၈၈ ရခိုင်မျိုးဆက်လူမှုဖွံ့ဖြိုးရေးအဖွဲ့ရုံး စစ်တွေတွင်ဖွင့်လှစ်

၈၈ ရခိုင်မျိုးဆက်လူမှုဖွံ့ဖြိုးရေးအဖွဲ့ရုံး စစ်တွေတွင်ဖွင့်လှစ်
by -
နိရဥ္စရာ

များမကြာမီက ကျောက်ဖြူမြို့တွင် ဖွဲ့စည်းခဲ့သော  ၈၈ မျိုးဆက်များလူမှုဖွံ့ဖြိုးရေးအဖွဲ့၏ ရုံးခန်းတစ်ခုအား စစ်တွေမြို့တွင် အောက်တိုဘာလ ၂၉ ရက်နေ့က ဖွင့်လှစ်ခဲ့သည်။

ရုံးခန်းပွဲနှင့် အတူ ဆိုင်းဘုတ်တင်ပွဲ အခမ်းအနားကို စစ်တွေမြို့၊ မြို့သူကြီးရပ်ကွက်၊ မောင်ရွှေလုံးလမ်း၊ အမှတ်(၉) နေအိမ်တွင် ကျင်းပပြုလုပ်ရာ ဥက္ကဌ ဖြစ်သူ ဦးသန်းနိုင် အပါအဝင် ၈၈ မျိုးဆက်များလူမှုဖွံ့ဖြိုးရေးအဖွဲ့ ၏ ခေါင်းဆောင်များ၊ ရခိုင် အမျိုးသားပါတီမှ တာဝန်ရှိသူများ၊ ၀ါရင့်နိုင့်ရေးသမားများ၊ အမျိုးသမီးအဖွဲ့ အစည်းမှ ခေါင်းဆောင်များနှင့် ဖိတ်ကြားထား သူများ စုစုပေါင်း (၇၀) နီးပါး တက်ရောက်ခဲ့ကြသည်။

dr-aye-mg1

အခမ်းအနားတွင် ၈၈ ရခိုင်မျိုးဆက်များ လူမှုဖွံ့ဖြိုးရေး အဖွဲ့ ဖြစ်ပေါ်လာပုံနှင့် ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်း ပြောကြား ခဲ့ကြသည်။ ၎င်းအဖွဲ့၏ ဥက္ကဌ ဖြစ်သူ ဦးသန်းနိုင်မှ ရုံးခန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်ကို ယခုလို ပြောဆိုသည်။

“ ရခိုင်လူမျိုးတွေရဲ့ တိုးတက်ရာတိုးတက်ကြောင်းကို လုပ်ကိုင်နိုင်ဖို့ အတွက် စစ်တွေမှာ ရုံးဖွင့်ရတာ ဖြစ်ပါ တယ်။စစ်တွေ အပြင် ကျောက်ဖြူနဲ့ သံတွဲတို့မှာလည်း ရုံးခန်းတွေ ဖွင့်လှစ် ဆောင်ရွက်သွားမှာပါ” ဟု ဆိုသည်။

ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆောင်ရွက်သွားမည်ဖြစ်သလို လတ်တလော လုပ်ငန်းစဉ် အနေဖြင့် စက်မှုဇုံများအတွင်းရှိ ကျေးရွာများကို စစ်တမ်းကောက်ယူခြင်းနှင့် အထက ခွဲရှိရာကျောင်းများ၌ ကွန်ပျူတာသင် တန်းများကို သင်ကြားပို့ချသွားမည်ဟု ၈၈ ရခိုင်မျိုးဆက်များ လူမှုဖွံ့ဖြိုးရေးအဖွဲ့ အတွင်းရေးမှူး ဦးပြည်သိမ်း (ခ) ထွန်းထွန်းက ပြောသည်။

“ပြည်ပမှ ၈၈ မျိုးဆက်များ ပြန်လည်ရောက်ရှိလာပြီး ၈၈ မျိုးဆက်ကွန်ယက်ကို ပထမဖွဲ့စည်းခဲ့ပါတယ်။ တစ်နှစ်ကျော် အချိန်ယူပြီးမှ ၈၈ ရခိုင်မျိုးဆက်များ လူမှုဖွံ့ဖြိုးရေးအဖွဲ့ကို ဖွဲ့စည်းနိုင်ခဲ့ပါတယ်။ ဒီလိုဖွဲ့စည်းပြီး ၆ လအတွင်းမှာ ကျယ်ပြန့်တဲ့အစည်းအဝေးတရပ်ကို ကျင်းပ သွားပါမယ်။ လူငယ်များအတွက် စွမ်းအားမြှင့် တင်ရေး လုပ်ငန်းများကို လုပ်ဆောင်ပြီး လူမှုဖွံ့ဖြိုးရေးလုပ်ငန်းတွေကို လုပ်ဆောင်ရာမှာ ကျွန်တော်တို့ အဖွဲ့အနေနဲ့ အဲဒီလူငယ်တွေနဲ့ ပူးပေါင်းဆောင်ရွက်သွားပါမယ်”ဟု ဆိုသည်။

