ရခိုင်အမျိုးသားရှေ့နေ ဦးဆောင်ထုတ်ဝေသည့် မြန်မာဥပဒေလက်စွဲ စာအုပ် မိတ်ဆက်ပွဲ ကျင်းပ

ရခိုင်အမျိုးသားရှေ့နေ ဦးဆောင်ထုတ်ဝေသည့် မြန်မာဥပဒေလက်စွဲ စာအုပ် မိတ်ဆက်ပွဲ ကျင်းပ
by -
နိရဥ္စရာ

ရခိုင်အမျိုးသား တရားလွှတ်တော် ရှေ့နေ ဦးကျော်မြင့် ဦးစီး စီစဉ် ထုတ်ဝေသော မြန်မာဥပဒေလက်စွဲ စာအုပ် မိတ်ဆက်ပွဲကို ရန်ကုန်မြို့တွင် ယမန်နေ့က ပြုလုပ်ခဲ့သည်။

ယင်းအခမ်းအနားအား ယမန်နေ့ (ဧပြီလ ရ) ရက်နေ့ နေ့လယ် (၁) နာရီခွဲတွင် ရန်ကုန်မြို့ Park Royal ဟိုတည်၌ ကျင်းပရာ မြန်မာနိုင်ငံမှ အထင်ကရ ရှေ့နေကြီးများ၊ ဥပဒေအရာရှိများ၊ ဥပဒေ ကျောင်းသူ ကျောင်းသားများ ၁၀၀ နီးပါး တက်ရောက်ခဲ့သည်။

၎င်းမြန်မာ ဥပဒေ လက်စွဲ စာအုပ်မှာ စာမျက်နာ ၅၅၀ ရှိပြီး ဦးကျော်မြင့် Law Firm က စီစဉ်ထုတ်ဝေခြင်း ဖြစ်ကာ တရားလွှတ်တော်ရှေ့နေ ၁၆ ဦး၊  အထက်တန်း ရှေ့နေ ၁၃ ဦး ပါ၀င်ရေသားထားသည်။

မြန်မာနိုင်ငံရှိ ဥပဒေစာအုပ်အများအပြားမှာ စကားပြေဖြင့် ရေးသားထားသော်လည်း ယခု စာအုပ်မှာ သာမန် ပြည်သူများ အလွယ်တကူ နားလည်စေရန် ရည်ရွယ်ချက်ဖြင့် စကားပြောဟန်ဖြင့် ရေးသားထား၍  ထူးခြားမူရှိကြောင်း လူကုန်ကူးမူ တားဆီးကာကွယ်ရေး ဥပဒေ၏ သိကောင်းစရာများ ကျမ်းပြုဆရာ တရားလွှတ်တော်ရှေ့နေ ဦးဟန်မြင့်က ပြောသည်။

“ ဒီ ဥပဒေစာအုပ်ရဲ့ ထူးခြားချက်က သာမန်လူတွေ ဥပဒေရဲ့ အကြောင်းကို အလွယ်တကူ နားလည်နိုင်အောင် စကားပြောဟန်နဲ့ ရေးသားထားတာ ဖြစ်ပါတယ်။ ဥပဒေဆိုရင် စာလုံးကြီး၊ ပုဒ်မကြီးတွေနဲ့ ဆိုတော့ လူတွေက ကြောက်ကြတယ်။ ဒီလို အစဉ်အလာကနေ ခွဲထွက်ပြီး ဖတ်သူတွေ အလွယ်တကူ နားလည်နိုင်အောင် စကားပြောနဲ့ ရေးသားထားတဲ့ အတွက် ဒီစာအုပ်က တကယ်ကို အကျိုးရှိတဲ့ စာအုပ် တစ်အုပ်လို့ ပြောချင်ပါတယ်” ဟု ဆိုသည်။

မြန်မာ ဥပဒေ လက်စွဲ စာအုပ် အား ဦးဆောင်ထုတ်ဝေသူ တရားလွှတ်တော် ရှေ့နေ ဦးကျော်မြင့်ကလည်း စာအုပ်ထုတ်ဝေရသည့် ရည်ရွယ်ချက်ကို ယခုလို ပြောသည်။

