အီဘိုလာရှိ/ မရှိ မြန်မာနိုင်ငံသားများ တက်ကနက်နယ်စပ်မြို့တွင် စစ်ဆေးခံရ

အီဘိုလာရှိ/ မရှိ မြန်မာနိုင်ငံသားများ တက်ကနက်နယ်စပ်မြို့တွင် စစ်ဆေးခံရ
by -
နိရဥ္စရာ

ဘင်္ဂလာဒေချ့်ကို ၀င်ရောက်လာတဲ့ မြန်မာနိုင်ငံသားတွေကို အီဘိုလာ ဗိုင်းရပ်စ် ရှိ / မရှိ စစ်ဆေးနေသည်ဟု သိရသည်။

မြန်မာနှင့် နယ်စပ်ကုန်သွယ်ရာမှာ အဓိကအချက်အချာကျသည့် ဘင်္ဂလားဒေ့ချ် နိုင်ငံက တက်ကနက်မြို့ ဆိပ်ကမ်းမှာ ယခုလို  မြန်မာဘက်မှ ၀င်လာသများကို အီဘိုလာ (Ebola) ဗိုင်းရပ်စ် ရှိ/ မရှိ စစ်ဆေးသည်ဟု ဘင်္ဂလာက သတင်းများတွင် ဖေါ်ပြသည်။

ခုလို စစ်ဆေးမှုကို သြဂတ်စ်လ ၁၂ ရက်နေ့ ညနေပိုင်းကစပြီး ဆောင်ရွက်နေခြင်းဖြစ်ပြီး ဒေါက်တာ တီတူတာရှေ့် ဦးဆောင်ပြီး အဖွဲ့ဝင် ၃ ဦးပါ၀င်သည့်ကျန်းမာရေးအဖွဲ့ တစ်ခုကနေ စစ်ဆေးနေခြင်း ဖြစ်သည်ဟု ဆိုသည်။

ရာချီရှိတဲ့ မြန်မာနိုင်ငံက ခရီးသွား၊ ကုန်သည်များကို စစ်ဆေးခဲ့သော်လည်း အီဘိုလာနှင့် ဆက်စပ်သည့် ရောဂါ တစ်စုံတစ်ရာ မတွေ့ရဟု ဆိုသည်။

ယခုလို စစ်ဆေးမှုပြုလုပ်ခြင်းသည် မြန်မာနိုင်ငံမောင်တောမြို့မှာ ဦးနှောက် အမြှေးရောင် ရောဂါနှင့် သေဆုံးသူ အများအပြားရှိနေသည်ဟု သတင်းများ ထွက်ပေါ်နေသည့် အတွက် ဖြစ်သည်ဟု  http://bangla.bdnews24.com သတင်းတပုဒ်တွင် ဖေါ်ပြထားသည်။

မြန်မာဘက်မှ ၀င်ရောက်လာသူများကို အီဘိုလာ စစ်ဆေး ခြင်းမပြုဘဲ သူ့နိုင်ငံထဲသို့ ဘင်္ဂလာအာဏာပိုင် များက ၀င်ရောက်ခြင်း မပြုဟု တက်ကနက်ဒေသခံများက ပြောသည်။

ဘင်္ဂလာဒေချ့် ကျန်းမာရေး ၀န်ကြီးဌာနမှလည်း အဆိုပါ ဗိုင်းရပ်စ်ကို စောင့်ကြည့် စစ်ဆေးသည့်  အဖွဲ့တခုကို ပညာရှင်များနှင့် ဖွဲ့စည်းထားပြီး တခြား ကျန်းမာရေးအဖွဲ့အစည်းများနှင့်လည်း ပူးပေါင်းလုပ်ဆောင်နေသည်ဟု သိရသည်။

အီဘိုလာ ဗိုင်းရပ်စ် ကူးစက်ရောဂါကြောင့်  ယခုအခါ ကမ္ဘာတဝန်းတွင် သေဆုံးသူပေါင်း ၁၀၀၀ ကျော်ရှိပြီ ဖြစ်သည်။ အခုအချိန်ထိတော့ အဆိုပါ ဗိုင်းရပ်စ်ကို ကုသနိုင်သည့် ဆေးဝါးမရှိသေးဟု သိရသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကလည်း အီဘိုလာ ဗိုင်းရပ်စ်ပိုးမှာ ကြောက်စရာကောင်းပြီး ပြန့်ပွားမှု လျှင်မြန်နေသည်ဟု သတိပေးမှုထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံ အနောက်ဖက် နယ်စပ် မောင်တောဘက်မှာတော့ ဘင်္ဂလာဒေချ့်ဘက်က ၀င်လာသူများကို ယခုလို အီဘိုလာ ရောဂါ စစ်ဆေးမှုရှိသည်ဟု သတင်းများ မကြားရသေးကြောင်း သိရသည်။

Most read this week