မြေပုံမြို့နယ်ရှိ အစိုးဝန်ထမ်းများ လစာ ၂ ဆ ခံစားခွင့်ရတော့မည်

မြေပုံမြို့နယ်ရှိ အစိုးဝန်ထမ်းများ လစာ ၂ ဆ ခံစားခွင့်ရတော့မည်
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် မြေပုံမြို့နယ်ကို လူမှုဖွံ့ဖြိုးမှုနိမ့်ကျသည့်ဒေသအဖြစ် ပြည်ထောင်စုအစိုးရမှ သတ်မှတ် လိုက်သည့်အတွက် မြေပုံမြို့နယ်အတွင်း တာဝန်ထမ်းဆောင်နေကြသည့် အစိုးရဝန်ထမ်းများ အနေဖြင့် လစာ (၂) ဆ တိုးမြှင့်ခံစားရတော့မည် ဖြစ်ကြောင်းသိရသည်။

မြေပုံမြို့နယ် ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက ပြည်သူ့လွတ်တော်တွင် မြေပုံမြို့နယ်ကို လူမှုရေးခက်ခဲသည့် ဒေသအဖြစ် သတ်မှတ်ပေးရန် တင်ပြတောင်းဆိုထားခဲ့သည်။ ယင်းနောက်ပိုင်းတွင် လွတ်တော်က ထိုသို့ ဆုံးဖြတ်လိုက်ခြင်း ဖြစ်ကြောင်း မြေပုံမြို့နယ် ပြည်သူ့ လွတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက ပြောသည်။

“ကျွန်တော်က လွတ်တော်အစည်းအဝေးမှာ ကျွန်တော့်တို့ဒေသကို လူမှုရေးခက်ခဲတဲ့ ဒေသအဖြစ် သတ်မှတ်ပေးဖို့ တောင်းဆိုတင်ပြထားတဲ့အတွက် ပြည်နယ်အစိုးရ ၊ ဗဟိုအစိုးရအဆင့်ဆင့်က စီစစ်ပြီး  လူမှုရေးခက်ခဲတဲ့ ဒေသအဖြစ်သတ်မှတ်လိုက်ပါတယ်။ အခုအခါ မြို့နယ်အတွင်းက ၀န်ထမ်းတွေကို လစာ ၂ ဆတိုးပေးဖို့ ဘဏ္ဍာရေးဝန်ကြီးဌာနက ငွေစာရင်းပြုစုနေပြီလို့ မနေ့က လွတ်တော်အစည်း အဝေးမှာ ပြည်ထဲရေး ဒုဝန်ကြီး ဗိုလ်ချုပ်ကျော်ကျော်ထွန်းက လာပြီဖြေကြား သွားပါတယ်” ဟု သူက ပြောသည်။

မြေပုံမြို့နယ်မှာ အမှန်တကယ် လူမှုဖွံ့ဖြိုးမှုနိမ့်ကျနေပြီး ၀န်ထမ်းများမှာ လစာဝင်ငွေနှင့် မလောက်ငှ သည့်အတွက် ယခုကဲ့သို့တင်ပြခဲ့ခြင်းဖြစ်ကြောင်း ဦးဖေသန်းကဆိုသည်။

မြန်မာနိုင်ငံတွင် ကုန်းစျေးမြင့်မားပြီး လမ်းပမ်းဆက်သွယ်ရေးခက်ခဲမှု၊ ၀င်ငွေနိမ့်ကျသည့် ဒေသများကို ပြည်ထောင်စုအစိုးရမှ လူမှုရေးခက်ခဲသည့်ဒေသအဖြစ် မြို့နယ်ပေါင်း ၁၀၀ ကျော်သတ် မှတ်ထားသည်။

ယခုတိုးပေးမည့် ၀န်ထမ်းများအား လစာ ၂ ဆတိုးမြှင့်ခံစားပြုရန် အစိုးရမှ စီစဉ်နေပြီဖြစ်သော် လည်း မည့်သည့်လတွင် စတင်ခံစားရမည်ကို မသိရှိရသေးကြောင်း ဦးဖေသန်းက ခုကဲ့သို့ ဆက်ပြောသည်။

“ ဘယ်လောက်မှ စပေးမယ်ဆိုတာတော့ တိတိကျကျမပြောနိုင်ဘူး။ ဒီကြားထဲမှာပေးချင်လည်း ပေး နိုင်တယ်။ ဒါပေမဲ့ ၂၀၁၅၊ ၂၀၁၆ ဘဏ္ဍာရေးနှစ်မှာတော့သေချာတယ်။ ဘာကြောင့်လည်း ဆိုတော့ အစိုးရလုပ်ထုံး လုပ်နည်းအရ အဆင့်ဆင့်လုပ်ရမယ်၊စိစစ်ရမယ်၊ အတည်ပြုရမယ်ဆိုတော့ ကြာချင် လည်းကြာနိုင်တယ်” ဟုဆိုသည်။

ရခိုင်ပြည်နယ်မှ မောင်တော၊ မာန်အောင်၊ တောင်ပြိုလက်ဝဲမြို့နယ်များကိုု လူမှုရေးဖွံ့ဖြိုး မှုနိမ့်ကျသည့် ဒေသ အဖြစ်သတ်မှတ်ထားပြီး အစိုးရဝန်ထမ်းများကို မူရင်းလစာ ၂ ဆကို အစိုးရက တိုးမြှင့် ခံစားခွင့် ပြုထားသည်။

ယခုအခါ မြေပုံမြို့နယ်ကိုပါ လူမှုဖွံ့ဖြိုးမှုနိမ့်ကျသည့် ဒေသအဖြစ် ပြည်ထောင်စုအစိုးရမှ သတ်မှတ် လိုက်သည့်အတွက် မြို့နယ်အတွင်း တာဝန်ထမ်းဆောင်သည့် ၀န်ထမ်းများမှာ လစာ ၂ ဆတိုးမြှင့် ခံစားခွင့် ရရှိကြတော့မည်ဖြစ်သည်။

Most read this week