“ ကျွန်တော် ကြိုးပမ်းဖြစ်တာက မြန်မာပြည် ဒီမိုကရေစီကို ချီတက်နေတဲ့ အချိန်မှာ ပြည်သူ ပြည်သားအားလုံး သူတို့လိုက်နာရမယ့် ဥပဒေတွေကို  သိထားသင့်တယ်။ အဲသလို သိထားမှ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ တရားဥပဒေ စိုးမိုးမူ စနစ်ဟာ ဖြစ်ပေါ်လာမှာ ဖြစ်ပါတယ်။ ဒီအတွက် ဒီလို စာအုပ် တစ်အုပ် မဖြစ်မနေ ထုတ်ကို ထုတ်ရမယ်လို့ ကျွန်တော်တို့ခံယူတဲ့ အတွက်  ကြိုးစားရာကနေ ဒီစာအုပ် ထွက်ပေါ်လာတာ ဖြစ်ပါတယ်” ဟု ဆိုသည်။

myanmar law

ယင်းပြင် စာအုပ်၏ ထူးခြားချက်ကို ဆရာဦးကျော်မြင့်က ယခုလို ပြောသည်။

“ ဒီစာအုပ်ရဲ့ ထူးခြားချက်က ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ဥပဒေစာအုပ်တွေကို ထုတ်တဲ့ အခါတစ်ဦးတစ် ယောာက်၊ ဥပဒေပညာရှင် တစ်ယောက်ကဘဲ သူပိုင် ဥပဒေ စာအုပ်ကို ထုတ်တာဘဲများတယ်။ အခု ကျွန်တော်တို့ထုတ်တဲ့ ဒီစာအုပ်က တစ်ဦးတစ်ယောက်က ရေးသားတာမျိုး မဟုတ်ဘဲ စုပေါင်းပြီး စာရေးဆရာ သုံးဆယ်ကျော်က ဒီကနေ့ ကျွန်တော်တို့ နိုင်ငံမှာ ရင်ဆိုင်နေရတဲ့ ကိစ္စရပ်တွေကို နားလည် အောင်မြင်အောင် ဖြေရှင်းပေးနိုင်ရေး အတွက် အားလုံး ဥပဒေတွေ ပါအောင် အကျဉ်းချံုး ရေးသားထားတဲ့ အတွက် ဒါက ဒီစာအုပ်ရဲ့ ပထမ ထူးခြားချက် ဖြစ်ပါတယ်။”

“ နောက်တစ်ချက်က ဘာလဲဆိုတော့  ဒီဥပဒေတွေကို သာမန် ပြည်သူတွေ ဖတ်တဲ့ အခါ လွယ်ကူအောင် စကားပြောနဲ့ ရေးသားထားတဲ့ အတွက် ဒါဟာလည်း ဒီစာအုပ်ရဲ့ ထူးခြားချက် ဖြစ်ပါတယ်” ဟု ဦးကျော်မြင့် ဆိုသည်။

ယခုစာအုပ်ကဲ့သို့ ဥပဒေ ပေါင်းစုံကို ဥပဒေရှင် ပညာရှင်များ အားလုံးက စုပေါင်းရေးသားထားသော ဥပဒေ စာအုပ်များမှာ မရှိသလောက် အလွန်ရှားပါးကြောင်း သူကဆိုသည်။

ယခု မြန်မာ ဥပဒေလက်စွဲ စာအုပ်တွင် ရခိုင်အမျိုးသား ဥပဒေပညာရှင်များ ဖြစ်ကြသော ဦးဘိုမင်းဖြူ (ဥပဒေ)၊ ဦးသန်းမောင် (စစ်တွေ) တို့ အပါအဝင် ဥပဒေပညာရှင် အများအပြားလည်း ပါ၀င်ရေးသားထားကြသည်။ စာအုပ်၏ ရောင်းစျေးမှာ ကျပ် ၉၀၀၀ ဖြစ်ပြီး ဒေါ်တင်တင်အေး ရွက်စိမ်းစာပေက ထုတ်ဝေကြောင်း သိရသည်။

ယခု စာအုပ်ကို ဦးဆောင် စီစဉ်သူ ဆရာဦးကျော်မြင့်မှာ တရားလွှတ်တော် ရှေ့နေ တစ်ဦး ဖြစ်သည်သာမက ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် ဒုဥက္ကဌဟောင်းလည်း ဖြစ်ပြီး ယခုအသစ် ဖြစ်ပေါ်လာသော ရခိုင်အမျိုးသားပါတီ ( ANP) ၏ ဗဟို အလုပ်အမူဆောင် ကော်မတီဝင် တစ်ဦးလည်း ဖြစ်ပါသည်။

Most read this week