အလိုတော်ပြည့်ဆရာတော်ကြီးမှ စစ်တွေထောင်ရှိ အကျဉ်းသား (၁၁၂၆) ဦးအား ထမင်းကျွေးပြီး အလှူဒါနပြု

အလိုတော်ပြည့်ဆရာတော်ကြီးမှ စစ်တွေထောင်ရှိ အကျဉ်းသား (၁၁၂၆) ဦးအား ထမင်းကျွေးပြီး အလှူဒါနပြု
by -
နိရဥ္စရာ

ပြည်တွင်းပြည်ပ သာသနာပြု အလိုတော်ပြည့် ဆရာတော်ကြီးမှ ယနေ့ သြဂုတ်လ ၂၈ရက်နေတွင် စစ်တွေထောင်ထဲရှိ အကျဉ်းသားများအားလုံးကို ထမင်းကျွေးပြီး အလှူဒါနပြုလုပ်ခဲ့ကြောင်း သတင်း ရရှိသည်။

“ ဦဇင်းတို့က ထမင်း၊ ကြက်သား၊ အာလူး၊ သီးစုံဟင်း၊ တို့စရာ၊ ရေသန့်ဗူးနဲ့ ကော်မီမစ်စတဲ့ အစားအသောက်တွေနဲ့ ထောင်သား (၁၁၂၆) ဦးကို ဒီကနေ့ နံနက် သွားရောက်ပြီး အလှူဒါန ပြုလုပ်ခဲ့ပါတယ်” ဟု အလိုပြည့်ကျောင်းတိုက် လက်ထောက်ဆရာတော် ဦးကုမာရ (ခေါ်) ဦးဇင်းဘီလူးက ပြောသည်။

ယင်းအလှူဒါနပြု အခမ်းအနားကို သြဂုတ်လ ၂၈ ရက် ကြာသပတေးနေ့ နံနက် (၉) နာရီတွင် စတင်ခဲ့သည်ဟု ဆိုသည်။

“ အဓိက ရည်ရွယ်တာကတော့ သူတို့ကျူးလွန်ခဲ့ကြတဲ့ ပြစ်မူတွေဟာ ဒေါသ၊ မာန်မာနတွေနဲ့ ဆက်စပ်နေတော့ ဒီလို ပြစ်မူမျိုးတွေကို ရှောင်နိုင်အောင် မေတ္တာစိတ်ထားပေါ့လေ။ အပြစ်ရှာရင် ဒေါသဖြစ်တယ်။ ကျေးဇူရှာရင် မေတ္တာဖြစ်တယ် ဆိုတဲ့ စကားအတိုင်း မေတ္တာတရားတွေကို ပွားများနိုင်ကြအောင် ရည်ရွယ်ပြီး ခုလို အလှူလုပ်ရတာ ဖြစ်ပါတယ်” ဟု ဦးဇင်းက မိန့်ကြားသည်။

အခမ်းအနားတွင် အလိုတော်ပြည့် ဆရာတော်ကြီးမှ ထောင်ထဲအကျဉ်းသားများအားလုံး ကျန်းမာ ချမ်းသာကြစေရန်အတွက် စိတ်ချမ်းသာမူ ကိုယ်ချမ်းသာမူ ရရှိကြစေရန် မေတ္တာပို့ ဆုတောင်းကာ ရေစက်ချ အမျှအတန်းပေးဝေခဲ့သည်ဟု သိရသည်။

ယခု လှူဒါန်းမူအား အလိုတော်ပြည့်ဆရာတော်ကြီးနှင့် ရခိုင်အမျိုးသား လူမူကယ်ဆည်ရေးအဖွဲ့မှ ပူးပေါင်းစီစဉ်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပြီး အခမ်းအနားသို့ ၎င်းအသင်း၏ ဥက္ကဌ ဦးကျော်အေးမောင်၊ ဦးမြင့်မောင်ဌေး၊ ရခိုင်တေးသံရှင် ဦးသန်းဆွေတို့လည်း တက်ရောက်ခဲ့သည်ဟု သိရသည်။

ယခုအလှူအတန်းပြုလုပ်ရာတွင် ပြည်ထဲရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ စစ်တွေအကျဉ်းထောင်မှ တာဝန်ရှိသူများမှ လိုအပ်သည်များကို ကူညီပေးခဲ့ပြီး ထိုသို့ ကူညီမူအတွက် ကျေးးဇူး အထူးတင်ရှိကြောင်း ဦးဇင်းကုမာရက ပြောဆိုသည်။

Most read this week