၈၂ နိုင်ငံသား ဥပဒေ စိစစ်ရေးနဲ့ပတ်သက်တဲ့ ရခိုင်ပြည်လုံးကျွတ်ဘုံသဘောတူညီချက်တစ်ခု ထုတ်ပြန်မည်

၈၂ နိုင်ငံသား ဥပဒေ စိစစ်ရေးနဲ့ပတ်သက်တဲ့ ရခိုင်ပြည်လုံးကျွတ်ဘုံသဘောတူညီချက်တစ်ခု ထုတ်ပြန်မည်
by -
နိရဥ္စရာ

ရခိုင်ပြည်နယ်တွင် ၁၉၈၂ ခုနှစ်ဥပဒေအတိုင်း ဘင်္ဂလီ အမျိုးသားများအား နိုင်ငံသားဖြစ်ခွင့်ဆောင်ရွက်ရာ တွင် ရခိုင်ပြည်သူ တစ်ရပ်လုံးက လိုချင်သည့် ပြည်လုံးကျွတ် ဘုံသဘောတူညီချက်တစ်ခုကို အောက်တိုဘာလ ၁၉ ရက်နေ့တွင် ထုတ်ပြန်ကြေညာသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါဘုံသဘောတူညီချက်ကို ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ လမ်းမတော်တောင်ရပ်ကွက်ရှိ သမ္မာ သင်္ကပ္ပ ဓမ္မာရုံတွင် အောက်တိုဘာလ ၁၈ ရက်မှ စတင်ပြုလုပ်ခဲ့သည့် “နိုင်ငံသား၊ နိုင်ငံသား ပြုခွင့်ရသူများ ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ အလုပ်ရုံဆွေးနွေးပွဲ” နောက်ဆုံးနေ့ဖြစ်သော အောက်တို ဘာလ ၁၉ ရက်တွင် ထုတ်ပြန် ကြေညာ သွားမည်ဖြစ်ကြောင်း ယင်းအလုပ်ရုံ ဆွေးနွေးပွဲဖြစ်မြောက်ရေးစီစဉ် ဆောင်ရွက်သည့် ရခိုင်အမျိုးသားပါတီမှ တွဲဘက်အထွေထွေအတွင်းရေးမှူး ဦးကျော်ဇောဦးက ပြောသည်။

burmese-id-card-300x195

“ဘုံသဘောညီချက် ဘာဖြစ်လာမယ်ဆိုတာ ကျွန်တော်မသိသေးဘူး။ ဥပမာအားဖြင့် ဘာဖြစ် ဖို့များလဲဆိုတော့ တစ်ချို့ဟာတွေဟာ မြေပုံမှာဘာအားနည်းချက်ရှိခဲ့လဲ၊ အဲဒီ အားနည်းချက်တွေဟာ ဖြစ်သင့်တာလား၊ မဖြစ်သင့်တာလား၊ ဥပဒေနည်းကျလား၊ မကျလား၊ မကျဆိုရင် မကျတဲ့အကြောင်း၊ ကျတယ်ဆိုရင် ကျတဲ့အကြောင်း၊ နောက်ပြီး ဒီဥပဒေနဲ့လုပ်ထုံးလုပ်နည်းတိုင်းမှာ ဘာတွေကို မြို့နယ် အသီးသီးက အဓိက Point တွေ၊ ဘာတွေကို သိသင့်လဲ၊ နောက်ပြီးဘူးသီးတောင်ကလည်း Statement တစ်ခု ထုတ်ထားတာ ရှိပါတယ်။ အဲဒီထဲမှာပါတဲ့ အချက်တွေကိုကော ဘာတွေလုပ်သင့်၊ မလုပ်သင့်၊ ဒါကို တော့ လက်ခံတယ်။ ဒါကိုတော့ လက်မခံဘူးဆိုတာတွေဟာ ဘုံသဘောတူညီချက်ထဲမှာ ပါလာနိုင်ပါ တယ်”ဟု ဦးကျော်ဇောဦးက နိရဥ္စရာသတင်းဌာနသို့ပြောသည်။

