မြန်မာ-ဘင်္ဂလာဒေချ့် အလံတင်တပ်မှူးအဆင့် အစည်းအဝေး မောင်တောတွင် ပြုလုပ်

မြန်မာ-ဘင်္ဂလာဒေချ့် အလံတင်တပ်မှူးအဆင့် အစည်းအဝေး မောင်တောတွင် ပြုလုပ်
by -
နိရဥ္စရာ

မြန်မာ-ဘင်္ဂလာဒေချ့် တပ်မှူး အဆင့် အလံတင် အစည်းအဝေးကို နယ်စပ်မြို့ မောင်တောတွင် ယနေ့ နံက်နက် ၁၀ နာရီခွဲက စတင်ခဲ့သည်။

နှစ်နိုင်ငံ နယ်စပ်တွင် တင်းမာမှုများဖြစ်ပွားနေချိန်တွင် ကျင်းပသည့် ယနေ့ တပ်မှူး အဆင့် အလံတင် အစည်းအဝေးကို နှစ်ဘက်နိုင်ငံ ပြည်သူများက အထူး စိတ်ဝင်စားနေကြသည်ဟု သိရသည်။

“ ၁၀ နာရီနဲ့ ၃၀ မိနစ် တိတိမှာ စတင်ပါတယ်။ ဘင်္ဂလာဒေချ့်မှ ၂၃ ဦးပါ၀င်ပါတယ်” ဟု မောင်တောမြို့က အစိုးရ အရာရှိ တစ်ဦးက ပြောသည်။

အစည်းအဝေးတွင် ဘင်္ဂလာဘက်မှ အချက် (၅) ခုကို အဓိကထား ဆွေးနွေးမည်ဖြစ်သည်ဟု ဘင်္ဂလာ အရာရှိများက ဆိုသည်။

ဆွေးနွေးမည့်အချက်များမှာ ၁၉၄၇ ခုနှစ် ဂျီနီဗာ ကွန်ဗန်းရှင်း သဘောတူညီချက်အရ နိုင်ငံတကာ နယ်ခြား သဘောတူညီမှုကို မြန်မာဘက်မှ အကြိမ်ကြိမ် ချိုးဖောက်မှု၊ မေလ ၂၈ ရက်နေ့က နယ်ခြား မှတ်တိုင် ၅၂ အနီးတွင် မြန်မာနယ်ခြားစောင့်တပ််မှ ဘင်္ဂလာနယ်ခြားစောင့်တပ်ဖွဲ့ကို ပစ်ခတ်မှုကြောင့် ဘင်္ဂလာ နယ်ခြားစောင့်တပ်မှ အရာရှိငယ်တစ်ဦး သေဆုံးရမှု၊ သေဆုံးသွားသည့်အလောင်းကို မေလ ၃၀ ရက်နေ့တွင် ပြန်ပေးရန် သဘောတူညီခဲ့သော်လည်း ကြန့်ကြာခဲ့မှု၊ စိတ်ကြွ ဆေးပြားအပါအဝင် မူးယစ်ဆေးဝါး လုပ်ငန်းတားဆီးရေးတို့ပါ၀င် ကြောင်း ကော့စ်ဘာဇား အခြေစိုက် CBN သတင်းတွင် ရေးသားထားသည်။

ဆွေးနွေးပွဲတွင် ဘင်္ဂလာနယ်ခြားစောင့်တပ်မှ အရာရှိကြီးများဖြစ်ကြသည့် အမှတ် ၃၁ နတ်ကျောက်ဆိုးရီ တပ်ရင်းမှ ချောဖီးကူလ်ရာ ဟာမာန်၊ အမှတ် ၅၀ ရာမူးအခြေစိုက်တပ်ရင်းမှ တပ်ရင်းမှူး၊  အမှတ် ၁၇ ကော့စ် ဘာဇားတပ်ရင်းမှ ဆိုင်ဖူးလ်အာလာမ်နှင့် အမှတ် ၄၂ တက်နက်အခြေစိုက်တပ်ရင်းမှ အာဘူဇာရ် အာလ်ဇာ ဟီလ်တို့ ဦးဆောင်တက်ရောက်မည်ဖြစ်သည်။

ဆွေးနွေးပွဲသို့ မြန်မာဘက်မှ နယ်စပ်လုံခြံုရေး တပ်ဖွဲ့ အကြီးအကဲ ဗိုလ်မှူးချုပ် တင်ကိုကို ဦးဆောင် တက်ရောက်နေသည်ဟု သိရသည်။ မြန်မာဘက်က တင်ပြမည့် အချက်များကို မသိရှိရသေးပေ။

ယနေ့ဆွေးနွေးပွဲအပြီးတွင် သေဆုံးသွားသည့် ဘင်္ဂလာနယ်ခြားစောင့်တပ်မှ အရာရှိ ကိုင်ဆောင်ခဲ့သည့် သေနတ်နှင့် ကျဉ်အိမ် ၄ ခု၊ ၎င်းကျဉ်ဆန် ၁၂၀ ကို မြန်မာဘက်မှ ပြန်ပေးမည်ဟု ဘင်္ဂလာနယ်ခြားစောင့်တပ်မှ မျှော်လင့်ထားကြောင်း သိရသည်။

ဘင်္ဂလာနယ်ခြားစောင့်တပ်မှ သေဆုံးသွားသည့် မီဇာနူရ်ရာဟာမန် အလောင်းကို လွန်ခဲ့သည့် စနေနေ့ ညနေပိုင်းက မြန်မာဘက်မှ ပေးအပ်ခဲ့ပြီးဖြစ်သော်လည်း သူနှင့်အတူပါသွားသည့် လက်နက်နှင့်ကျဉ်ဆန် များကို မပေးအပ်သေးကြောင်း သိရသည်။

Most read this week