ရမ်းဗြဲတွင် ကန်များခမ်းခြောက်ပြီး ရေအခက်ခဲရင်ဆိုင်နေရ

ရမ်းဗြဲတွင် ကန်များခမ်းခြောက်ပြီး ရေအခက်ခဲရင်ဆိုင်နေရ
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် ရမ်းဗြဲမြို့တွင် ကန်များ ခမ်းခြောက်ပြီး ရေရှားပါးနေသဖြင့် မြို့နေလူထုများ အခက်ခဲရင်ဆိုင် နေရကြောင်းသိရသည်။

ရမ်းဗြဲမြို့တွင် ရေရှား၍ ဒုက္ခရောက်ရကြောင်း ရမ်းဗြဲတောင်ကျောင်း အနီးရှိ ဥက္ကလာပ ကျေးရွာမှ ရေခပ်ရန် သွားသော အမျိုးသမီးကြီးက နိရဥ္စရာသို့  ပြောသည်။

ရမ်းဗြဲတောင်ကျောင်းကန်တွင် ရေလုနေကြရသူများ (ဓါတ်ပုံ- နိရဥ္စရာ)

“ကျွန်မတို့ရွာမှာ ရှိတဲ့ ရေကန်က ရေခမ်းသွားပါပြီ။ သုံးရေကို ဒီကနေ ၁၅ မိနစ်ခန့် ဝေးတဲ့ အခြားနေရာက သွားခပ်နေရပါတယ်။ သောက်သုံးရေကိုတော့ တစ်မိုင်ခန့်ဝေးတဲ့ စိမ့်ရေကို သွားခပ်ရပါတယ်။ သွားခပ်တဲ့ အခါလည်း ရေမထွက်တဲ့ အတွက် ဖလားနဲ့ ကဲ့ပြီး ခပ်ယူုရပါတယ်” ဟု သူမက ပြောကြားသည်။

ဥက္ကလာပ ရပ်ကွက်တွင် ခမ်းနေသော ရေကန်အား တူးဖေါ်နေရာ ရပ်သူ ရွာသားများမှာ ဆင်းရဲလွန်းသဖြင့် ငွေတစ်ထောင်ကို ထည့်နိုင်သူပင် မရှိကြောင်း ကန်ကို ဆက်လက် တူးဖေါ်ရန် အခက်အခဲရှိနေကြောင်း ရပ်ကွက် လူကြီး တစ်ဦးက ပြောသည်။

ရမ်းဗြဲမြို့တွင် ရေရှားနေသည်မှာ ရပ်ကွက်တိုင်းလိုလို ဖြစ်ကြောင်း၊ နောက် ၁၅ ရက်ခန့် မိုးမရွာပါလူများ အနေဖြင့် အထူး ဒုက္ခရောက်နိုင်ကြောင်း ရမ်းဗြဲတောင်ကျောင်း ဆရာတော်က ဦးဣဝံသက မိန့်ကြားသည်။

“ ရမ်းဗြဲမှာ ရေရှားတာက နှစ်တိုင်းလိုလိုပါဘဲ။ အခု  လူတွေ အသုံးများတဲ့ တောင်ကျောင်းကန်က ရေခမ်းသွားပြီ။ ဟိုတစ်နေ့က မိုးတပြိုက်နှစ်ရွာတဲ့ အတွက် ရွံ့နွံတွေနဲ့ နောက်နေတဲ့ ရေတွေကို လူတွေက သုံးနေရတယ်။ ကျန်းမာရေးကို ထိခိုက်နိုင်တယ်။ ဒါပေမယ့် ရေမရှိတော့ ရှိတဲ့ရွံ့ရေကို  ခပ်သုံးနေကြရပါတယ်” ဟု ဆိုသည်။

မိုးခေါင်ရေရှား အညာဒေသတွင်ပင် ရေမရှားဘဲ နှစ်စဉ် မိုးရေချိန်လက်မ ၁၀၀ ကျော်ထိ ရွာသွန်းသော ရခိုင်ပြည်နယ်မှ ဒေသအချို့တွင် ရေရှားနေမူအပေါ် များစွာ စိတ်မကောင်း ဖြစ်ရကြောင်း ဆရာတော်က ဆက်လက် မိန့်ကြားသည်။

