ရခိုင်ဒေသခံများ ကိုယ့်အစီအစဉ်ဖြင့် ဂျပန်ဦးနှောက်ရောင်ရောဂါကို ကာကွယ်နေကြရ

ရခိုင်ဒေသခံများ ကိုယ့်အစီအစဉ်ဖြင့် ဂျပန်ဦးနှောက်ရောင်ရောဂါကို ကာကွယ်နေကြရ
by -
နိရဥ္စရာ

ကျန်းမာရေးဝန်ကြီးဌာနနှင့် ကမ္ဘာကျန်းမာရေး အဖွဲ့ WHO တို့မှ ရခိုင်ပြည်နယ်အတွင်း ဂျပန် ဦးနှောက်ရောင် ရောဂါကာကွယ်ဆေးများ အခမဲ့ ထိုးပေးမည်ဟု ထုတ်ဖေါ်ပြောကြားထားသော်လည်း လက်တွေ့တွင် အကောင်အထည်ဖေါ် ဆောင်ရွက်ခြင်း မရှိသေးသဖြင့် ဒေသခံများအနေဖြင့် ၎င်းတို့၏ အစီအစဉ်ဖြင့် ကာကွယ်ဆေးများထိုးနေကြရသည်။

ကလေးငယ် အနည်းဆုံး ၁ဝ ဦးထက် မနည်းသေဆုံးမူ မြင့်မားစေခဲ့သော ရခိုင်ပြည်နယ် အတွင်း ဂျပန် ဦးနှောက်ရောင်ရောဂါ ကျယ်ပြန့်မလာစေရေးအတွက် ကာကွယ်ဆေးကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က အခမဲ့ ထိုးပေးမည်ဟု များမကြာမီက သက်ဆိုင်ရာက ထုတ်ဖေါ် ပြောကြားခဲ့သည်။

hospital-bed

သို့သော်လည်း လက်တွေ့တွင် အကောင်အထည်ဖေါ်နိုင်ခြင်း မရှိသေးသဖြင့် ဒေသခံများအနေဖြင့် ပြင်ပဆေးဆိုင်များတွင် စျေးကြီးကြီးဖြင့် ၀ယ်ယူကာ ကာကွယ်ဆေးများ ထိုးနေကြရသည်။

ယင်းသတင်းနှင့် ပတ်သက်ပြီး နိရဥ္စရာမှ ရခိုင်ပြည်နယ်ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာအေးငြိမ်းသို့ ဆက်သွယ်မေးမြန်းရာ သူက ယခုလို တုန့်ပြန် ပြောကြားသည်။

“ကာကွယ်ဆေးကို အပြင်စျေးကွက်တွေမှာ ထိုးနေတာတွေတော့ ကြားသိနေရတယ်ဗျ၊ ကာကွယ်ဆေးက အမျိုးမျိုးရှိပါတယ်။ စျေးကွက်ပေါက်စျေးကတော့ ၈၅၀၀၀ ကျပ်ကနေ ၉၀၀၀၀ ကျပ်အထိ ရှိတယ်လို့ကြားရပါတယ်ခင်ဗျား” ဟု ယင်းက ပြောကြားသည်။

အစိုးရက ဂျပန်ဦးနှောက်ရောင်ရောဂါကာကွယ်ဆေးကို လက်ရှိအချိန်ထိမထိုး ပေးသေးနိုင်ခြင်းမှာ ဆေးများမှာ စျေးကြီးလွန်း၍ဖြစ်ကြောင်း ဒေါက်တာအေးငြိမ်းက ဆက်ပြောသည်။

ယင်းကာကွယ်ဆေးများကို စစ်တွေမြို့ရှိ ရွှေဟင်္သာဆေးဆိုင်နှင့် မင်းပြားမြို့ရှိ လှသင်္ဂီဆေးဆိုင်တို့တွင် ထိုးပေးလျှက်ရှိကြောင်း ရွှေဟင်္သာဆေးခန်းပိုင်ရှင်က ဆိုသည်။

