လယ်ထွန်ရန် ငြင်းဆန်သူ စက်မှုလယ်ယာ ဦးစီးဌာနမှ ၀န်ထမ်း ၆ ဦး အလုပ်ဖြုတ်ခံရ

လယ်ထွန်ရန် ငြင်းဆန်သူ စက်မှုလယ်ယာ ဦးစီးဌာနမှ ၀န်ထမ်း ၆ ဦး အလုပ်ဖြုတ်ခံရ
by -
နိရဥ္စရာ

အသက် အန္တာရာယ် စိုးရိမ်ရသဖြင့်  ဘင်္ဂလီ ဒုက္ခသည် စခန်းအနီး လယ်ထွန်ရန် ငြင်းဆန်သူ စက်မှု လယ်ယာ ဦးစီးဌာနမှ ၀န်ထမ်း ၆ ဦးကို သက်ဆိုင်ရာမှ  အလုပ်ဖြုတ်ပစ်ခဲ့သည်ဟု သတင်းရရှိသည်။

အလုပ် ဖြုတ်ခံရသူ ၀န်ထမ်း ၆ ဦးမှာ ဦးအောင်သိန်းထွန်း (စက်မောင်း ၄)၊ ဦးထွန်းဝင်း (စက်မောင်း၃)၊ ဦးတင်ဦးလတ် (စက်မောင်း ၅)၊ ဦးကျော်မျိုးဝင်း (စက်မောင်း ၅)၊ ဦးမျိုးမင်းထွန်း (စက်မောင်း ၅)၊ ဦးထွန်းအေးကျော် (စက်မောင်း ၅) တို့ ဖြစ်ကြသည်။

၎င်းဝန်ထမ်း ၆ ဦးကို ရခိုင် ပြည်နယ် စက်မူ လယ်ယာ ဦးစီးမှူး ဦးဘိုဘိုအောင် အမိန့် ဖြင့် ဇွန်လ ၂၃ ရက်နေ့က အလုပ်ဖြုတ်လိုက်ခြင်း ဖြစ်ကြောင်း အလုပ်ဖြုတ်ခံရရာတွင် ပါ၀င်သူ လုပ်သက် ၂၈ နှစ်ရှိ ဦးအောင်သိန်းထွန်းက ပြောသည်။

“ ကျွန်တော်တို့ကို ပဋိပက္ခ ဖြစ်ပွားခဲ့တဲ့ ပေါက်တောမြို့နယ်တွင် ကြိမ်နီပြင် ဒုက္ခသည် စခန်း အနီး မှာရှိတဲ့ လယ်ဧက ၃၀၀ ကျော်ကို စက်မှုလယ်ယာ ဦးစီး ဌာနပိုင် စက် ၉ စီးနဲ့ ထွန်ယက်ခိုင်းပါတယ်။ နေ့စဉ်လိုလို အဲဒီ ဒုက္ခသည် စခန်းက ဘင်္ဂလီတွေက အနှောင့်အယှက် လုပ်ပါတယ်။ သူတို့ အနှောင့် အယှက်ကို မခံနိုင်လို့ ကျွန်တော်တို့က အသက်လုံခြံုရေးကို စိုးရိမ်တဲဲ့ အတွက်  ဇွန်လ ၂၃ ရက်နေ့ က စစ်တွေကို ပြန်လာကြတယ်။ စစ်တွေကို ပြန်လာတဲ့အခါမှာ ပြည်နယ်မှူးက မင်းတို့ အဲဒီနေရာကို ဆက် သွားမလား၊ အလုပ်က အဖြုတ်ခံမလားလို့ မေးပါတယ်။ ကျွန်တော်တို့က အဲဒီနေရာကို လုံခြံုရေး မရှိတဲ့ အတွင် မသွားနိုင်ဘူး။ နောက်တနေရာကို လွှတ်ပေးပါလို့ တောင်းဆိုတော့  သူက မလွှတ်ဘူး။ အဲဒါနဲ့ဘဲ ၂၃ ရက်နေ့က ညနေကျရင် ကျွန်တော်တို့ကို အလုပ်ဖြုတ်လိုက်ပြီ ဆိုပြီး သတင်း ထွက်လာပါတယ်။ ကျွန်တော်တို့ ဘာတခုမှ ပြောပိုင်ခွင့် မရှိခဲ့ပါ” ဟု ဆိုသည်။

