ငပလီပင်လယ်ကမ်းခြေတွင် ဝန်ကြီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီးစိုးဝင်း၏သမီး အဆောက်အဦ ဆောက် လုပ်မှု ဒေသခံအချို့ကန့်ကွက်

ငပလီပင်လယ်ကမ်းခြေတွင် ဝန်ကြီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီးစိုးဝင်း၏သမီး အဆောက်အဦ ဆောက် လုပ်မှု ဒေသခံအချို့ကန့်ကွက်
by -
နိရဥ္စရာ

သံတွဲ ငပလီ ပင်လယ်ကမ်းခြေတွင် ဝန်ကြီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီးစိုးဝင်း၏သမီးက အဆောက်အဦးတစ်ခု ဆောက်လုပ်ရန် ပြင်ဆင်နေမှုကို နိုဝင်ဘာ ၁၂ ရက်နေ့က ဒေသခံအချို့ သွားရောက် ကန့်ကွက် ခဲ့ကြသည်။

သံတွဲခရိုင်၊ ငပလီမြို့၊ ဇီးဖြူကုန်းရပ်ကွက်အတွင်းရှိ ပင်လယ်ကမ်းခြေပေါ်တွင် ယခင်ဝန်ကြီးချုပ် ဟောင်း ဗိုလ်ချုပ်ကြီးစိုးဝင်း၏ သမီးဖြစ်သူ ဒေါ်သိမ့်သိမ့်စိုးက အမျိုးအမည်မသိရသေးသည့် အဆောက်အဦ တစ်ခုကိုဆောက်လုပ်ရန်အတွက် လုပ်ငန်းစတင်ချိန်တွင် ထိုသို့ ကန့်ကွက်ခံခဲ့ရခြင်း ဖြစ်သည်ဟု  သွားရောက်ကန့်ကွက်ရာတွင်ပါဝင်ခဲ့သူ သံတွဲရခိုင်လူမှုကွန်ရက်မှ ကိုစိန်ချစ်က နိရဥ္စရာသို့ ပြောသည်။

“ ဒီနေ့ နိုဝင်ဘာလ ၁၂ ရက်နေ့ နံနက်ပိုင်းမှ ဆောက်လုပ်ရေးအလုပ်အသမားအချို့နဲ့ ကမ်းခြေမှမြေတွေကို တူးဖေါ်နေကြတာကို တွေ့ရပါတယ်။ သူတို့ တူးဖေါ်နေတဲ့နေရာဟာ အများနဲ့ သက်ဆိုင်နေတဲ့ နေရာဖြစ်တဲ့ အတွက် ဆက်လက်မလုပ်ဆောင်ဖို့ သံတွဲ ဒေသခံ ၂ဝ ခန့်က သွားရောက်ပြီး ကန့်ကွက်ခဲ့ကြပါတယ်” ဟု ဆိုသည်။

အဆိုပါအဆောက်အဦကို ပင်လယ်ကမ်းခြေတွင် ဆောက်လုပ်ရန် စီစဉ်သည်သာမက ကမ်းခြေပေါ်ရှိ ပင်လယ်ထွက်ပေါက်တစ်ခုဖြစ် သော ချောင်းလက်တက်ငယ် ကိုလည်း ပိတ်ဆို့ဆောက်လုပ်ရန်ပြင် ဆင်နေခြင်းဖြစ်သည်ဟု သိရသည်။

“ နောက်ဆက် တွဲဆိုးကျိုးများကို ဒေသခံများ ခံစား လာရနိုင်တဲ့ အတွက် ကန့်ကွက်ခဲ့ကြတာပါ” ဟု သူက ဆက်ပြောသည်။

အများနှင့်သက်ဆိုင်သည့် (Public Area) နေရာတွင် ယင်းကဲ့သို့အဆောက်အဦများ ဆောက်လုပ် လိုက်ခြင်းဖြင့် ကမ္ဘာကျော် သံတွဲ ငပလီ ကမ်းခြေအလှလည်းပျက်စီးသွားမည့်အပြင် သဘာဝပတ်ဝန်းကျင်ကို လည်း ထိခိုက်လာနိုင်သည့် အတွက်လည်း ယခုကဲ့သို့ကန့်ကွက်နေရခြင်းဖြစ်ကြောင်း ကိုစိန်ချစ်က ဆက်ပြောသည်။

“ကမ်းခြေအပြင် အဲဒီချောင်းငယ်လေးထဲကိုလည်း တိုင်တွေထိုးစိုက်နေတာ။ အဲဒီလိုပိတ်ဆို့ ဆောက် လုပ်လိုက်ရင်တော့ မြို့ထဲက ရေစီးတွေဟာ ချောင်းအတိုင်း ပင်လယ်ထဲကိုမဆင်းတော့ဘဲ ဒေသခံတွေအတွက် အများကြီး ဒုက္ခရောက်လာနိုင်တယ်”ဟု သူက ပြောသည်။

ယခုကဲ့သို့ကန့်ကွက်ခဲ့ကြသည့်အတွက် အဆိုပါအဆောက်အဦဆောက်လုပ်နေမှုကို ခေတ္တရပ်နား ထား သော်လည်း အခြေအနေကို စောင့်ကြည့်ရဦးမည်ဖြစ်ကြောင်း ကန့်ကွက်သူများက ဆိုသည်။

ယခုနှစ်အစောပိုင်းက ငပလီကမ်းခြေကို မြို့အဆင့် အစိုးရက တိုးချဲ့ ပြောင်းလဲသတ်မှတ်လိုက်သည့် အတွက် အဆိုပါကမ်းခြေမှာ စီးပွားရေးလုပ်ငန်းရှင်များ၏ အာရုံစိုက်ရာ အဓိကပစ်မှတ်တစ်ခုဖြစ်လာသော်လည်း ဒေသခံ များအတွက်မူ အကျိုးဖြစ်ထွန်းမှု နည်းပါးနေသေးသည်ဟု သိရသည်။

ယခုကဲ့သို့ဖြစ်နေရခြင်းမှာ ယခင်စစ်အစိုးရလက်ထက်က ဒေသတွင်းမှ မတရားသိမ်းဆည်းထားခဲ့ သည့် မြေများနှင့် အဆောက်အဦ များကို ယခုအစိုးရလက်ထက်အထိ တာဝန်ယူဖြေရှင်းမပေးနိုင် သည့်အတွက်ကြောင့် ဖြစ်သည်ဟု ဒေသခံအချို့က မှတ်ချက်ပြုသည်။

“သံတွဲ ငပလီ ပင်လယ်ကမ်းခြေတွေမှာ ဒေသခံတွေပိုင်တဲ့မြေက အရင်က အများကြီးဘဲ။ အခုတော့ မရှိသလောက်ဖြစ်သွားပါပြီ ”ဟု သံတွဲခရိုင် ငပလီမြို့ မှ ကိုနီထွန်းအောင်က ဆိုသည်။

ယခင်ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးစိုးဝင်း၏ သမီးဖြစ်သူ ဒေါ်သိမ့်သိမ့်စိုးကို အဆက်အသွယ်  ရရှိခြင်း မရှိသောကြောင့် သူတို့၏ သဘောထားကို မေးမြန်းခွင့် မရရှိခဲ့ပါ။

Most read this week