မြောက်ဦးတွင်ရဲသား ၂ ဦးနှင့် အရပ်သား ၁ ဦးကို ဓားနှင့်ထိုးခဲ့သူကို ရဲက သေနတ်ဖြင့်ပစ်ခတ်ဖမ်းဆီး

မြောက်ဦးတွင်ရဲသား ၂ ဦးနှင့် အရပ်သား ၁ ဦးကို ဓားနှင့်ထိုးခဲ့သူကို ရဲက သေနတ်ဖြင့်ပစ်ခတ်ဖမ်းဆီး
by -
နိရဥ္စရာ

နိုဝင်ဘာလ ၁၈ ရက်နေ့  ညနေပိုင်းက မြောက်ဦးမြို့တွင် ရဲတပ်ဖွဲ့နှစ်ဦးနှင့် အရပ်သားတစ်ဦးတို့ကို ဓားနှင့်ထိုးခဲ့ သူအား ယမန်နေ့က မြောက်ဦးရဲတပ်ဖွဲ့မှ သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ရကြောင်း မြောက်ဦးမြို့ နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးမြင့်သောင်းက အတည်ပြုပြောသည်။

“သူ့ကို နေ့လယ် ၁၂ နာရီ ၄ဝ မိနစ်မှာ မြောက်ဦးမြို့နယ်၊ ညောင်ပင်လှကျေးရွာရဲ့ အနောက် ဘက် ၁ ဖာလုံလောက် အကွာမှာရှိတဲ့တောင်ကြားထဲဲမှာ ဖမ်းမိတာပါ။ သူက ကျွန်တော်တို့ကို ဓားနဲ့ပြန်ခုခံလို့ သေနတ် နှစ်ချက်ပစ်ဖောက်ဖမ်းဆီးခဲ့ရပါတယ်” ဟု ယင်းက နိရဥ္စရာသို့ပြောသည်။

Mrauk-U-Entrace-gate-300x201

အဓိကရုဏ်းနှိမ်နှင်းရေးသုံး ၁၂ ဗို့ ပြောင်းချောသေနတ်ဖြင့် ၂ ချက်ပစ်ခတ်ဖမ်းဆီးခဲ့ရာ အမှု ကျူးလွန်သူ၏ ဝဲဘက်ဒူးခေါင်းတွင် ပေါက်ပြဲဒဏ်ရာတစ်ချက်ရရှိခဲ့ကြောင်းလည်း ရဲမှူးမြင့်သောင်းက ဆိုသည်။

မြောက်ဦးမြို့၊ ရွှေတောင်ရပ်ကွက်နေ ဦးအောင်ကျော်စိန်(၄ဝ နှစ်ဝန်းကျင်)မှာ နိုဝင်ဘာလ ၁၈ ရက်နေ့၊ ညနေ ၃ နာရီခန့်က မြောက်ဦးမြို့၊ ကံလှရပ်ကွက်ရှိ မင်းဘာကြီးလမ်းပေါ်တွင် လမ်းသွားလမ်းလာတစ်ဦး၊ ရဲတပ်ကြပ်ကြီးတစ်ဦးနှင့် နယ်ထိန်းရဲတစ််ဦးတို့ကို အသင့်ပါလာသောဓားဖြင့်ထိုးခဲ့ပြီးနောက် ထွက်ပြေးလွတ် မြောက်သွားခဲ့ခြင်းဖြစ်သည်။

ယင်းနောက်ပိုင်းတွင်မြောက်ဦးရဲတပ်ဖွဲ့မှ ပိတ်စိပ်တိုက် ရှာဖွေရာမှ နောက်ဆုံးတွင် သေနတ်ဖြင့် ပစ်ခတ် ဖမ်းဆီးခဲ့ရခြင်း ဖြစ်သည်။

ဓားထိုးခံရသည့် အရပ်သားအမျိုးသားတွင် ရင်ဘတ်တွင်ထိုးသွင်းဒဏ်ရာတစ်ချက်၊ ရဲတပ် ကြပ်ကြီး တွင် လည်ပင်းနှင့် နောက်ကျောတို့့တွင် ထိုးသွင်းဒဏ်ရာတစ်ချက်စီနှင့် နယ်ထိန်းရဲတွင် ဘယ်ဘက်နို့အုံတို့တွင် ထိုးသွင်းဒဏ်ရာ တစ်ချက်စီအသီးသီးရရှိခဲ့ကြောင်း သိရသည်။

အမှုကျူးလွန်သူကို ယနေ့တွင် မြောက်ဦးမြို့မရဲစခန်းသို့ဖမ်းဆီးခေါ်ဆောင်လာခဲ့ပြီဖြစ်ပြီး ယင်းအား တရားဥပဒေအရ တရားစွဲဲဆိုအရေးယူသွားမည်ဖြစ်ကြောင်း မြောက်ဦးမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

Most read this week