နယ်စပ်တင်းမာမူကြောင့် ရွှေ့ဆိုင်းခဲ့ရသော မြန်မာ-ဘင်္ဂလာ နိုင်ငံခြားရေးဒုဝန်ကြီးအဆင့်အစည်းအဝေး ယခုလတွင် ကျင်းပမည်

နယ်စပ်တင်းမာမူကြောင့် ရွှေ့ဆိုင်းခဲ့ရသော မြန်မာ-ဘင်္ဂလာ နိုင်ငံခြားရေးဒုဝန်ကြီးအဆင့်အစည်းအဝေး ယခုလတွင် ကျင်းပမည်
by -
နိရဥ္စရာ

လွန်ခဲ့သည့် ဇွန်လ ၁၈ ရက်နေ့က ကျင်းပရန် စီစဉ်ထားပြီးမှ နယ်စပ်တင်းမာမူကြောင့် ရွှေ့ဆိုင်းခဲ့ရသော (၈) ကြိမ်မြောက် မြန်မာ-ဘင်္ဂလာ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးအဆင့် အစည်းအဝေးကို ယခုလတွင် ပြန်ကျင်းပမည်ဖြစ်သည်။

ယင်းသို့ ကျင်းပမည်ဖြစ်ကြောင်းကို ဘင်္ဂလာဒေချ့် နိုင်ငံခြားရေး ၀န်ကြီးဌာနမှ ယမန်နေ့က သတင်း ထုတ်ပြန်သည်။

ထုတ်ပြန်ချက်ထဲတွင် မြန်မာ- ဘင်္ဂလာဒေချ့် နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ ၀န်ကြီးအဆင့် အစည်းအဝေးကို ယခုလ ၃၁ ရက်နေ့တွင် ဘင်္ဂလာဒေ့ချ်နိုင်ငံ မြို့တော် ဒက္ကားတွင် ကျင်းပမည်ဟု ဖေါ်ပြသည်။

အစည်းအဝေးတွင် နှစ်နိုင်ငံလုံခြံုရေးဆိုင်ရာ ကိစ္စရပ်များ အပေါ် အထူးအလေးထား ဆွေးနွေးမည် ဖြစ်ကြောင်း၊ ယင်းပြင် နှစ်နိုင်ငံ စီးပွား- ကုန်သွယ်ရေး မြှင့်တင်ရေးကိစ္စ၊ ဒေသအတွင်း ပူးပေါင်းဆောင်ရွက်မှုနှင့် နယ်စပ်တလျှှေက် နှစ်ဘက်ဆယ်သွယ်မှုများ တိုးမြှင့် ဆောင်ရွက်ရေးကိစ္စရပ်များကိုလည်း ဆွေးနွေး မည်ဖြစ်ကြောင်း သိရသည်။

တစ်ဘက်တွင်လည်း ဘင်္ဂလာဘက်တွင်ရှိနေသည့် မြန်မာမှ ဘင်္ဂလီဒုက္ခသည်များကိစ္စ၊ တရားမဝင် နယ်စပ်ဖြတ်ကျော်ပြီး မူးယစ်ဆေးဝါးရောင်းဝယ်မှု ကိစ္စရပ်များကိုလည်း ဆွေးနွေးကြမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖေါ်ပြသည်။

ယခုကျင်းပမည့် အစည်းအဝေးမှာ လွန်ခဲ့သည့် ဇွန်လ ၁၈ ရက်နေ့က ကျင်းပရန် စီစဉ်ထားသော အစည်းအဝေးဖြစ်ကြောင်း၊ သို့သော်လည်း ဘင်္ဂလား မြန်မာနယ်စပ်တွင် ဘင်္ဂလာနယ်ခြားစောင့် တပ်ဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့သည့်အတွက် တင်းမာမှုများရှိခဲ့သောကြောင့် သြဂတ်စ်လ ၃၁ ရက်နေ့ကို ပြောင်းရွှေ့ကျင်းပခြင်းဖြစ်ကြောင်း ဆိုသည်။

(၇) ကြိမ်မြောက် နိုင်ငံခြားရေး ဒု ၀န်ကြီးအဆင့် အစည်းအဝေးကို လွန်ခဲ့သည့်နှစ် ဧပြီလ ၁၂ ရက်နေ့က မြန်မာနိုင်ငံ နေပြည်တော်တွင် ကျင်းပခဲ့သည်။

ယခု အစည်းအဝေးကို မြန်မာဘက်မှ ဒုတိယနိုင်ငံခြားရေးဝန်ကြီး တစ်ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့နှင့် ဘင်္ဂလာဒေချ့်ဘက်မှ နိုင်ငံခြားရေး အတွင်းဝန်တို့ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့ တက်ရောက်ကြမည် ဖြစ်ကြောင်း သိရသည်။

Most read this week