နှစ်ရက်ကြာပြုလုပ်နေသည့်အဆိုပါအလုပ်ရုံဆွေးနွေးပွဲကို ရခိုင်ပြည်နယ်မြို့နယ် အသီးသီးမှ ကိုယ်စားလှယ် နှစ်ဦးကျစီဖြင့် ရခိုင်အမျိုးသားပါတီ(ANP)က တာဝန်ယူပြုလုပ်ခြင်းဖြစ်သည်။

ယခုပြုလုပ်နေသည့်အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်လာသည့် ရခိုင်ပြည်နယ်၊ မြို့နယ် အသီးသီးမှ မြို့နယ် ကိုယ်စားလှယ်များက ယခုအလုပ်ရုံဆွေးနွေးပွဲမှထွက်ရှိလာသည့် နောက်ဆုံးရ လာဒ်သည် ၁၉၈၂ ခုနှစ် ဥပဒေ အရ အကောင်အထည်ဖော် ဆောင်ရွက်သည့်အခါ မူတစ်ရပ်အဖြစ် ဖြစ်စေလိုသည့်ဆန္ဒရှိကြောင်း ဆိုကြသည်။

“ ဒီ Workshop ကထွက်လာတဲ့ ဘုံသဘောတူညီချက်ဟာ စေ့စပ်သေချာစွာနဲ့ ၈၂ ဥပဒေနဲ့ အကောင် အထည်ဖော် ဆောင်ရွက်တဲ့နေရာမှာ ဥပဒေအရ မှန်မှန်ကန်ကန်ဆောင်ရွက်နိုင်ဖို့ အတွက် အစိုးရကို တင်ပြနိုင်မယ်ဆိုရင် ကျွန်တော်တို့အနေနဲ့ သဘောတူပါတယ်”ဟု ဘူးသီးတောင်မြို့နယ်မှ တက်ရောက် လာသည့် မြို့နယ်ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းက နိရဥ္စရာသတင်းဌာနသို့ ပြော သည်။

ထွက်ပေါ်လာမည့်အဆိုပါဘုံသဘောတူညီချက်ကို ရခိုင်ပြည်သူလူထုအကြား ထုတ်ပြန်ကြေ ညာပြီးနောက် အစိုးရထံ တင်ပြ၊ မပြဆိုသည်မှာ တက်ရောက်လာသည့် ကိုယ်စားလှယ်များ၏ဆုံးဖြတ် ချက်အပေါ်တွင် မူတည်နေကြောင်း ဦးကျော်ဇောဦးက ဆိုသည်။

ဘင်္ဂါလီများအား ၁၉၈၂ ခုနှစ်နိုင်ငံသားဖြစ်ခွင့်စိစစ်ရာတွင် ဥပဒေနှင့် လုပ်ထုံးလုပ်နည်းများကို လူတိုင်း၊ အထူးသဖြင့် ရခိုင်ပြည်သူတိုင်း အကျွမ်းတဝင် နားလည်ရန်လိုအပ်သည့်အတွက် ယခုအလုပ်ရုံ ဆွေးနွေးပွဲကို ပြုလုပ်ရခြင်းဖြစ်ကြောင်း ရခိုင်အမျိုးသားပါတီ၏ဒုတိယဥက္ကဋ္ဌ ဒေါ်အေးနုစိန်က နိရဥ္စရာ သတင်းဌာနသို့ ရှင်းပြသည်။

ယခုပြုလုပ်နေသည့်အလုပ်ရုံဆွေးနွေးပွဲသို့ ရခိုင်အမျိုးသားပါတီမှ တာဝန်ရှိသူများနှင့် မြို့နယ် အသီးသီးမှ ကိုယ်စားလှယ်များ အပြင် မြေပုံမြို့နယ်ရှှိ ဘင်္ဂါလီများအား နိုင်ငံသားဖြစ်ခွင့်စိစစ်ရာတွင် မြို့ နယ်အဆင့် ပါဝင် ဆောင်ရွက်ခဲ့သူ မြေပုံမြို့မိမြို့ဖများဖြစ်ကြသည့် ဦးမောင်ရေချမ်းနှင့် ဦးဖေညွှန့်တို့ လည်း တက်ရောက် ခဲ့သည်။

