တရုတ်အမျိုးသမီး လီကွေ့ရှန်း ကျောက်ဖြူတွင် မြေဂရမ်ဖေါက်မှု ဒေသခံများကန့်ကွက်

တရုတ်အမျိုးသမီး လီကွေ့ရှန်း ကျောက်ဖြူတွင် မြေဂရမ်ဖေါက်မှု ဒေသခံများကန့်ကွက်
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် ပြိုင်ချောင်းကျေးရွာ အနီးတွင် တရုတ်အမျိုးသမီး တစ်ဦးဖြစ်သူ လီကွေ့ရှန်းက မြေဂရမ်ဖေါက်ခြင်းအပေါ် ဒေသခံများက ပယ်ဖျက်ပေးရန် အထက်အာဏာပိုင်များသို့ စာရေးတောင်းဆိုလိုက်သည်ဟု ကျောက်ဖြူမှ လူမူရေး လူပ်ရှားသူ ဦးသန္တာမောင်က ပြောသည်။

ကျောက်ဖြူ-ကူမင်း ရထားဘူတာ တည်ဆောက်မည်ဟု နာမည်ထွက်နေသော ပြိုင်ချောင်းကျေးရွာအနီးတွင် တရုတ်အမျိုးသမီး လီကွေ့ရှန်းက မြေဧက (၁၈၀)ကို ဂရမ်ဖေါက်ထားကြောင်း၊ ထိုသို့ ဂရမ်ဖေါက်သည်ကို ရုတ်သိမ်းပေးရန် ကျေးရွာသား (၁၁၀) က လက်မှတ်ရေးထိုးပြီး  ကျောက်ဖြူ မြို့နယ် မြေစာရင်း ဦးစီးဌာနသို့ တိုင်ကြားလိုက်ကြောင်း သူက ပြောသည်။

narinjara13051401

“ဘယ်လိုက ဘယ်လို ဖြစ်သွားမှန်း မသိဘူး။ တရုတ်အမျိုးသမီး လီကွေ့ရှန်းကရွာသားတွေ လုပ်ကိုင်စား သောက်နေတဲ့ မြေဧက (၁၈၀) ကို ဂရမ်ဖေါက်ထားတယ်ဆိုပြီး သတင်းထွက်လာတယ်။ ဒါနဲ့ ရွာသား (၁၁၀) က စုပေါင်းလက်မှတ်ရေးထိုးပြီး မြေစာရင်း ဦးစီးဌာနကို ဂရမ်ဖေါက်ထားတာကို ပယ်ဖျက်ပေးဖို့ ဧပြီလ ၂၃ ရက်နေ့က တောင်းဆိုလိုက်ပါတယ်။ ကျွန်တော်တို့ဆီကို မိတ္တူပေးတဲ့စာကိုတော့ မနေ့ကဘဲ လက်ခံရရှိပါတယ်” ဟု ဆိုသည်။

မြေစာရင်း ဦးစီးဌာသို့ ရေးသားပေးပို့သောစာအား ကျေးရွာသားများက ကျောက်ဖြူမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဘရှိန်ထံသို့၎င်း၊ ခရိုင်နှင့် မြို့နယ် အုပ်ချုပ်ရေးမှူးများထံသို့လည်း မိတ္တူရေးသား ပေးပို့ခဲ့သည်ဟု ဆိုသည်။

နိရဥ္စရာမှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဘရှိန်အား မေးမြန်းရန် အကြိမ်ကြိမ် ဆက်သွယ်သော်လည်း ကျောက်ဖြူမြို့ ပြင်ဘက်သို့ ရောက်နေသဖြင့် ဖုံးလိုင်းမမိ၍ ဆက်သွယ် မေးမြန်းနိုင်ခြင်း မရရှိခဲ့ပါ။

အမည် မဖေါ်လိုသူ ကျေးရွာသား တစ်ဦးကမူ မြေဧက (၁၈၀) ကို တရုတ် အမျိုးသမီး တစ်ဦးဖြစ်သူလီကွေ့ ရှန်း နာမည်ဖြင့် ဂရမ်ထွက်လာမူ အပေါ် ကန့်ကွက်ရခြင်း ဖြစ်ကြောင်း ပြောသည်။

“ ဒီမြေတွေက ကျွန်တော်တို့ ဘိုးစဉ် ဘောင်ဆက် မှီခို လုပ်ကိုင်စားသောက်လာတဲ့ မြေတွေ ဖြစ်ကြပါတယ်။ အဲဒါကို မြေဂရမ်ဖေါက်မယ်ဆိုပြီး အဲဒီတရုတ်မက ဧပြီလဆန်းက ရောက်လာပါတယ်။ သူမက မြန်မာလို မပြောတတ်တော့ စကားပြန်က တဆင့် ပြောပါတယ်။ မြန်မာနိုင်ငံသူလား၊ တရုတ်နိုင်ငံသူလားဆိုတာကိုတော့ မသိဘူး။ သူ့နာမည်နဲ့ ဂရမ်ဖေါက်ထားတယ်ဆိုပြီး မြေတွေကို တိုင်းထွာသွားပါတယ်” ဟု ဆိုသည်။

ရခိုင်ပြည်နယ်မှ ဒေသခံ တောင်သူ လယ်သမားများမှာ သူတို့ ဘိုးစဉ် ဘောင်ဆက် ပိုင်ဆိုင် လုပ်ကိုင်စား သောက်လာသော မြေများကို ဂရမ်ဖေါက်လေ့မရှိကြောင်း၊ ဒေသ ထုံးစံအရ တစ်ဦးကို တစ်ဦးအသိ အမှတ်ပြုကာ လုပ်ကိုင်စားသောက်လာကြကြောင်း၊ ယင်းမြေများတွင် ခြံများထိုးကာ နှစ်ရှည် နှစ်တို သီးနှံပင်များ စိုက်ပျိုးထားကြကြောင်း၊ ယခုအခါ ၎င်းမြေများကို မြေစာရင်းဦးစီးဌာနနှင့် ပူးပေါင်းကာ ချမ်းသာသူများ၊ အာဏာရှိသူများက ဂရမ်ဖေါက်လာကြကြောင်း၊ သို့အတွက် ကျောက်ဖြူဒေသတွင် မြေယာ အငြင်းပွားမူများ အထူး ပေါ်ပေါက်နေကြောင်း ဦးသန္တာမောင်က ဆိုသည်။

ယခု တရုတ်အမျိုးသမီး လီကွေ့ရှန်း ဂရမ် ဖေါက်သည့် မြေနေရာမှာ ကျောက်ဖြူ-ကူမင်းရထားလမ်းအတွက် ဘူတာဆောက်မည်ဟု နာမည်ထွက်နေသော နေရာဖြစ်ကြောင်း၊ ဂျပန် ကုမ္ပဏီ တစ်ခုမှလည်း ရေတိုင်ကီများ ဆောက်ရန် စီစဉ်နေကြောင်း၊ ယင်းနေရာတွင် မြန်မာနိုင်ငံမှ အထင်ကရ ပုဂ္ဂိုလ် တစ်ဦးကလည်း သူ၏ သားမက်အမည်ဖြင့် မြေ(၉၀) ဧကကို ဂရမ်ဖေါက်ထားသည်ဟု သတင်းများရရှိသည်။

Most read this week