INGO နှင့် NGO များကို စောင့်ကြည့်ရန် စစ်တွေတွင် စောင့်ကြည့်ရေးအဖွဲ့ ဖွဲ့

INGO နှင့် NGO များကို စောင့်ကြည့်ရန် စစ်တွေတွင် စောင့်ကြည့်ရေးအဖွဲ့ ဖွဲ့
by -
နိရဥ္စရာ

ရခိုင်ပြည်နယ်အတွင်းမှ UN INGOs အဖွဲ့များ၏ လုပ်ဆောင်ချက်များအား စောင့်ကြည့်နိုင်ရန် အန်ဂျီအို စောင့်ကြည့်ရေး အဖွဲ့ တစ်ခုကို စစ်တွေမြို့တွင် ယမန်နေ့က ဖွဲ့စည်းလိုက်ကြောင်း သတင်းရရှိသည်။

ယမန်နေ့ နေ့လည်(၁) နာရီမှ ညနေ(၃)နာရီအထိ စစ်တွေမြို့ စစ်ကဲတော်မင်းကျောင်းတိုက်တွင် ပြုလုပ်ခဲ့သော အဖွဲ့အစည်း (၄၀) မှ ကိုယ်စားလှယ်ပေါင်း ၆၀ ခန့် တက်ရောက်ခဲ့သည့် အစည်းအဝေးမှ ယင်းအဖွဲ့အစည်းကို ဖွဲ့စည်းလိုက်ခြင်း ဖြစ်သည်။

INGO and NGO

တက်ရောက်ခဲ့သည့် အဖွဲ့အစည်းများတွင် သာရေးနာရေးအဖွဲ့အစည်းများ၊ ရခိုင်သဟာယအသင်း၊ သွေးအလှူရှင်အသင်း၊ ရခိုင်စည်တော်အဖွဲ့များ ပါ၀င်သည်။

ယူအန် အပါအဝင် အိုင်အန်ဂျီအိုများ စောင့်ကြည့်ရေးအဖွဲ့  ဖွဲ့စည်းခြင်းနှင့်ပတ်သက်၍ အစည်းအဝေးကို ကိုယ်တိုင်တက်ရောက်ခဲ့သူ စစ်တွေလူမှုကွန်ရက်မှ ကိုသူရိန်က နိရဥ္စရာသို့ ယခုလိုပြောသည်။

“ဒီနေ့ စစ်တွေ အဖွဲ့ကို အဖွဲ့ဝင် (၂၂) ယောက်နဲ့ ဖွဲ့ပါတယ်။ ကျောက်ဖြူညီလာခံကတည်းက ဒီအဖွဲ့  ဖြစ်မြောက်ရေး ကွန်ရက် ဖွဲ့စည်းထားပြီးသားပါ” ဟုဆိုသည်။

ရှေ့ဆက်မည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍လည်း သူက ဤသို့ ဆက်ပြောသည်။

“ကျွန်တော်တို့အဖွဲ့ဟာပြည်သူထဲက လူမှုအဖွဲ့အစည်းတွေစုပေါင်းပြီးဖွဲ့ထားတာဖြစ်တယ်။ လောလောဆယ် တော့ ကျွန်တော်တို့က အရေးပေါ် ပူးပေါင်း ဆောင်ရွက်ရေး (ECC)  ကိုရော အစိုးရနဲ့ရော ဆက်သွယ်သွားမှာပါ။ ခေါင်းဆောင်မူနဲ့ပတ်သက်တာတွေ၊ ရှေ့ဆက်မယ့် လုပ်ငန်းစဉ်ရည်ရွယ်ချက်တွေကို လာမယ့် မေလ(၂၇) ရက်နေ့ အစည်းအဝေးမှာ အကြမ်းအားဖြင့် ဆုံးဖြတ်သွားမယ်။ ဆုံးဖြတ်ချက်ရလာရင် ကျွန်တော်တို့ ပြည်သူတွေကို အသိပေးမယ်၊ အစိုးရကို အသိပေးမယ်။ UN အဖွဲ့အစည်းတွေ INGOs တွေကို အသိပေးမှာပါ။ စစ်တွေတစ်ခုတည်း မဟုတ်ဘဲ ရခိုင်ပြည်နယ် မြို့နယ်အားလုံးမှာ NGO INGO တွေမရှိတဲ့ မာန်အောင်လို မြို့တွေမှာပါ ဖွဲ့စည်းသွားမယ်။ ဖွဲ့ပြီးရင် ကွန်ရက်စနစ်နဲ့ တစ်မြို့နဲ့ တစ်မြို့ကူညီပြီး လုပ်ဆောင်သွားမှာပါ”  ဟုပြောသည်။

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် မတ်လ ၂၆ ရက်နှင့် ၂၇ ရက်များ၌ အန်ဂျီအိုနှင့် အိုင်အန်ဂျီအို များနှင့် ဒေသခံတို့ အကြား ပြဿနာများ ဖြစ်ပေါ်ခဲ့ရာ ရခိုင်လူမျိုး(၁၂)ဦး ဖမ်းဆီးခံခဲ့ရပြီး ဖမ်းဆီးခံရသူ ဦးမောင်သိန်းမှာ ထိန်းသိမ်း ခံထားရစဉ် သေဆုံးခဲ့ရသည်။

ထို့သို့သော ပြဿနာများကြောင့်ပြီးခဲ့သောကျောက်ဖြူညီလာခံကာလအတွင်းအစည်းအဝေးတစ်ခုကိုပြုလုပ်ကာ အန်ဂျီအိုနှင့် အိုင်အန်ဂျီအိုများအား စောင့်ကြည့်မည့်ကော်မတီတစ်ခုကို ရခိုင်တစ်ပြည်နယ်လုံး အတိုင်းအတာဖြင့် ဖွဲ့စည်းရန် ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်။

Most read this week