စစ်တွေဆရာတော် ဦးဝီရသူ တရားပွဲ လူပေါင်းထောင်ချီတက်ရောက်နာယူ

စစ်တွေဆရာတော် ဦးဝီရသူ တရားပွဲ လူပေါင်းထောင်ချီတက်ရောက်နာယူ
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ပြုလုပ်သော မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်း နာယက ဆရာတော် အရှင် ဦးဝီရသူ၏ တရားပွဲတော်သို့ လူပေါင်းထောင်နှင့်ချီပြီး တက်ရောက် နာယူခဲ့ကြသည်ဟု သတင်း ရရှိသည်။

ဆရာတော် ဦးဝီရသူ တရားပွဲအား မတ်လ ၁၁ ရက်နှင့် ၁၂ ရက်နေ့များတွင်  ညနေ ၅ နာရီခွဲမှ ၁၀ နာရီထိ (၂) ကြိမ်တိတိ စစ်တွေမြို့  အတုလမာရဇိန် ပြည်လုံးချမ်းသာ ဘုရားကြီးတွင် ပြုလုပ်ရာ တရားနာသူ များပြား လွန်းသဖြင့် ဘုရားရင်ပြင်တွင် မဆန့်၍  ၀င်္ကာဘာကွင်း အပြင်ဘက် ကွင်းပြင်တွင် ပရိုဂျက်တာဖြင့်  ပိတ်ကားထောင်ပြီး နာယူခဲ့ကြသည်ဟု စစ်တွေ ဒေသခံ ဦးလှမောင်က ပြောသည်။

“ ကျွန်တော်အထင်တော့ လူပေါင်း သောင်းနီးပါး ရောက်မယ်ထင်ပါတယ်။ ဘုရားကြီးရင်ပြင်မှာ ပရိသတ်အပြည့် အပြင် ၀င်္ကာဘာကွင်း ပိတောက်ပင်ကနေ လွတ်လပ်ရေးကျောက်တိုင်ထိ၊ နောက်တစ်ခါ ဘုရားကြီးနဲ့ ကျားရုပ်ကျောင်းကြား လမ်းမကြီး အပြည့် ပရိသတ်ကို ပရိုဂျက်တာနဲ့ ပြတယ်ဆိုတော့ ကျနော်က မခန့်မှန်းတတ်ဘူး။ လူတွေက အများကြီးပါ” ဟု သူက ပြောသည်။

ယခုကဲ့သို့ ဆရာတော် ဦးဝီရသူ တရားပွဲကို စစ်တွေ လူထု ထောင်နှင့်ချီပြီး တက်ရောက်နာယူကြခြင်းမှာ ဆရာတော်၏ ရပ်တည်ချက်နှင့် အမျိုးသားရေး ဆောင်ရွက်ချက် မှန်ကန်၍ ဖြစ်ကြောင်း သူက ဆက်လက် ပြောကြားသည်။

“ ဆရာတော် ဦးဝီရသူရဲ့ အမျိုးသားရေး ဆောင်ရွက်တာဟာ မှန်ကန်လို့၊ ပီးရင်းဆရာတော်ရဲ့ အမျိုးဘာသာ သာသနာတရားတော်ကို ကျနော်တို့က သဘောကျလို့၊ နှစ်သက်လို့၊ ကြိုက်လို့၊ ထောက်ခံလို့ တရားပွဲကို သွားကြတာ ဖြစ်ပါတယ်” ဟု ဆိုသည်။

ဆရာတော် ဦဝီရသူ၏ တရားပွဲတွင် စစ်တွေ လူထု ကြိုက်လောက်အောင် ဘာအကြောင်းအရာများ ထူးထူးခြား ပါ၀င် ပါသလဲဟု မေးမြန်းရာ ဦးလှမောင်က ယခုလို ဆက်လက် ပြောဆိုသည်။

