ဦးဥတ္တမနေ့ကို ရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးရန် စစ်တွေလူထုနှင့် တက္ကသိုလ်ကျောင်းသားများတောင်းဆို

ဦးဥတ္တမနေ့ကို ရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးရန် စစ်တွေလူထုနှင့် တက္ကသိုလ်ကျောင်းသားများတောင်းဆို
by -
နိရဥ္စရာ

ဆရာတော်ဦးဥတ္တမနေ့ကို ရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးရန် စစ်တွေလူထုနှင့် တက္ကသိုလ်ကျောင်းသူ၊ ကျောင်းသားများက စက်တင်ဘာ ၉ ရက်နေ့က စစ်တွေမြို့ရှိ ဆရာတော်ဦးဥတ္တမပန်းခြံတွင်ပြုလုပ်သည့် ရ၅ နှစ်မြောက် ဆရာတော်ဦးဥတ္တမနေ့အောက်မေ့ဖွယ်စိန်ရတုအခမ်းအနားတွင် တောင်းဆိုလိုက်သည်။

ရုံးပိတ်ရက်အဖြစ်သတ်မှတ်ပေးရေးအချက်အပါအဝင် ဆရာတော်နှင့်ပတ် သက်သည့် အခြားအချက်တစ်ချို့ကို စစ်တွေလူထုနှင့် တက္ကသိုလ်ကျောင်းသူ၊ ကျောင်းသားများက တောင်ဆိုခဲ့ကြရာ ယင်းအထဲတွင် ဆရာတော်ဦးဥတ္တမနေ့ကို ရုံးပိတ်ရက်နှင့် ကျောင်းပိတ်ရက်အဖြစ်သတ်မှတ်ပေးရန်၊ ရန်ကုန်မြို့ရှိ ကန်တော်မင်ပန်းခြံအား ဆရာတော်ဦးဥတ္တမပန်းခြံအဖြစ်ပြန်လည်သတ်မှတ်ပေးရန်နှင့် ဆရာတော် ဦးဥတ္တမ အတ္ထုပ္ပတ္တိကို ပညာရေးကျောင်းသုံးစာအုပ်များတွင် ပြန်လည်သင်ကြားခွင့်ပြုပေးရန်စသည့်အချက်များ ပါ၀င်သည်။

“ဆရာတော်ဦးဥတ္တမဟာ ရခိုင်ပြည်သူတွေအတွက်တောင်မက မြန်မာတစ်နိုင်ငံလုံးအတွက် လွတ်လပ် ရေးမီးရှူးတန်ဆောင်ဖြစ်တဲ့အတွက် ဆရာတော်ဦးဥတ္တမနေ့ကို ဘယ်အချိန်ဘယ်နေရာမှာမဆို ကျွန်တော်တို့ အသက်ခန္ဓာရှိသရွေ့ ဆရာတော်ဦးဥတ္တမနေ့ကိုမမေ့ကြဖို့ ပြောချင်တယ်”ဟု စစ်တွေမြို့၊ ကွန်ပျူတာတက္က သိုလ်မှ ဒုတိယနှစ်ကျောင်းသား ကိုသန်းထွန်းစိုးက ပြောသည်။

မြန်မာနိုင်ငံ၏လွတ်လပ်ရေးကိုမျိုးစေ့ချပေးခဲ့သည့် ဆရာတော်ဦးဥတ္တမပျံလွန်တော်မူသည့်နေ့ကို လက် ရှိတွင် အစိုးရက တရားဝင်ရုံးပိတ်ရက်အဖြစ်သတ်မှတ်ထားခြင်းမရှိသေးသော်လည်း ရခိုင်ပြည်နယ်ရှိ ရခိုင် တိုင်းရင်းသားဌာန ဆိုင်ရာဝန်ထမ်းအများစု စက်တင်ဘာလ ၉ ရက်နေ့တွင် ရုံးတက်ရောက်ခြင်းမပြုခဲ့ကြပေ။

“ရုံးပိတ်ရက်မဟုတ်ပေမယ့် ဒီနေ့တော့ သွားမတက်ဘူး။ ခွင့်လည်းမတိုင်ဘဲ ဒီအခမ်းအနားကို လာ တက်တာ”ဟု စစ်တွေမြို့ရှိ အထက(၇)မှ အထက်တန်းပြကျောင်းဆရာမတစ်ဦးက ပြောသည်။