“ဒီဆေးဟာ ကျန်တဲ့ကာကွယ်ဆေးတွေနဲ့စာရင် ကုန်ကျစရိတ်ပိုများပါတယ်။ အဲဒီလိုကုန်ကျရ ခြင်းဟာလဲ အဲဒီကာကွယ်ဆေးကို တခြားဆေးတွေလို ထားလို့မရပါဘူး။ သတ်မှတ်အပူချိန်အတွင်း အအေးခန်းထဲ သိုလှောင်ထားရတဲ့အတွက်ဖြစ်ပါတယ်” ဟု ရွှေဟင်္သာဆေးခန်းပိုင်ရှင်က ဆိုသည်။

ပြင်ပဆိုင်များတွင်လက်ရှိထိုးပေးနေသည့် အဆိုပါဂျပန်ဦးနှောက်ရောင်ရောဂါကာကွယ်ဆေး ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ၏အသိအမှတ်ပြု ခွင့်ပြုချက်ဖြင့် တရုတ်နိုင်ငံက ထုတ်လုပ်နေခြင်း ဖြစ်ပြီး မြန်မာနိုင်ငံသို့ ထိုင်းနိုင်ငံ Biogenetch ကုမ္ပဏီမှ တဆင့် မှာယူ ဖြန့်ဖြူး နေခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ အတွင်း ဆေးဝါးအမျိုးမျိုးဖြန့်ဖြူးပေးနေသည့် ကုမ္ပဏီတစ်ခုဖြစ်သော DKSH ကုမ္ပဏီမှ တာဝန်ရှိသူ ဒေါ်နှင်းအိခိုင်က ရှင်းပြပြောဆိုသည်။

“ဒီနေ့အချိန်အထိ ကမ္ဘာပေါ်မှာ လူပေါင်း သန်း ၅၀၀ ကျော်ကို ဒီဂျပန်ဦးနှောက်ရောင်ကာကွယ်ဆေး ထိုးပြီး ပါပြီ။ ဒီဆေးကို ကျွန်မတို့ ထိုင်းနိုင်ငံကတဆင့် တင်သွင်းဖြန့်ဖြူးပေးပါတယ်”ဟု ယင်းက ဆိုသည်။

ယင်းရောဂါကာကွယ်ဆေးထိုးလိုလျှင် နှစ်ကြိမ်ထိုးရမည်ဖြစ်ပြီး ပထမအကြိမ်နှင့် ဒုတိယ အကြိမ်အကြားတွင် အနည်းဆုံး သုံးလနှင့် အများဆုံး တစ်နှစ်အတွင်း ထိုးရသည်ဟု သိရှိရသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က မြန်မာနိုင်ငံတွင် ဂျပန်ဦးနှောက်ရောင်ရောဂါကာကွယ်ဆေး လာထိုးပေးမည်ဟု အစောပိုင်းကသတင်းများထွက်ပေါ်ခဲ့သော်လည်း အာဖရိကတိုက်တွင် အီဘိုလာ ရောဂါဖြစ်ပွားလာမှုကြောင့် ဂျပန်ဦးနှောက်ရောင်ရောဂါဖြစ်ပွားမှုကို စိတ်ဝင်စားမှုလျှော့သွားကြောင်း ရခိုင်ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအေးငြိမ်းက ဆက်လက် ပြောဆိုသည်။

“မြန်မာနိုင်ငံကျန်းမာရေးဌာနရုံးချုပ်က အဲဒီရောဂါကာကွယ်ဆေးတွေထိုးပေးနိုင်ဖို့ WHO နဲ့ ညှိနိုင်းနေပေမယ့် ဒီနေ့ထက်ထိတော့ ထူးခြားမှု မကြားရသေးဘူး”ဟု ယင်းက ဆိုသည်။

ဂျပန်ဦးနှောက်ရောင်ရောဂါသည် ဗိုင်းရပ်(စ်)ပိုးတစ်မျိုးကြောင့်ဖြစ်ပွားသောရောဂါဖြစ်ပြီး ဗိုင်းရပ်(စ်)ပိုးကူးစက်ခံရပါက ဦးနှောက်ရောင်ရမ်းမှုကို ပြင်းထန်စွာခံစားရကာ အသက်အန္တရာယ် အတွက် အလွန်စိုးရိမ်ရကြောင်း Biogenetech Co., Ltd လက်ကမ်းစာစောင်၌ဖော်ပြသည်။

