ရခိုင်သမိုင်းသုတေသီ ဆရာသျှင်အုန်းအထိမ်းအမှတ် စစ်တွေမြို့တွင် ပြုလုပ်

ရခိုင်သမိုင်းသုတေသီ ဆရာသျှင်အုန်းအထိမ်းအမှတ် စစ်တွေမြို့တွင် ပြုလုပ်
by -
နိရဥ္စရာ

သမိုင်းသုတေသီဆရာသျှင်အုန်းကွယ်လွန်သည့် (၈) မြောက် အထိမ်းအမှတ် အခမ်းအနားကို သာဂီမဏ္ဍိုင် (စာပီဝိုင်း) က ကြီးမှူးပြီး ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင်  စက်တင်ဘာလ ၂၈ ရက်နေ့ ကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနားအား စစ်တွေမြို့ ဂြစ်ဘက်ကျောင်းတွင် မွန်းလွဲတစ်နာရီမှ ညနေ (၄) နာရီထိ ပြုလုပ်ခဲ့သည်။

Shin-Own

အခမ်းအနားသို့ သမိုင်းသုတေသီ ဆရာကြီးဦးမောင်ဗသိန်း၊ သမိုင်းသုတေသီ ဆရာကြီး ဦးအောင်လှသိန်း၊ သမိုင်းသုတေသီ အသျှင်ပညာစာရ၊ ဦးစိန်စောလှ အပါအဝင် စာရေးဆရာများနှင့် ဆရာကြီးကို ချစ်ခင်လေးစားသော တပည့်သားသမီးများနှင့် ဆရာကြီးကို ချစ်မြတ်နိုး တန်ဖိုးထားသူ စုစုပေါင်း ၃၀ ခန့် တက်ရောက်ခဲ့သည်။

ဆရာကြီးဘအုန်း၏ နိုင်ငံရေးခံယူချက်သည် လွတ်လပ်ရေး၊ အမျိုးသားရေး၊ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး ဖြစ်သည်ဟု သူနှင့်အတူ ထောင်ကျဘက်ဖြစ်သည့် ဆရာစိန်စောလှက ဆိုသည်။

“ ဆရာသျှင်အုန်းနဲ့ ထောင်ထဲမှာဆုံပါတယ်။ ဆရာသျှင်အုန်းဟာ မီးသွေးခဲနဲ့ ထောင်နံရံမှာ ကဗျာတွေ ရေးစပ်ပါတယ်။ ဆရာသျှင်အုန်းရဲ့ နိုင်ငံရေးခံယူချက်ကတော့ လွတ်လပ်ရေး၊ ဒီမိုကရေစီရေးနဲ့ လူ့အခွင့် အရေးပဲ ဖြစ်ပါတယ်”ဟု ဆရာစိန်စောလှက ပြောသည်။

ဆရာသျှင်အုန်းသည် ရိုးသားဖြူစင်ပြီး၊ ရောင်ရဲတင့်တိမ်မှုရှိကာ အကျီင်္အဖြူရောင်သက်သက်ကိုသာ ၀တ်ဆင်သူတစ်ယောက်ဖြစ်သည်ဟု သိရသည်။

“ဆရာသျှင်အုန်းဟာ ရိုးသားတယ်၊ ဖြူစင်တယ်၊ ရောင့်ရဲတင့်တိမ်တယ်၊ မာန်မာနမရှိဘူး၊ မောက်မာဝင့်ကြွားမှုလုံးဝမရှိဘူး”ဟု စာရေးဆရာ ဗဂျီးကျော်က အခမ်းအနားတွင် ပြောကြားသည်။

ဆရာကြီးသျှင်အုန်းသည် သမိုင်းသုတေသီ၊ စာရေးဆရာတစ်ယောက်အဖြစ်သာမက စကားပြော ကောင်းသူတစ်ယောက်ဖြစ်ကြောင်းလည်း သမိုင်းသုတေသီအသျှင်ပညာစာရကလည်း ချီးကျူး စကားဆိုသည်။

“ဆရာကြီးစကားပြောကောင်းတဲ့အတွက် ရွှေဆု (၃) ဆု ချီးမြှင့်ခံခဲ့ရပါတယ်။ ကျောက်ဖြူမှာ တစ်ဆု၊ မင်းပြားမှာတစ်ဆု၊ သံတွဲမှာတစ်ဆုဖြစ်ပါတယ်။ စစ်တွေမြို့ကလည်း  ချီးမြှင့်မယ်လို့ သတင်းတွေ ထွက်ခဲ့ပါတယ်။ ဒါပေမဲ့ ချီးမြှင့်ခဲ့တာတော့ မတွေ့ခဲ့ရဘူး။ ဆရာကြီးရဲ့အမွေကို ဆက်ခံနိုင်အောင် ကလေးတွေကို စကားပြောနည်းပညာသင်ပေးပြီး စကားပြောပြိုင်ပွဲတွေ ကျင်းပသင့်ပါတယ်”ဟု အသျှင်ပညာစာရက ပြောသည်။

ဆရာကြီးဦးသျှင်အုန်းသည် ရခိုင်ရိုးရာယဉ်ကျေးမှု မြစ်ဖျားခံရာ အိန္ဒိယ စာပေယဉ်ကျေးမှုများကို လေ့လာ လိုက်စားခဲ့ပြီး၊ ရခိုင်ရိုးရာယဉ်ကျေးမှုများကို ဖေါ်ထုတ်ခဲ့သူတစ်ယောက်ဖြစ်ကြောင်း၊ ဟိန္ဒီ ဘာသာကိုအထူး ကျွမ်းကျင်ပြီး တပည့်သားသမီးများကိုလည်း ဟိန္ဒီဘာသာ စကားကို သင်ကြားပို့ချခဲ့ကြောင်း အခမ်းအနား တက်ရောက်သူများက ပြောသည်။

