စစ်တွေတွင် လျှပ်စစ်မီးပြတ်မည်

စစ်တွေတွင် လျှပ်စစ်မီးပြတ်မည်
by -
နိရဥ္စရာ

လျှပ်စစ်ပင်မလမ်းကြောင်းများကို ပြုပြင်နေသဖြင့် စစ်တွေတွင် နံနက် ၈ နာရီမှ ညနေ ၆ နာရီအထိ လျှပ်စစ်မီး ပြတ်တောက်မည်ဟု မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးရာဇာအောင်က ထုတ်ဖော်ပြောသည်။

“ ဒီနေ့ကစပြီးတော့ မြို့ရဲ့ပင်မလမ်းကြောင်းကြီးတွေကို ပြင်နေလို့ အဲဒီလမ်းကြောင်းတွေပေါ် ကျရောက်နေတဲ့ ရပ်ကွက်တွေတော့ ပြင်နေစဉ်အတွင်းမှာ မီးပြတ်ပါမယ်” ဟု ယင်းက နိရဥ္စရာသို့ ပြောသည်။

စစ်တွေမြို့ ဆတ်ရိုးကျ ဆိပ်ကမ်း ( ဓါတ်ပုံ- နိရဥ္စရာ)

စစ်တွေတွင် လာမည့်ဒီဇင်ဘာလအတွင်း မဟာဓာတ်အားလိုင်းမှ ဓာတ်အားများဝင်ရောက်လာ ပါက ဓာတ်တိုင် လဲကျခြင်းများ၊ လျှပ်စစ်မီးကြိုးများပြတ်တောက်ခြင်းများဖြစ်ပွားမှုမရှိအောင် ဓာတ်အားလိုင်းများ၊ ဓာတ်ကြိုးများနှင့် ဓာတ်တိုင်များကို ပြီးခဲ့သည့်လမှ စတင်ကာ အသစ်လဲလှယ်ပြင်ဆင်နေကြောင်း သိရသည်။

ယင်းသို့ ရပ်ကွက်အလိုက်ပြင်ဆင်နေရသည့်အတွက် ပြီးခဲ့သည့် အောက်တိုဘာလမှ စတင်ကာ  မြို့တွင်းတွင် နေရာအချို့တွင်  မီးပြတ်တောက်မှုများရှိခဲ့သည်။

မြို့တွင်းရှိ မေယုလမ်းနှင့် ကုန်သည်လမ်းစသည့်လမ်းမကြီးများရှိ ပင်မလျှပ်စစ်လမ်းကြောင်းများကို နိုဝင်ဘာလ ၁၃ ရက်မှ စတင် ပြင်ဆင်နေပြီဖြစ်သည်။

ယခုကဲ့သို့ မီးတာရှည်ပြတ်တောက်သဖြင့် ဒုက္ခတွေ့နေရပုံကို စစ်တွေမြို့၊ မကျည်းမြိုင်ရပ်ကွက်နေ အိမ်ရှင်မတစ်ဦးက “မီးတာရှည်ပြတ်တဲ့ဒုက္ခကိုခံစားရတာ တော်တော်ဆိုးဝါးတယ်။ ဒါပေမယ့်လည်း ပြင်နေတယ်ဆိုတော့ ခွင့်လွတ်သည်းခံရမှာပေါ့ ”ဟု ပြောသည်။

လာမည့် ဒီဇင်ဘာလတွင် ရခိုင်ပြည်နယ်ရှိ မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ စစ်တွေ၊ ရမ်းဗြဲ၊ အမ်း၊ တောင်ကုတ်၊ သံတွဲ၊ ကျောက်ဖြူ၊ မင်းပြားနှင့် မအီမြို့များကို မဟာဓာတ်အားလိုင်းမှ တဆင့် လျှပ်စစ်မီး ၂၄ နာရီဖြန့်ဖြူး ပေးသွားမည် ဖြစ်ကြောင်း အစိုးရက တရားဝင် ကြေညာထားသည်။

“ မီးပြတ်ချိန်နည်းပါးအောင်တော့ ကျွန်တော်တို့အတတ်နိုင်ဆုံးကြိုးစားနေပါတယ်။ ဒီပင်မလမ်း ကြောင်းကြီးတွေ ပြင်ပြီးရင်တော့ မြို့ရဲ့ ပြင်ရမယ့်အပိုင်းတွေ ပြီးသလောက်ရှိသွားပါပြီ။ ဒီဇင်ဘာ ၁၅ ရက် မတိုင်ခင် အပြီး ပြင်ဆင်သွားမှာပါ”ဟု ယင်းက ဆက်ပြောသည်။

ယခုကဲ့သို့မီးပြတ််တောက်မည့်အစီအစဉ်ကို စစ်တွေမြို့တွင် နိုဝင်ဘာလ ၁၂ ရက်မှစတင်ကာ အသံချဲ့စက်ဖြင့် လှည့်လှည် ကျေညာ နေသလို ရပ်ကွက်ရုံးများသို့လည်း အသိပေးအကြောင်းကြားစာ ပေးပို့ထားကြောင်း သိရသည်။

လျှပ်စစ်ပင်မလမ်းကြောင်းများကို ပြုပြင်နေသဖြင့် စစ်တွေတွင် နံနက် ၈ နာရီမှ ညနေ ၆ နာရီအထိ လျှပ်စစ်မီး ပြတ်တောက်မည်ဟု မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးရာဇာ အောင်က ထုတ်ဖော်ပြောသည်။

Most read this week