သန်းခေါင်စာရင်းအားနည်းချက်များကြောင့် နိုင်ငံအချုပ်အချာထိပါးနိုင်ကြောင်း RNDP ကဆို

သန်းခေါင်စာရင်းအားနည်းချက်များကြောင့် နိုင်ငံအချုပ်အချာထိပါးနိုင်ကြောင်း RNDP ကဆို
by -
နိရဥ္စရာ

မြန်မာနိုင်ငံတွင် သန်းခေါင်စာရင်း ကောက်ယူရန် စီစဉ်နေရာ၌် အခြေခံ အားနည်းချက်များရှိနေသဖြင့် နိုင်ငံတော်၏ အချုပ်အချာအာဏာကို ထိပါးနိုင်ကြောင်း ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP က ထုတ်ပြန်သော သဘောထား ကျေညာချက်တွင် ဖေါ်ပြသည်။

ယင်းထုတ်ပြန်ကျေညာချက်ကို မတ်လ ၄ ရက်နေ့က ထုတ်ပြန်ချက်အမှတ် ၂/၂၀၁၄ ဖြင့် ထုတ်ပြန်လိုက် ခြင်းဖြစ်သည်။

ထုတ်ပြန်ချက်ထဲတွင် လာမည့် ဧပြီလ မြန်မာတစ်နိုင်ငံလုံး လူဦးရေသန်းခေါင်စာရင်း ကောက်ယူရာ၌ အခြေခံအားနည်းချက်များ ရှိနေသဖြင့် ပြည်ထောင်စုမြန်မာနိုင်ငံ၏ အချုပ်အချာအာဏာကို ကြီးစွာ ထိခိုက်စေနိုင်သည့် သန်းခေါင်စာရင်း ကောက်ယူသည့်စနစ် ဖြစ်သည်ကို လေ့လာတွေ့ရှိရသည်ဟု ဖေါ်ပြသည်။

ယင်းအပြင် လူ့အခွင့်အရေးဦးစားပေး သန်းခေါင်စာရင်းကောက်ရန် နိုင်ငံတကာထောက်ပံ့ငွေကို လက်ခံပြီး ခိုးဝင်ဘင်္ဂါလီများအား လူဦးရေစာရင်းကောက်ယူခြင်းမှာ နိုင်ငံတကာနှင့် ပြေလည်ရေးကို ဦးစားပေးသော အစီအစဉ်သာဖြစ်သဖြင့် ဒို့တာဝန် အရေးသုံးပါးကို မျက်ကွယ်ပြုရာရောက်ပါကြောင်း သဘောထား ထုတ်ပြန်ချက်က ဆိုသည်။

ယင်းကဲ့သို့ ဒို့တာဝန် အရေးသုံးပါးကို မျက်ကွယ်ပြုပြီး သန်းခေါင်စာရင်းကောက် ယူပါက ကောင်းကျိုးထက် ဆိုးကျိုးသာ ပိုများနိုင်ကြောင်း RNDP ပါတီ အတွင်း ရေးမှူး အဖွဲ့ဝင် ဦးခိုင်ပြည်စိုးက ပြောသည်။

“ သန်းခေါင်စာရင်းကောက်ယူရေး ဇယားကွက်လပ်မှာ အခြားဆိုတဲ့နေရာတခုပါတယ်။ အဲဒီနေရာမှာ လူ့အခွင့် အရေးအရ မိမိကြိုက်နှစ်သက်ရာ နာမည်ကိုထည့်လို့ရတယ်လို့ပါတယ်။ အဲဒီ ကြိုက်နှစ်သက်ရာကို ထည့်လို့ရ တယ်ဆိုရင် ဒီကနေ့ ကျွန်တော်တို့ရခိုင်ပြည်နယ်မှာ ဘင်္ဂလီတွေက သူတို့ဘာသာသူတို့ ခေါ်ဆိုနေတဲ့ ရိုဟင်ဂျာဆိုတဲ့ နာမည်ကို သုံးပြီး လူဦးရေ စာရင်းတခု ပေါ်ပေါက်လာရင် တချိန်ချိန်မှာ ရခိုင် ပြည်နယ်မှာ ပြဿနာပေါင်းစုံ ပေါ်လာနိုင်ပါတယ်” ဟု သူက ဆိုသည်။

ယင်းသဘောထားထုတ်ပြန်ချက်တွင် “ အတိတ်ကာလမှ နိုင်ငံတကာနှင့် ပြေလည်ရေး နိုင်ငံဘဏ္ဍာငွေ မသုံးစွဲရရေးကို ဦးစားပေး၍ ပေါ့ပေါ့တန်တန် ဖြေရှင်းခဲ့မှုများကြောင့် တရားမဝင် လူဦးရေဖောင်းပွမှုဒဏ်နှင့် လူမျိုးအတုအမည် ဖန်တီးမှု ဆိုးကျိုးကို ၂၀၁၂-ခုနှစ်တွင် ရခိုင်လူမျိူးများ ခါးစည်း၍ ခံခဲ့ပြီးဖြစ်ကြောင်း၊  ထို သန်းခေါင် စာရင်း ကောက်ယူခြင်းသည် ပြည်ထောင်စု မြန်မာနိုင်ငံအတွင်းရှိ လူဦးရေ စာရင်းဇယား အတိအကျ ရရှိရေးကိုသာ ရည်ရွယ်သည် ဟု ဆိုစေကာမူ “အခြား” ဆိုသည့် ဇယားကွက်လပ်၌ လူ့အခွင့်အရေးအရ မိမိကြိုက်နှစ်သက်ရာ ထည့်သွင်းနိုင်သည် ဟု ဆိုခြင်းနှင့် ပတ်သက်၍ နောက်နောင် မလိုလားအပ်သည့် ပဋိပက္ခများ ပေါ်ပေါက်လာနိုင်ကြောင်း”  ဖေါ်ပြသည်။

