မြန်မာရဲတပ်ဖွဲ့ ဗဟိုချူပ်ကိုင်မူ လျှောချရန်နှင့် ခေတ်မီလက်နက်များတပ်ဆင်ရေး ရခိုင်လွှတ်တော်ကိုယ် စားလှယ် တင်ပြဆွေးနွေး

မြန်မာရဲတပ်ဖွဲ့ ဗဟိုချူပ်ကိုင်မူ လျှောချရန်နှင့် ခေတ်မီလက်နက်များတပ်ဆင်ရေး ရခိုင်လွှတ်တော်ကိုယ် စားလှယ် တင်ပြဆွေးနွေး
by -
နိရဥ္စရာ

ဇူလိူင် (၁၆) ရက်နေ့က ပြည်ထောင်စု လွှတ်တော် ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ် ဒုတိယ (၆)လပတ် အမျိုးသား စီမံကိန်း ဆောင်ရွက်မူ အစီရင်ခံစာအေပါ် လေ့လာတွေ့ရှိချက် အစီရင်ခံစာအား ဆွေးနွေးရာတွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ ဗဟိုချုပ်ကိုင်မူ လျှော့ချရန်နှင့် ခေတ်မီ လက်နက်များ ပြောင်းလဲတပ်ဆင်ရန်အတွက် ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက တင်ပြဆွေးနွေးခဲ့သည်ဟု သိရသည်။

“ ကျွန်မတို့ ဒီလ ၁၆ ရက်နေ့က စီမံကိန်းများနဲ့ ဘဏ္ဍာရေးဖွံ့ဖြိုးတိုးတက်မူ ပူးပေါင်းကော်မီနဲ့ ငွေစာရင်းကော် မီတီတို့က (၂) ခုပေါင်းတင်တဲ့ အစီရင်ခံစာကို ပြည်ထောင်စု လွှတ်တော်မှာ ဆွေးနွေးခဲ့ကြပါတယ်။ အဓိက စီမံခန့်ခွဲရေး ကဏ္ဍမှာ ပါရှိတဲ့ တရားဥပဒေစိုးမိုးရေးကို ဆောင်ရွက်ရာမှာ အဓိက ပါ၀င် ဆောင်ရွက်နေတဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့  လုပ်ငန်းတွေ အောင်မြင်အောင် ဆောင်ရွက်နိုင်ရေး အတွက် ဗဟိုချုပ်ကိုင်မူ စနစ်ကို လျှော့ချပြီး ရာထူး အဆင့်အလိုက် လုပ်ပိုင်ခွင့်များကို ချမှတ်ပေးရန် လိုအပ်မည် ဖြစ်ကြောင်း လေ့လာတွေ့ရှိရတယ်လို့ ဖေါ်ပြထားပါတယ်။ ဒီအပေါ်မှာ ဆွေးနွေးကြတာပါ” ဟု ဒေါ်ခင်စောဝေက ဆိုသည်။

ဒေါ်ခင်စောဝေမှ မြန်မာနိုင်ငံရဲတပ်ဖွဲ့တွင် ဗဟိုချုပ်ကိုင်မူနှင့် ခေတ်မီလက်နက်များ မရှိမူက ရဲတပ်ဖွဲ့ဝင်များ လုပ်ငန်းဆောင်ရွက်ရာတွင် နှောင့်နှေးမူများရှိခဲ့ပြီး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ထိရောက်အောင် မဆောင် ရွက်နိုင်ဘဲ ဖြစ်ခဲ့ရကြောင်း ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော သာဓကများကို တင်ပြပြီးဆွေးနွေးခဲ့သည် ဟု ဆိုသည်။

“ မြန်မာနိုင်ငံရဲတပ်ဖွဲ့အတွက် ဗဟိုချုပ်ကိုင်မူနဲ့ ခေတ်မီလက်နက်တွေ၊ ဆက်သွယ်ရေး ကရိယာတွေ၊ သယ်ယူပို့ဆောင်ရေး အမြန်ယာဉ်တွေ လိုအပ်နေတာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ လိုအပ်နေတာ ဖြစ်ပါတယ်။ ဒါပေမယ့် ရခိုင်မှာ ဖြစ်ပွားခဲ့တဲ့ ပြသနာကို တင်ပြပြီး ကျွန်မ ဆွေးနွေးတင်ပြခဲ့တယ်။ ရခိုင်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခမှာ ခရိုင်၊ မြို့နယ်၊ ရဲစခန်းတွေက တာဝန်ရှိသူတွေ အနေနဲ့ ပြည်နယ်ရဲမှူးကြီးဆီက အမိန့်ကို စောင့်ရတယ်။ သူတို့မှာ ဘာမှ လုပ်ပိုင်ခွင့်ပေးမထားတော့ ချက်ချင်း ဖြေရှင်းရမယ့် ပြဿနာတွေကို ချက်ချင်း မဖြေရှင်းနိုင်ခဲ့တဲ့ အတွက် ရဲတပ်ဖွဲ့တွေမှာ နစ်နာမူတွေ ရှိခဲ့သလို ဒေသခံ ရခိုင်တိုင်းရင်းသားတွေ ဘက်မှာ လုံခြံုရေး အကူအညီမရတဲ့ အတွက် နစ်နာမူတွေ ရှိခဲ့ပါတယ်။ ဒီအချက်တွေကို ထောက်ပြပြီး ကျွန်မ က ဆွေးနွေးခဲ့ပါတယ်” ဟု သူမကဆိုသည်။

၎င်းပြင် ရခိုင်ပြည်နယ် မောင်တောမြို့နယ် ဒုချီးရားတန်းတွင် ရဲတပ်ကြပ်ကြီး သတ်ဖြတ်ခံရမူတွင် ရဲတပ်ဖွဲ့ဝင်များ ကိုင်ဆောင်သော သေနတ်များမှာ ခေတ်မမီသလို ဆက်သွယ်ရေး ကရိယာများလည်း မရှိခဲ့သဖြင့် ရဲတပ်ဖွဲ့ဝင်များအနေဖြင့် အထိနာခဲ့ကြရသည်ဟု သူမက ဆိုသည်။

“ အခု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်တွေ ကိုင်ဆောင်နေတဲ့ သေနတ်တွေက ဒုတိယကမ္ဘာစစ်အတွင်း ကိုင်ဆောင်ခဲ့တဲ့ ပွိုင့် (၃၀၃) ရိုင်ဖယ်တွေ၊ ပွိုင့် (၃၁) ခြောက်လုံးပြုးတွေ ဖြစ်တယ်။ ဒီကိုင်ထား သေနတ်တွေကလည်း မပေါက်တာတွေရှိတယ်လို့ သိရပါတယ်။ ဒါကြောင့် ဒီသေနတ်တွေကိုလည်း ခေတ်မီလက်တွေနဲ့ အစားထိုးဖို့ တင်ပြခဲ့တယ်” ဟု ဆိုသည်။

၎င်းနေ့ အစည်းအဝေးသို့  မြန်မာနိုင်ငံ ပြည်ထောင်စု ၀န်ကြီး အမျိုးသားစီမံကိ်န်းနှင့် စီးပွားတိုးတက်ရေး ၀န်ကြီး ဒေါက်တာကံဇော် တက်ရောက်ခဲ့ပြီး ရရှိလာသော ဆွေးနွေးဆုံးဖြတ်ချက်များကို ပြည်ထဲရေး ၀န်ကြီးဌာနသို့ တင်ပြသွားမည်ဟုပြောဆိုခဲ့သည်ဟု သိရသည်။

Most read this week