ဆရာကြီး နိုင်ငံရေးဘက်ကိုလိုက်စားလာသောအခါ ဟိန္ဒီဘာသာစကားကို မေ့ပျောက်လာခဲ့ရသည်ဟု ဆိုသည်။ ဆရာကြီး၏ ဟိန္ဒီဘာသာစကားကို ပြန်လည်အမှတ်ရ လာခြင်းမှ ဗုဒ္ဓဘာသာ ရိုးရာထုံးစံအတိုင်း ထောင်ကျစဉ် တရားထိုင်ရာမှ ငယ်ဆရာများ၏ သင်ကြားမှုအားလုံးကို ပြန်လည် မှတ်မိလာခဲ့သည်ဟု သူ့တပည့်တစ်ဦးက အခမ်းအနားတွင် ပြောကြားသည်။

သမိုင်းသုတေသီ ဆရာသျှင်အုန်းကို ၁၉၃၁-ခုနှစ် မတ်လတွင် အဖဦးမောင်ပျော့၊ အမိဒေါ်မေစိန်တို့ ထံမှ ပုဏ္ဍားကျွန်းမြို့တွင် ဖွားမြင်ခဲ့သည်။ ငယ်နာမည်မှာ ဘအုန်းဖြစ်ပြီး သားသမီးသုံးယောက်ထဲတွင် အကြီးဆုံးဖြစ်သည်။

ပုဏ္ဏားကျွန်းမြို့တွင် အလယ်တန်းအဆင့်ထိ ပညာသင်ကြားခဲ့ပြီး၊ အသက် ၁၅-နှစ်တွင် မြောက်ဦးမြို့ ဗန္ဓုလကျောင်းတိုက်၌ ရှင်ဝတ်ခဲ့သည်။ ဆရာတော်ကြီးထံတွင် ဟိန္ဒီ၊ သက္ကဋ္ဌ၊ ပါဠိဘာသာများကို သင်ယူခဲ့ သည်။ အိန္ဒိယသို့သွားရောက်ပြီး ဗာရာဏသီရှိ ဓရမ္မသျှာလာ ဟိန္ဒူကျောင်း၌ ဟိန္ဒီ၊ သက္ကဋ္ဌ စာပေ များကို လေးနှစ်ခန့်လေ့လာဆည်းပူးခဲ့ကြောင်းသိရသည်။

၁၉၅၈-ခုနှစ်တွင် ဓညစာစောင်၌ အတိုင်ပင်ခံစာတည်းလုပ်ပြီး ယင်းအချိန်မှစ၍ ကဗျာများကို ရေးစပ် ခဲ့သည်ဟု သိရသည်။

ရခိုင်သားများ ကိုယ်ပိုင်ယဉ်ကျေးမှုကို ပြန်ပြီးချစ်မြတ်နိုးတတ်လာအောင် မျိုးချစ်တရားများ ဟောကြားခဲ့သည်။ ရခိုင်စာပေနှင့် သမိုင်းတို့ကို ဦးဦးသာထွန်းနှင့်လက်တွဲလုပ်ဆောင်ရွက်ခဲ့သလို ဦးချန်ထွန်းထံ၌လည်း ယင်းပညာရပ် အများအပြားကို သင်ကြားခဲ့သည်ဟုသိရသည်။

အထိန်းသိမ်းခံဘဝမှ လွတ်မြောက်ကာ ၁၉၇၁-ခုနှစ်မှစပြီး ဟိန္ဒီ၊ သက္ကဋ္ဌ၊ မြန်မာစာများကို ပြခဲ့သည်။ မဆလ အစိုးရခေတ်တွင် ရခိုင်စာစံဖေါ်ထုတ်ရေးအဖွဲ့၊ ရခိုင်ယဉ်ကျေးမှုအဖွဲ့၊ ရခိုင်ပြည်နယ် ဖြစ်စဉ် သမိုင်း ပြုစုရေးအဖွဲ့၊ တိုင်းရင်းသားသမိုင်းကြောင်းဖေါ်ထုတ်ရေးအဖွဲ့၊ မြောက်ဦး လမ်းညွှန် ပြုစုရေး အဖွဲ့၊ ရခိုင်မဂ္ဂဇင်းအဖွဲ့များ၌ ပါ၀င်ပြီး ရခိုင်စာပေ၊ ယဉ်ကျေးမှုဖေါ်ထုတ် ကျယ်ပြန့်လာစေရန် ပါ၀င်လှုပ်ရှားခဲ့သည်။

ဆရာသည် နာမကျန်းဖြစ်ပြီး ၂၀၀၆-ခုနှစ် စက်တင်ဘာလ ၂၉-ရက်နေ့တွင် ကွယ်လွန်ခဲ့သည်။ ဆရာ၏  မှာစကားအတိုင်း ဆရာ၏အရိုးပြာကို ၂၀၀၇-ခုနှစ် ဇန္နဝါရီလတွင် ပုဏ္ဏားကျွန်းချောင်း၌ မျှောလိုက်သည်ဟု သိရသည်။