ရခိုင်အမျိုးသားပါတီ မြို့နယ်ကော်မီတီ(၁၅) ခု အောင်မြင်စွာဖွဲ့စည်းပြီး

ရခိုင်အမျိုးသားပါတီ မြို့နယ်ကော်မီတီ(၁၅) ခု အောင်မြင်စွာဖွဲ့စည်းပြီး
by -
နိရဥ္စရာ

ရခိုင်အမျိုးသားပါတီ (ANP) ၏ မြို့နယ်ကော်မီတီများကို မြို့နယ် တစ်ခုချင်းစီအလိုက် ဖွဲ့စည်းနေရာ ယခုအခါ  မြို့နယ် (၁၅) ခုတွင် အောင်မြင်စွာ ဖွဲ့စည်း နိုင်ခဲ့ပြီ ဖြစ်သည်ဟု ပါတီ ဗဟိုကော်မီတီဝင် ဦးစံကျော်လှက ပြောသည်။

ဦးစံကျော်လှက “ ကျောက်ဖြူနဲ့ မင်းပြား မြို့နယ် (၂) ခုဘဲ ကျန်တယ်။ ကျန်တဲ့ မြို့နယ်တွေ အကုန်လုံးမှာ ဖွဲ့စည်းနိုင်ခဲ့ပြီ ဖြစ်ပါတယ်” ဟု ဆိုသည်။

ANP-Mrauk-U

ဖွဲ့စည်းပြီးစီးသွားသော မြို့နယ်များမှာ စစ်တွေ၊ ရသေ့တောင်၊ မောင်တော၊ ဘူးသီးတောင်၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ပေါက်တော၊ မြောက်ဦး၊ မာန်အောင်၊ မြေပုံ၊ ရမ်းဗြဲ၊ တောင်ကုတ်၊ သံတွဲနှင့် ဂွမြို့နယ်တို့ ဖြစ်ကြသည်။

“ဖွဲ့စည်းခဲ့တဲ့ မြို့နယ်တိုင်းမှာ ပြသနာကြီးကြီးကျယ်ကျယ် ဖြစ်တာ မရှိပါဘူး။ အားလုံး အေးအေးဆေးဆေးနဲ့ ပီးဆုံးသွားခဲ့ပါတယ်။ အခု ဖွဲ့စည်းနေတာက ပါတီရဲ့ ချမှတ်ထားတဲ့ အစီအစဉ်အတိုင်း ပထမအကြိမ် ပါတီညီလာခံ မတိုင်မီ မြို့နယ်ကော်မီတီတွေကို ဖွဲ့စည်းနေတာ ဖြစ်ပါတယ်” ဟု သူက ဆိုသည်။

ရခိုင်အမျိုးသားပါတီ၏ ပထမဆုံးအကြိမ် ပါတီ ဗဟိုကော်မီ အစည်းအဝေးကို ယခု လကုန်ပိုင်းတွင် သံတွဲမြို့တွင် ကျင်းပရန် စီစဉ်ထားရာ မြို့နယ် တစ်ခုစီမှ ကိုယ်စားလှယ် (၅) ဦးကျစီ တက်ရောက်ပြီး ပါတီ ဗဟိုကော်မီတီဝင်များအပါအဝင် ဥက္ကဌ၊ ဒုဥက္ကဌ၊ အထွေထွေအတွင်းရေးမှူး စသော ပါတီ ခေါင်းဆောင်များကို ရွေးချယ် တင်မြောက်ကြမည် ဖြစ်သည်။

“ကျွန်တော်တို့ မြို့နယ်မှာတော့ ဘာမှ ပြသနာ မရှိဘူး။ အဆင်ပြေချောမွေ့စွာနဲ့ဘဲ ပြီးဆုံးသွားခဲ့ပါတယ်။ ဗဟိုအလုပ်အမူဆောင် (၂၅) ဦးကို ရွေးချယ် တင်မြောက်ခဲ့ကြပါတယ်” ဟု ပုဏ္ဏားကျွန်းမြို့နယ် ဒု-ဥက္ကဌ အဖြစ် ရွေးချယ်တင်မြောက်ခံရသူ ဦးစံရွှေကျော်က ပြောသည်။

ANP-Maungdaw

မြောက်ဦးမြို့နယ် ကော်မီတီကိုလည်း ကိုယ်စားလှယ်ပေါင်း (၅၈၈) ဦး တက်ရောက်ခဲ့သော မြို့နယ် ညီလာခံမှ စက်တင်ဘာလ ၂ ရက်နေ့တွင် ရွေးချယ် တင်မြောက်နိုင်ခဲ့ပြီး ဦးထွန်းလိူင် (ဥက္ကဌ)၊ ဦးထွန်းသာစိန် (ဒု-ဥက္ကဌ)၊ ဦးမြသာအောင် (ဒု-ဥက္ကဌ ၂)၊ ဦးထွန်းနေဝင်းတို့ကို အတွင်းရေးမှူး အဖြစ် ရွေးချယ်တင်မြောက်ခဲ့သည်ဟု သိရသည်။

ယခုကဲ့သို့ မြို့နယ် ကော်မီတီများကို အောင်မြင်စွာဖွဲ့စည်းနိုင်ခဲ့ပြီး မြို့နယ် တစ်ခုစီတွင် ကိုယ်စားလှယ် (၃၀၀) ကျော်အထိ တက်ရောက်ခဲ့သည့် မြို့နယ် ညီလာခံများကို ပြုလုပ်နိုင်ခဲ့သည်မှာ ရခိုင်အမျိုးသားပါတီကို ရခိုင်ပြည်သူလူထုက မည်မျှ စိတ်ဝင်တစားနှင့် ထောက်ခံမူ ပြုနေသည်ကို တွေ့ရှိရမည် ဖြစ်ပါကြောင်း၊ ထိုသို့ ထောက်ခံမူ၊ ပြည်သူများအကြား စည်းလုံးညီညွှတ်မူတို့ကို မြင်တွေ့ရ၍ အထူးဝမ်းမြောက်ကြောင်း ပါတီ ခေါင်းဆောင် ဦးစံကျော်လှက ဆိုသည်။

Most read this week