“အစိုးရအနေနဲ့ နိုင်ငံတကာမှာပြချင်တဲ့အတွက် ကျွန်တော်တို့မြို့ကို ထိုးကျွေးလို့တာလို့ ထင်တယ်။ ဒါကြောင့် ကျွန်တော်တို့မြို့လို အလိမ်မခံရအောာင်၊ ထိုးကျွေးမခံရအောင် ကျန်တဲ့မြို့ တွေမှာလုပ်မယ်ဆိုရင် အားမနာ ကြပါနဲ့။ စိစစ်ရေးမှာပါတဲ့ အရာရှိကြီးတွေက မှတ်ချက်လေးပဲရေးပေးပါ၊ နိုင်ငံသား ဖြစ်မဖြစ်ကျတော့ ဗဟိုက လုပ်ပေးမှာပါလို့ ပြောလာရင် လုံးဝမယုံပါနဲ့။ ကိုယ်လုပ်စရာရှိတာကိုပဲ ဆက်လုပ်ပါ”ဟု ဦးမောင်ရေချမ်းက သူ၏ နိုင်ငံသား စိစစ်ရေး ဆောင်ရွက်ချက် အတွေ့အကြံုများအ ပေါ်အခြေခံကာ အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက် ကိုယ်စားလှယ်များအား တိုက်တွန်းပြောကြားခဲ့သည်။

ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်ရှိ ဘင်္ဂါလီ ၁ဝဝဝ ကျော်အား အစိုးရက ယခုနှစ်၊ ဇွန်လ ၁၅ ရက်မှ စက်တင်ဘာ ၂ဝ ရက်အထိ ၁၉၈၂ ခုနှစ်နိုင်ငံသား ဖြစ်ခွင့်ဥပဒေနှင့်အညီ နိုင်ငံသားဖြစ်ခွင့်စိစစ်ခဲ့ရာ နိုင်ငံသားဖြစ် သည့်ဘင်္ဂါလီ ၄ဝ ဦးနှင့် နိုင်ငံသား ပြုခွင့်ရသူ ဘင်္ဂါလီ ၁၆၉ ဦးအထိရှိခဲ့သည်။

သို့ရာတွင် မြေပုံမြို့နယ်တွင် ဘင်္ဂါလီ ၄ဝ ဦးအထိ နိုင်ငံသားဖြစ်ခွင့်ရရှိနိုင်သူမရှိဘဲ အများစုမှာ အထောက် အထားမဲ့ တရားမဝင်ခိုးဝင်လာသူများသာဖြစ်သည်ဟု မြေပုံမြို့ခံများက ဆိုသည်။

ယင်းကြောင့် အစိုးရအနေဖြင့် ဥပဒေနှင့်လွဲချော်၍ စိစစ်မှုများပြုလုပ်ခဲ့သည်ဟုဆိုကာ ရခိုင်လူ ထုအနေဖြင့် အစိုးရအပေါ် ဝေဖန်မှုများနှင့် မကျေနပ်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ယခုကဲ့သို့ လစ်ဟင်းမှုများနှင့် ချို့ယွင်းမှုများဖြစ်ပေါ်လာရခြင်းမှာ နိုင်ငံတကာ၏ ဖိအားကြောင့် မဟုတ် ဘဲ နိုင်ငံသားဖြစ်ခွင့် စိစစ်သူများ၏ ဥပဒေပါလုပ်ထုံးလုပ်နည်းနှင့်အညီမဆောင်ရွက်နိုင်ခဲ့သည့် အတွက်ဖြစ်ကြောင်း ရှေ့နေတစ်ဦးလည်းဖြစ်၊ ရခိုင် အမျိုးသားပါတီ၏ ဒုတိယဥက္ကဋ္ဌတစ်ဦးလည်းဖြစ် သူ ဒေါ်အေးနုစိန်က ထောက်ပြသည်။

Most read this week