည်။

ဓာတ်မြေသြဇာအိတ်များကို စိုက်ပျိုးရေး ဂိုဒေါင်သို့ မပြောင်းရွှေ့ဘဲ ဆိပ်ကမ်းအနီး တံတားအထူး (၁၀) ပစ္စည်းသိုလှောင်ရုံတွင် သိမ်းဆည်းထားခြင်းမှာ အစိုးရမှ ထုတ်ပေးသည့် သယ်ယူခ စရိတ်ကို မသမာနည်းဖြင့် ရယူလို၍ ဖြစ်ကြောင်း၊ သို့အတွက် ယခုလို ဆုံးရှံုးခဲ့ရခြင်း ဖြစ်ကြောင်း ဒေသခံများ၏ အပြောအရ သိရသည်။

ရခိုင်ပြည်နယ် ၀န်ကြီးချုပ်မှ ဆားငံရေများ ၀င်ရောက်ပြီး စပါးစိုက်ခင်းများ ပျက်စီးသွားသော ရသေ့တောင်မြို့နယ်မှ လယ်သမားများ အတွက် ဓာတ်မြေသြဇာအိတ်ပေါင်း (၁၀၀၀) ထောက်ပံ့ ကူညီပေးခဲ့သည်ဟု သိရသည်။

ယခုပျက်စီးသွားသော ဓာတ်မြေသြဇာအိတ် (၇၀၀) တန်ဖိုးမှာ ကျပ်သိန်းပေါင်း (၁၄၀) ဖိုးခန့် ရှိကြောင်း သိရသည်။

၎င်းအပြင် အဆောက်အဦ ပြိုကျသွားသဖြင့် တံတားအထူး (၁၀) ပစ္စည်းသိုလှောင်ရုံတွင် ယင်းအဖွဲ့မှ သိုလှောင်ထားသော တစ်အိတ်လျှင် ကျပ် ရ၀၀၀ တန် ကျောက်မှုန့်အိတ် (၃၅၀) လည်းရေထဲပျက်စီး သွားသည်ဟု သိရသည်။

Most read this week