၁၈၇၉ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်တွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင်မွေးဖွားခဲ့သည့် ရခိုင်တိုင်းရင်း သားတစ်ဦးဖြစ်သူဆရာတော်ဦးဥတ္တမသည် ၁၉၁၁ ခုနှစ်မှစတင်ကာ မြန်မာ့နိုင်ငံရေးလောကသို့ဝင်ရောက် လာခဲ့ပြီးနောက် ၁၉၂၇ ခုနှစ်တွင် ဗြိတိသျှဘုရင်ခံ ဆာရယ်ဂျီနယ်ကရက်ဒေါက်အား “ကရက်ဒေါက် – မင်း မြန်မာပြည်က ထွက်သွား”ဟူသော ရာဇသံကို သူရိယသတင်းစာမှတဆင့်ထည့်သွင်းနှင်ထုတ်ခဲ့သည်။

နယ်ချဲ့အင်္ဂလိပ်အစိုးရ၏ဖိနှိပ်အုပ်ချုပ်ခံဘဝဖြင့် မြန်မာပြည်သူတို့ နယ်ချဲ့အစိုးရကို မော်မကြည့်ဝ့ံ သည့်ထိုအချိန်တွင် ဆရာတော်၏ အဆိုပါစကားတစ်ခွန်းကြောင့်ပင် မြန်မာနိုင်ငံသူ၊ နိုင်ငံသားများ၏ နိုင်ငံ ရေးအသိအမြင်များနိုးထခဲ့ရပြီး တိုင်းရင်းသားအားလုံးစည်းလုံးညီညွတ်စွာဖြင့် နယ်ချဲ့အင်္ဂလိပ်ကို တိုက်ထုတ် ကာ မြန်မာနိုင်ငံ၏လွတ်လပ်ရေးရရှိခဲ့ခြင်းဖြစ်သည်။

သို့သော် မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးသည့်နောက်ပိုင်းတွင် ဆရာတော်ဦးဥတ္တမကို မြန်မာအစုုိးရက အသိအမှတ်မပြုဘဲ လျစ်လျူရှုထားခဲ့ပြီး ရန်ကုန်မြို့ရှိ ဆရာတော်ဦးဥတ္တမပန်းခြံကိုပင် ကန်တော်မင်ပန်းခြံ ဟူ၍ ပြောင်းလဲသတ်မှတ်ကာ ပန်းခြံတွင်းရှိ ဆရာတော့်ရုပ်တုကိုလည်း ဖျောက်ဖျက်ပစ်ခဲ့ကြသည်။

ယင်းအချိန်က ရခိုင်ပြည်အပါအဝင် အနယ်နယ်အရပ်ရပ်ရှိ ဆရာတော်၏ရုပ်တုများအား ရှိခိုးသူ၊ လာ ရောက်ပန်းတင်သူနှင့် ဆီးမီးထွန်းပူဇော်သူများကို ဥပဒေပုဒ်မအမျိုးမျိုးတပ်ကာ ဖမ်းဆီးထောင်ချအပြစ်ပေးခဲ့ ရာ ကျေးဇူးရှင်ကိုကျေးဇူးဆပ်ခွင့်မရခဲ့ကြသည့်အတွက် ရခိုင်တိုင်းရင်းသားများအပါအဝင် မြန်မာပြည်သူများ ယူကြံုးမရဖြစ်ခဲ့ကြသည်။

သို့သော် ယခု စစ်အာဏာရှင်အစိုးရလက်ထက်မှ ဒီမိုကရေစီအစိုးရအဖြစ်ဖော်ဆောင်နေချိန်ကာလ တွင် ဆရာတော်ဦးဥတ္တမ၏ မြန်မာနိုင်ငံအတွက် ကိုယ်ကျိုးစွန့်အနစ်နာခံမှုများစသည့် ဆရာတော်၏ကျေးဇူးတ ရားများကို အစိုးရက အသိအမှတ်ပြုလာသည့်အတွက် ဆရာတော်ဦးဥတ္တမနေ့အောက်မေ့ဖွယ်အခမ်းအနား များကို ရန်ကုန်နှင့် ရခိုင်ပြည်နယ်တစ်ဝန်းတွင် ပွင့်လင်းမြင်သာစွာကျင်းပပြုလုပ်ခွင့်ပေးလာနေပြီဖြစ်သည်။

