ဆရာတော်ဦးဥတ္တမနေ့ စိန်ရတုအခမ်းအနား ရခိုင် အစိုးရ ဦးဆောင်ကျင်းပမည်

ဆရာတော်ဦးဥတ္တမနေ့ စိန်ရတုအခမ်းအနား ရခိုင် အစိုးရ ဦးဆောင်ကျင်းပမည်
by -
နိရဥ္စရာ

၂၀၁၄ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့တွင် ကျရောက်မည့် အာရှလွတ်လပ်ရေး မီးရှူးတန်ဆောင် ဆရာတော် ဦးဥတ္တမ (၇၅) နှစ်မြောက်နေ့ စိန်ရတု အခမ်းအနားအား ရခိုင်ပြည်နယ် အစိုးရမှ ဦးဆောင်ကျင်းပမည်ဟု သတင်း ရရှိသည်။

(၇၅) နှစ်မြောက် ဆရာတော်ဦးဥတ္တမ စိန်ရတုနေ့ အခမ်းအနားကျင်းပရေးအတွက် ရခိုင်ပြည်နယ် အစိုးရမှ ဦးစီးကော်မီတီ တစ်ရပ်ကို ဖွဲ့စည်းထားရာ ယင်းဦးစီးကော်မတီ၏ ဥက္ကဌအဖြစ် ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးထိန်လင်းက တာဝန်ယူ ဆောင်ရွက်သွားမည်ဟု သိရသည်။

DSC-0147

ယင်းအပြင် အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဆပ်ကော်မတီများကိုလည်း အသီးသီး ဖွဲ့စည်းထားသည်ဟု သိရသည်။

ဆရာတော်ဦးဥတ္တမနေ့အခမ်းအနားတွင် ဆရာတော်၏ အောက်မေ့ဖွယ် ပုံရိပ်များ၊ ဂုဏ်ပြု တေးသီချင်းများနှင့် ရခိုင်ပြည်နယ်၏ သဘာဝအလှ ရှုခင်းများကို Power Point Slide Show ဖြင့် ထုတ်လွှင့် ပြသသွားမည် ဖြစ်ပြီး သံဃာတော်များအား ဆွမ်းဆက်ကပ်လှူဒါန်းသွားမည် ဟုလည်း သိရသည်။

အခမ်းအနားအား စစ်တွေမြို့ ဆရာတော် ဦးဥတ္တမ ခန်းမတွင် ကျင်းပသွားမည် ဖြစ်ပြီး ပန်းခြံအတွင်းရှိ ဆရာတော် ရုပ်ထုအား အများပြည်သူများ လာရောက် ကြည်ညို ဂါရဝပြုရန် စနစ်တကျ စီမံဆောင်ရွက် ထားသည်ဟု သိရသည်။

ဆရာတော် ဦးဥတ္တမနေ့ အခမ်းအနားအား အစိုးရမှ ကော်မီတီများ ဖွဲ့စည်းပြီး ဦးဆောင်ကျင်းပရန် စီစဉ်ခြင်းမှာ ယခင်က မရှိခဲ့ဘူးကြောင်း၊ ယခုကျင်းပရန် စီစဉ်လာခြင်းမှာ ရခိုင်ပြည်နယ် အစိုးရအနေဖြင့် ဆရာတော် ဦးဥတ္တမ၏ အခန်းကဏ္ဍကို အသိအမှတ်ပြုရုံသာမက ဆရာတော်ဦးဥတ္တမ၏ အခန်းကဏ္ဍအား မေ့ပျောက် ပစ်ပယ်ထားသော အစိုးရအပေါ် ရခိုင်ပြည်သူများ၏ မကျေနပ်မူကို လျော့ကျသွားစေရန် ရည်ရွယ်ပုံရကြောင်း ရခိုင်နိုင်ငံရေး လေ့လာအကဲခတ်သူ တစ်ဦးက ပြောကြားသည်။

အလားတူ (၇၅) နှစ်မြောက် ဆရာတော် ဦးဥတ္တမနေ့ အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်း သားရေးရာ ၀န်ကြီးဌာနမှ ကြီးမှူးပြီး ရန်ကုန်တွင်ကျင်းပသွားမည် ဖြစ်သလို မြောက်ဦးမြို့ အပါအဝင်တခြား ရခိုင်ပြည်နယ် မြို့ရွာအနှံ့တွင်လည်း အထူးစည်ကားသိုက်မြိုက်စွာ ကျင်းပ ပြုလုပ်သွားမည်ဟု သတင်း ရရှိသည်။

Most read this week