သံတွဲတွင်ရေကြီး၍ ကျောင်းများပိတ်၊ မိသားစု ၂၀ ခန့် ဘေးလွှတ်ရာသို့ ရွှေ့ပြောင်း

သံတွဲတွင်ရေကြီး၍ ကျောင်းများပိတ်၊ မိသားစု ၂၀ ခန့် ဘေးလွှတ်ရာသို့ ရွှေ့ပြောင်း
by -
နိရဥ္စရာ

ရခိုင်ပြည်နယ်သံတွဲတွင် ရေကြီးနေပြီး မြေနိမ့်ပိုင်းရပ်ကွက်အချို့တွင် ဆက်လက် ရေတိုးနေသဖြင့် စာသင်ကျောင်းများအားလုံးကို ယာယီပိတ်ထားလိုက်ကာ မိသားစု (၂၀) ခန့်ကိုလည်း ဘေးလွှတ်ရာသို့ ပြောင်းရွှေ့လိုက်ရသည်ဟု သတင်း ရရှိသည်။

“ ပြောင်းရွှေ့လိုက်ရတဲ့ မိသားစုက ၁၉ စု၊ လူဦးရေအားဖြင့်ဆိုရင် ၈၅ ဦးပါ။ ကယ်ဆယ်ရေး စခန်းဖွင့်ထားတဲ့ ဆံတော်တောင်ဘုရား ဓမ္မာရုံမှာထားပါတယ်။ သူတို့က ညောင်ပင်စျေးရပ်ကွက်ကပါ” ဟု အလွတ် သတင်းထောက် တစ်ဦးဖြစ်သူ ကိုနေဇော်က ပြောသည်။

Thandaw-today

ရေမှာ ဆက်လက်တိုးနေပြီး ရပ်ကွက်များထဲသို့ ရေများဆက်လက် ၀င်ရောက်နေဆဲ ဖြစ်သည်ဟု သိရသည်။

“ မိုးကတော့ နည်းနည်းစဲနေပါတယ်။ ရေကတော့ ဆက်တက်တုန်းပါ။ မြေနိမ့်ပိုင်းရပ်ကွက်တွေမှာ နေထိုင်တဲ့သူတွေက  အထုပ်အပိုးတွေအဆင်သင့်ပြင်ပြီး အခြေအနေကို ကြည့်နေကြပါတယ်” ဟု သူက ဆိုသည်။

သံတွဲတွင် ယမန်နေ့က  မိုးရေချိန်လက်မ ၅.၅၇ ထိ ရွာသွန်းခဲ့ပြီး လက်ရှိ အချိန်တွင် စိုးရိမ်ရေမှတ်မှာ (၅) ပေကျော် ရောက်ရှိနေပြီဟု သိရသည်။

ယခုအခါ စစ်တပ်မှ ကယ်ဆယ်ရေးနှင့် ဒုက္ခသည်များကို ဆေးဝါးအကူအညီပေးရန် ကားတန်းကြီးများဖြင့် ထွက်ခွာလာကြသည်ဟု မျက်မြင်တစ်ဦးက ပြောသည်။

အလားတူတောင်ကုတ်မြို့တွင်လည်း ရေကြီးနေပြီး တောင်ကုတ်စျေးအပါအဝင် မြေနိ်မ့်ရပ်ကွက်များကို ရေနစ်မြုပ်နေကြောင်း တောင်ကုတ်ဒေသခံ တစ်ဦးဖြစ်သူ ဦးခင်လှက ပြောသည်။

Most read this week