“ ဦးဇင်းတို့ ရုပ်မြင်သံကြားမှ ခဏ ခဏ ကြည့်နေရတယ်။ အရင်က ပူလောင်ခြောက်သွေ့ပြီး ရေအလွန်ရှား ပါတဲ့ အညာဒေသတွေမှာ ရေတွေကို တူးဖေါ်နေကြတာ။ ရေတွေ တဘွင်းဘွင်းနဲ့ ထွက်နေတာကို တွေ့ရတော့ အထူုး စိတ်ချမ်းသာမိပါတယ်။ တို့ရခိုင်ဒေသမှာ ရေရှားပါးပြီး လူတွေ ဒုက္ခရောက်နေကြရတာကို မြင်တွေ့ရ တော့ အထူးစိတ်မကောင်း ဖြစ်မိပါတယ်။ ဒါကြောင့် နိုင်ငံတော် သမ္မတ အပါအဝင် အထက်လူကြီးတွေအနေနဲ့ ရမ်းဗြဲမှာ နှစ်စဉ် ရေရှားနေတာကို ကူညီ ဖြေရှင်းပေးဖို့ ပြောလိုပါတယ်” ဟု ဆိုသည်။

narinjara19051403

သို့အတွက် ဒေသခံပြည်သူများ ထည့်ဝင်လှူဒါန်းငွေ ကျပ် သိန်း (၃၀) ကျော်ဖြင့် မင်းကျောင်းကန်နှင့် ယင်းအနီးမှ ဗိုလ်ချုပ်ကန်ဟောင်းအား တူဖေါ်နေကြောင်း ဆရာတော်က ဆက်လက် မိန့်ကြားသည်။

“ ဦးဇင်းတို့ဒေသက လူတွေ ဆင်းရဲကြတော့ ရေကန် တစ်ကန် တူးဖေါ်ဖို့ဆိုတာ သိပ်အခက်အခဲ ရှိတယ်။ ဒါပေမယ့်လည်း ဒေသအသီးသီးက လူတွေ ထည့်ဝင်ငွေကျပ် သိန်း (၃၀) နဲ့ ဗိုလ်ချုပ်ကန်ဟောင်းကို တူးဖေါ်နေတယ်။ ကုန်တာက ကျပ် သိန်း (၄၀) ကျော်ကုန်သွားပြီ။ အခုတော့ ငွေမလောက်တဲ့ အတွက်  ရပ်နားထားရပါတယ်” ဟု ဆိုသည်။

ရမ်းဗြဲတွင် ရေရှားပါးမူ ဒုက္ခကို ဆင်းရဲသား ရပ်ကွက်နေ ပြည်သူများသာမက မြို့ပေါ် ရပ်ကွက်များမှ ချမ်းသာသူ မိသားစုများလည်း ခံစားနေရကြောင်း စျေးဆိုင်ပိုင်ရှင် အမျိုးသမီး တစ်ဦးက ပြောသည်။

“ အခု ရေရှားပါးနေတဲ့အတွက် သုံးတဲ့ ရေကိုရော၊ သောက်တဲ့ရေကိုရော ၀ယ်ရတယ်။ ဒီမြို့မှာက ရေပေးဝေတဲ့ စနစ်လည်း မရှိဘူး။ ရေကြောင့် လူတိုင်း ဒုက္ခရောက်နေကြရပါပြီ” ဟု ဆိုသည်။

ယခုကဲ့သို့ ရမ်းဗြဲတွင်ရေရှားပါးမူကြောင့် မြို့လူထု ဒုက္ခရောက်နေကြရသော်လည်း မြို့နယ် လွှတ်တော် ကိုယ်စားလှယ်များ၊ မြို့နယ် အာဏာပိုင်များမှ တစ်စုံတစ်ရာ ၀င်ရောက် ကူညီမူများ မရှိသည်သာမက လာရောက်ကြည့်ရှု့့ခြင်းပင် မရှိကြောင်း ဒေသခံများက ပြောသည်။

ယခု ရေရှားပါးမူဒဏ်ကို ရမ်းဗြဲမြို့နယ်မှ ချောင်းဖျားတိုက်နယ်တွင် ၁၂ ရွာ၊ ကြံတိုင်းတိုက်နယ်တွင် ၁၃ ရွာ၊ ကျောက်ချောင်းတိုက်နယ်တို့တွင်လည်း ကြံုတွေ့နေကြရပြီး အချို့ကျေးရွာများတွင် ရေရှားပါးမူကြောင့် ကျွဲနွားများပါ သေဆုံးမူများ ရှိနေကြောင်း သတင်း ရရှိသည်။

Most read this week