အဆိုပါရောဂါကူးစက်ခံရလျှင် ၃ဝ ရာခိုင်နှုန်းခန့်သေဆုံးနိုင်ပြီး ကျန် ၃ဝ ရာခိုင်နှုန်းမှာ အသက် ရှင်နိုင်သော်လည်း နောက်ဆက်တွဲအနေဖြင့် ခြေလက်မသန်စွမ်းခြင်း၊ ဉာဏ်ရည်ချို့တဲ့ခြင်း၊ အမြင်၊ အကြားအာရုံချို့တဲ့ခြင်း၊ မကြာခဏတက်ခြင်းစသော နောက်ဆက်တွဲဝေဒနာများကို ရေရှည်ခံစား သွား ရနိုင်သည်ဟု ယင်းလက်ကမ်းစာစောင်၌ ရှင်းပြထားသည်။

ရောဂါဖြစ်စေသော ဗိုင်းရပ်(စ်)ပိုးကို ကြက်၊ ငှက်၊ ၀က်၊ ကျွဲ၊ နွား စသော တိရစ္ဆာန်များမှတဆင့် ကလေးများသို့ ကျူလစ်ခြင် (Culex tritaeniorhynchus) ခြင်ကိုက်ခြင်းမှ တဆင့်ကူးစက်စေနိုင်ပြီး အသက် ၁ နှစ်မှ ၁၅ နှစ်အတွင်း ကလေးငယ်များတွင် ရောဂါကူးစက်မှုအများဆုံးဖြစ်ကြောင်း ဖော်ပြ ပါရှိသည်။

ရခိုင်ပြည်နယ်တွင် ပြီးခဲ့သည့် သြဂုတ်လအတွင်းက အဆိုပါရောဂါဖြစ်ပွားခဲ့မှုကြောင့် ၁၄ နှစ် အောက်ကလေးငယ် ၁ဝ ဦးအထိသေဆုံးမှုရှိခဲ့ပြီး အလားတူ ယခင်နှစ်များအတွင်းကလည်း ရန်ကုန် နှင့်မန္တလေးဘက်တို့တွင် အဆိုပါရောဂါဖြစ်ပွားခဲ့ကြောင်း လေ့လာသိရသည်။

ယင်းရောဂါသည် ၁၈၇၁-ခုနှစ်က ဂျပန်နိုင်ငံတွင် စတင်ဖြစ်ပွားကူးစက်ပြန့်ပွားခဲ့သောကြောင့် ဂျပန်ဦးနှောက်ရောင်ရောဂါဟု အမည်မှည့်ခေါ်ထားခြင်းဖြစ်ပြီး ဂျပန်နိုင်ငံမှတဆင့် အာရှနိုင်ငံများ ဖြစ်သော ကိုးရီးယား၊ တရုတ်၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ မလေးရှား၊ သြစတေလျမြောက်ပိုင်း၊ ပါပူအာန ယူးဂီနီ၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ ထိုင်း၊ မြန်မာ၊ အိန္ဒိယ၊ နီပေါနှင့် ပါကိစ္စတန်နိုင်ငံများတွင် ရောဂါကူးစက်ခံရသူများ အများဆုံးတွေ့ရှိရကြောင်း Biogenetech Co., Ltd လက်ကမ်းစာစောင်၌ ဖေါ်ပြထားသည်။

ဂျပန်ဦးနှောက်ရောင်ရောဂါဖြစ်ပွားမှုကြောင့် ပြီးခဲ့သည့်လက ရခိုင်ပြည်နယ်အတွင်း ကလေး ငယ် ၁ဝ ဦးသေဆုံးခဲ့သော်လည်း ယင်းနောက်ပိုင်း အဆိုပါရောဂါဖြစ်ပွားသည့်လူနာ ရခိုိင််ပြည်နယ် အတွင်း မရှိသေးကြောင်း ရခိုင်ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအေးငြိမ်းက အတည်ပြု ပြောကြားသည်။

အဆိုပါရောဂါဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ်အတွင်းမှ ကျေးရွာများကို ရပ်ကွက်/ကျေးရွာ ကျန်းမာရေးဌာနခွဲများနှင့် မိခင်နှင့်ကလေးကျန်းမာရေးဌာနတို့က အနီးကပ်စောင့်ကြည့်နေပြီး ခြင်သတ်ဆေးများကိုလည်း ဖြန်းပေးနေကြောင််း သူက ပြောဆိုသည်။

Most read this week