“ ကျနော်တို့က ရခိုင်လူထု ကျေနပ်အောင်ဆိုတာထက် ဆရာတော်ရဲ့ တရားတော်ဟာ လက်ရှိ မြန်မာနိုင်ငံသားတွေရဲ့ အမျိုးဘာသာ သာနာအကျိုး၊ အနာဂတ် မြန်မာနိုင်ငံရဲ့ အကျိုး၊ လက်ရှိ ဆောင်ရန်၊ ရှောင်ရန် စတဲ့ အချက်တွေ အပါအဝင် နိုင်ငံသားတွေရဲ့ လိုအပ်ချက်နဲ့ကိုက်ညီနေတဲ့ တရားတော် ဖြစ်တဲ့ အတွက် ဆရာတော် ဦးဝီရသူ ဟောကြားတဲ့ တရားဟာ အထူး တန်ဖိုးရှိလှပါတယ်” ဟု သူကဆိုသည်။

ရခိုင်ပြည်နယ်သည် လက်ရှိ အချိန်တွင် အထိအချ မခံနိုင်သော အခြေအနေတွင် ရှိနေသဖြင့် ဆရာတော် ဦးဝီရသူ ရခိုင်ပြည်နယ်တွင် တရားဟောပြောခြင်းဖြင့် ပဋိပက္ခကို ပိုမိုကြီးထွားအောင် လုပ်ရာ ရောက်နိုင်ကြောင်း သုံးသပ်ဝေဖန်မူများလည်း ထွက်ပေါ်နေသည်။

သို့အတွက် ရခိုင်ပြည်နယ် အစိုးရ ပြန်ကြားရေး ဌာန အတွင်းရေးမှူး ဦးဝင်းမြိုင်ကို ဆက်သွယ်မေးမြန်းရာ သူက ယခုလို ပြောကြားသည်။

“ ဖြစ်နိုင်စရာ အကြောင်း မရှိပါဘူးခင်ဗျား။ ဆရာတော်က ဦးဝီရသူက သူဟာသူ တရားလာဟောတာဘဲ။ နှစ်ဘက်ရန်ဖြစ်အောင် လုပ်နေတာ မဟုတ်ပါဘူး။ ဗုဒ္ဓဘာသာ  တရားပွဲဘဲ။ ဘာသာရေး အရ လုပ်တဲ့ အတွက် ပြဿနာ ဖြစ်နိုင်စရာအကြောင်း မရှိပါဘူး။. အရင်ကလည်း ၉၆၉ ဟိုဆရာတော်ကြီးတွေ ဘူးသီးတောင်၊ မောင်တောထိတောင် လာဟော သွားတာဘဲ။ ဘာာမှ ပြဿနာ မရှိပါဘူး။ တရားတော်ကြောင့် ပိုပြီးတော့တောင် ပဋိပက္ခတွေ လျော့ကျသွားနိုင်တယ်။ တည်ငြိမ်သွားနိုင်တယ်လို့ မြင်ပါတယ်” ဟု သူက ဆိုသည်။

ဆရာတော် ဦးဝီရသူသည် မတ် ၁၃ ရက်နေ့ နေ့လယ် တစ်နာရီမှ ၃ နာရီ အချိန်ထိ ပုဏ္ဍားကျွန်းမြို့ လောကမာရဇိန် သိမ်တော်ကြီးတွင် တရားလာရောက် ဟောကြားခဲ့သည်ဟု ဒေသခံ တစ်ဦးဖြစ်သူ ဦးမောင်နှောင်းက ပြောသည်။

“ ဆရာတော် တရားကတော့ အမျိုးဘာသာ သာသနာ တည်တံ့ရေး အတွက် ဟောတာပါ။ ဆရာတော်က အရေးကြံုရင် ကိုယ့်လူမျိုးအချင်းချင်း ညီညွှတ်မူတွေ ရှိရမယ်။ တစ်မျိုးသားလုံး ညီညွှတ်မူတွေ ရှိရမယ်။ အဓိက အားဖြင့် ညီညွှတ်ရေးကို ဟောတာပါ။ ကျနော်တို့ကတော့ ခုလို ဟောကြားတဲ့ အတွက် ဆရာတော်ရဲ့ တရားကို ကြိုက်ပါတယ်” ဟု ဆိုသည်။

ဆရာတော် ဦးဝီရသူသည် ပုဏ္ဍားကျွန်းတွင် တရားဟောပြောပြီးနောက် ညနေပိုင်းတွင် ကျောက်တော်မြို့သို့ ဆက်လက် ထွက်ခွာသွားသည်ဟု သိရသည်။

Most read this week