ယင်းအခမ်းအနားသို့ ရခိုင်အမျိုးသားပါတီမှ ထိပ်ပိုင်းခေါင်းဆောင်များဖြစ်ကြသော ဦးအေးသာအောင်၊ ဥက္ကဌ ဒေါက်တာအေးမောင်၊ ဦးဦးလှစော၊ ဦးဇော်အေးမောင်၊ ဦးဦးလှမြင့်နှင့် အခြားထိပ်ပိုင်းခေါင်းဆောင်များ တက်ရောက်ခဲ့ကြသည်။

ရခိုင်အမျိုးသားပါတီ ဥက္ကဌ ဒေါက်တာအေးမောင်က  ရခိုင်အမျိုးသားအကျိုးစီးပွားအတွက် ၈၈ ရခိုင်မျိုးဆက်များ လူမှုဖွ့ံဖြိုးရေးအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟု ဂတိပြု ပြောကြားခဲ့သည်။

ရခိုင်အမျိုးသမီးကွန်ယက်ဥက္ကဌ ဒေါ်ညိုအေးက  တစ်ယောက်ကို တစ်ယောက် လက်ညှိးထိုး ပြောဆိုနေကြမယ့် အစား ညှိနိုင်းတိုင်ပင် လုပ်ဆောင်ကြမည်ဆိုလျှင် အမျိုးသား ညီညွတ်ရေးကို ရရှိနိုင်ကြောင်း ပြောကြားသည်။

“ အခု အခမ်းအနားကို တက်ရောက်လာသူများထဲမှာ လူတိုင်းဟာ ပုံစံတစ်မျိုးနဲ့ ဖြတ်သန်းလာခဲ့သူတွေချည်း ပါပဲ။ ကျွန်မတို့ဟာ ညီညွတ်ရေးလို့  ပြောရင် ညီညွတ်ရေး လမ်းစဖြစ်တဲ့  တစ်ဖွဲ့က လုပ်ရင် နောက်တစ်ဖွဲ့ ကနေ ၀ိုင်းဝန်းကူညီကြရမယ်။ တစ်ယောက််ကို တစ်ယောက် လက်ညှိုးထိုးပြောနေကြမဲ့အစား အတူထိုင်ပြီး ညှိနှိုင်းပြောဆိုကြမယ်ဆိုရင် ညီညွတ်ရေးကို ရရှိနိုင်ပါတယ်” ဟု ဆိုသည်။

ANP ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးဦးလှစောကလည်း ၂၀၁၅ ရွေးကောက်ပွဲသည် ရခိုင်ပြည်သူများအတွက် အခွင့်အရေးတစ်ခုဖြစ်သလို စိန်ခေါ်မှုတစ်ခုလည်း ဖြစ်ကြောင်းပြောကြားသွားသည်။

ရခိုင်ဝါရင့်နိုင်ငံရေးသမား ဦးဝေစိန်အောင်ကလည်း ၈၈ မျိုးဆက်များ အနေဖြင့် ပြည်သူ့အကျိုးအတွက် ရပ်တည်တိုက်ပွဲဝင်ရန် လိုအပ်ကြောင်း ပြောကြားသည်။

“၈၈ စိတ်ဓါတ်နဲ့ ဆက်လက်ချီတက် တိုက်ပွဲဝင်ရမယ်။ နောက်ထပ် အာဏာရှင်ပေါ်လာရင်လည်း ဆက်လက် တိုက်ရမှာပဲ။ ၈၈ မျိုးဆက်တွေဟာ ဘင်္ဂလားဒေ့ချ်၊ အိန္ဒိယ၊ ထိုင်းနိုင်ငံတို့သို့ အသီးသီးထွက်ခွာ သွားကြပြီးနောက် ပြန်လည် ဆုံစည်းကာ ဆက်လက် တိုက်ပွဲဝင်နေကြပါတယ်။ လူမှုအဖွဲ့အစည်း ဖြစ်ပေမယ့် ၈၈ မျိုးဆက်တွေ အနေနဲ့ ပြည်သူ့ အကျိုးအတွက် ရပ်တည် တိုက်ပွဲဝင်ဖို့ အမြဲတမ်း လိုအပ်နေပါတယ်” ဟု ပြောကြားသွားသည်။

၈၈ ရခိုင်မျိုးဆက်များ လူမှုဖွံ့ဖြိုးရေးအဖွဲ့သည် နိုင်ငံရေးအဖွဲ့အစည်းတစ်ခု မဟုတ်သော်လည်း အမျိုးသားနိုင် ငံရေးတွင် ပူးပေါင်းပါ၀င် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း  အဖွဲ့အတွင်းရေးမှူး ဦးပြည်သိမ်းက ပြောကြားသွား သည်။

Most read this week