“ ကျွန်တော်တို့ ပြောလိုတာက သန်းခေါင်စာရင်းကောက်ခြင်းဟာ လူဦးရေအတိအကျ စာရင်းကိုရဖို့ဆို တာ တစ်ခုကို အခြေခံရမယ်။ နောက်တချက်က တိုင်းရင်းသားလူမျိုးတွေ မိမိလူမျိုးကို မိမိအခြေခံပြီးထည့်ရမယ်။ နိုင်ငံခြားသားတွေဆိုရင် နိုင်ငံခြားသားဖြစ်ကြောင်းကို ဥပမာ၊ ထိုင်းဆိုရင်ထိုင်း၊ ဘင်္ဂလီဆိုရင် ဘင်္ဂလီ၊ တရုတ် ဆိုလည်း တရုတ် အဲလိုနာမည်တွေကိုထည့်ပြီး သုံးနှုန်းရမယ်။ တခြားဆိုတဲ့နေရာမှာ မိမိကြိုက်နှစ်သက်ရာ နာမည်ကို ထည့်လို့ မရဆိုပြီး ကျွန်တော်တို့က ကန့်ကွက်ထားပါတယ်” ဟု သူက ဆက်ဆိုသည်။

RNDP သဘောထား ကျေညာချက်ထဲတွင် ရခိုင်ပြည်နယ်၌ ဘင်္ဂါလီများအား သန်းခေါင်စာရင်း ကောက်ယူရာတွင် “အခြား” ဆိုသည့် ကွက်လပ်ဇယား နေရာ၌ “ဘင်္ဂါလီ” ဟုသာ ထည့်သွင်းရမည် (သို့မဟုတ်) ကုဒ်နံပါတ်တစ်ခုခုကို တိတိကျကျ သတ်မှတ်ပေးရမည် ဖြစ်သည်။ “ရိုဟင်ဂျာ” ဆိုသော လူမျိုးလိမ်နာမည်ကို (လုံးဝ) သုံးခွင့်မပြုရန် တောင်းဆိုကြောင်း ဖေါ်ပြသည်။

၎င်းအပြင် ရခိုင်ပြည်နယ် (၁၀) မြို့နယ်အတွင်းရှိ ဘင်္ဂါလီများအားစာရင်းကောက်ယူရန် ဘင်္ဂါလီလူမျိုး စာရင်းကောက် စာရင်းစစ် (၁၃၀၂) ဦးကို လက်သိပ်ထိုး တာဝန်ပေးထားသည် ဟု သိရှိရသည်။ ထိုကဲ့သို့ နိုင်ငံသားဖြစ်မှု/မဖြစ်မှု မသေချာသူများက ကောက်ယူပြုစုပေးသည့် ဘင်္ဂါလီ လူဦးရေစာရင်းကို RNDP ပါတီက လုံးဝ အသိအမှတ်ပြုလိမ့်မည် မဟုတ်ဟု ဆိုသည်။

ဆက်လက်ပြီး ခိုးဝင်ဘင်္ဂါလီများနှင့် ပတ်သက်၍ နိုင်ငံတော်က လုပ်ဆောင်ရမည့် တာဝန်မှာ၊ ရခိုင်ပြည်သူများ နှင့် ပြည်ထောင်စု မြန်မာနိုင်ငံရှိ ရဟန်းရှင်လူ ပြည်သူတစ်ရပ်လုံးက တောင်းဆို ထားကြသည့် အတိုင်း၊ ၁၉၈၂-ခုနှစ် မြန်မာနိုင်ငံသား ဖြစ်ခွင့်ဥပဒေ နှင့် စစ်ဆေးပြီး နိုင်ငံသားဖြစ်ခွင့်မရှိသူများကို တိတိကျကျ အရေးယူရန် ဖြစ်သည်။ ထိုကဲ့သို့ လုပ်ဆောင်အရေးယူရန် အလေးအနက် တိုက်တွန်းကြောင်းဖေါ်ပြသည်။

နောက်ဆုံးပိုဒ်အနေဖြင့် ကျေညာချက်တွင် ဖေါ်ပြရာ ဤကဲ့သို့ လက်မခံနိုင်သည့် နည်းစနစ်များဖြင့် သန်းခေါင်စာရင်းကောက်ယူမှုကို RNDP ပါတီက ကန့်ကွက်သည်။ လိုအပ်သည်များကို အချိန်မီ ပြန်လည်ဖြည့်စွက် ပြင်ဆင်ပေးရန် RNDP ပါတီက အလေးအနက် တောင်းဆိုသည်ဟု ပါရှိသည်။

Most read this week