စစ်တွေတွင် ပြုလုပ်သည့်ဆရာတော်ဦးဥတ္တမနေ့အောက်မေ့ဖွယ်အခမ်းအနားကိုလည်း စစ်တွေလူထု များနှင့်အတူ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကလည်း တတတ်တအား ပါဝင်ကူညီဆောင်ရွက်ပေးသည်ကိုတွေ့ရ သည်။

“ဆရာတော်ပျံလွန်တော်မူတဲ့အချိန်သာကြာခဲ့ပေမယ့် ဆရာတော်ရဲ့ကိုယ်ကျိုးစွန့်၊ ဆောင်ရွက်ချက်၊ ဟောပြောချက်တွေဟာ ဘယ်တော့မှပျောက်ကွယ်သွားမှာမဟုတ်သလို ဆရာတော်ရဲ့ကြီးမားတဲ့ဂုဏ်ကျေးဇူး တွေကိုလည်း ကျွန်တော်တို့အားလုံး ဘယ်တော့မှမမေ့နိုင်သလို မမေ့အပ်ပါဘူး”ဟု ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းက (၇၅) နှစ်မြောက် ဆရာတော်ဦးဥတ္တမနေ့ အောက်မေ့ဖွယ်အခမ်းအနားတွင် ထုတ်ဖော် ပြောကြားခဲ့သည်။

ယခုနှစ်၊ စက်တင်ဘာလ ၉ ရက်နေ့တွင်ကျရောက်သော ရ၅ နှစ်မြောက် ဆရာတော်ဦးဥတ္တမနေ့ အောက်မေ့ဖွယ်အခမ်းအနားကို ရန်ကုန်အပါအဝင် ရခိုင်ပြည်နယ်မြို့နယ်များတွင်လညး် စည်ကားသိုက်မြိုက် စွာပြုလုပ်ခဲ့ကြသည်။

ယင်းအခမ်းအနားများတွင် ဆရာတော်၏ရုပ်တုများကို ပန်းခွေများချခြင်း၊ ဆီးမီးများထွန်းညှိပူဇော်ခြင်း၊ ဆရာတော်နှင့်ပတ်သက်သည့် ဟောပြောပွဲများပြုလုပ်ခြင်း၊ ပညာရေးကျောင်းများတွင် အခြေခံပညာ မူလ တန်း၊ အလယ်တန်းနှင့် အထက်တန်းကျောင်းသူ၊ ကျောင်းသား များ၏ ဆရာတော်နှင့်ပတ်သက်သည့် ပန်းချီ ပြိုင်ပွဲများ၊ စာစီကုံးပြိုင်ပွဲများကိုလည်း ပြုလုပ်ခဲ့ကြသည်။

“ကျွန်တော်တို့ပုဏ္ဏားကျွန်းမှာလည်း ဆရာတော့်အောက်မေ့ဖွယ်အထိမ်းအမှှတ်အဖြစ် အသက် ၂ဝ နှစ်အောက် အခြေခံပညာအဆင့် ကျပန်းစကားပြောပြိုင်ပွဲတွေလုပ်ဖြစ်ပါတယ်။ ဆရာတော်ကို ဂုဏ်ပြုတဲ့ တစ်ခြား အစီအစဉ်တွေလည်းပါပါတယ်။ အားလုံး အောင်အောင်မြင်မြင်နဲ့ ကျင်းပပြီးစီးခဲ့ပါတယ်”ဟု ပုဏ္ဏား ကျွန်းမြို့ခံ ဦးစံရွှေကျော်က ပြောသည်။

ပါဠိ၊ သက္ကတ၊ ဟိန္ဒီ၊ ဘင်္ဂါလီ၊ အင်္ဂလိပ်၊ တိဘက်၊ ပြင်သစ်၊ ဂျပန်နှင့် အိန္ဒိယဘာသာစသည့် ဘာသာ စကား ၉ မျိုးကိုတတ်ကျွမ်းနားလည်သည့် ဆရာတော်ဦးဥတ္တမသည် သက်တော် ၆ဝ၊ ဝါတော် ၄ဝ သို့အ ရောက် ၁၉၃၉ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်နေ့တွင် ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်ရှိ ညောင်တုန်း ဘုန်းတော်ကြီးကျောင်းတွင် ဆီးချိုရောဂါဖြင့် ပျံလွန်တော်မူခဲ့သည်။

Most read this week