အလုပ်ဖြုတ်ပစ်ကြောင်း တရားဝင်စာကို မရရှိသေးသော်လည်း  ဇွန်လ ၂၁ ရက်နေ့ထိ လစာ ရရှိပြီး ကျန်လစာများကို မရရှိတော့ဟု ဆိုသည်။

ဘင်္ဂလီ ဒုက္ခသည်များသည် လက်နက်မဲ့ ထွန်စက်မောင်းသမားများကိုသာမက  လက်နက်ကိုင် လုံခြံုရေး တပ်ဖွဲ့ဝင်များကိုပင် အလေးမထား ပမာမခန့်် ပြုလုပ်ကြသဖြင့် လုံခြံုရေး တပ်ဖွဲ့ဝင်များ မရှိဘဲ အလုပ် လုပ်ရန်မှာ မဖြစ်နိုင်ကြောင်း နောက်ထပ် ထွန်စက်မောင်း တစ်ဦးဖြစ်သူ ဦးကျော်မျိုးဝင်းက ဆိုသည်။

“ ပထမနေ့ သွားတဲ့ အခါမှာ လုံခြံုရေး စစ်သား ၃ ဦးပါတယ်။ ကျွန်တော်တို့ဆီကို ဘင်္ဂလီ ဒုက္ခသည်တွေက  ၀ုိင်းအုံ လာကြတယ်။ မလာနဲ့ဆိုလို့ မရဘူး။ တပ်က ပစ်ခတ်ဖို့ လုပ်မှ လူစု ကွဲသွားတယ်။ နောက်နေ့တွေကျတော့ တပ်က ပြန်သွားပြီး  ရဲသား ၅ ဦး ရောက်လာပါတယ်။ ရဲတွေကလည်း တစ်ရက်ဘဲ နေတယ်။ သူတို့လည်း ပြန်သွားပါတယ်။ လုံခြံုရေး မရှိတော့တဲ့ အတွက် ကျနော်တို့ တည်းခိုနေတဲ့ ပိန္နဲချောင်း ရခိုင်ရွာကို ပြန်လာပါတယ်။ ပိန္နဲချောင်း အုပ်ချုပ်ရေးမှူးကလည်း ကျွန်တော်တို့ရဲ့ လုံခြံုရေးကို တာဝန် မယူနိုင်ဘူးဆိုတော့ ကျွန်တော်တို့ စစ်တွေကို ပြန်ခဲ့ကြပါတယ်။ ”

သူတို့အနေဖြင့် အစိုးရ ၀န်ထမ်းပီပီ တာဝန်ကျရာ နေရာတွင် တာဝန်ထမ်းဆောင်လိုသော်လည်း ယခုလို အန္တာရာယ်များသော နေရာများတွင် လုံခြံုရေး မရှိဘဲ တာဝန် ထမ်းဆောင်ရန်မှာ မဖြစ်နိုင်ကြောင်း၊ သူတို့အနေဖြင့် အခက်အခဲ အများအပြား ကြံုခဲ့ရကြောင်း သူက ယခုလို ဆက် ပြောသည်။

“ ကျွန်တော်တို့မှာ လက်တွန်း လယ်ထွန်စက် ၉ စီး ပါလာပါတယ်။ ကျွန်တော်တို့က တမိုင်ကျော်ခန့် ဝေးတဲ့ ပိန္နဲချောင်း ရခိုင်ရွာကနေ ကြိမ်နီပြင် ဘင်္ဂလီ ဒုက္ခသည် စခန်းအနီးမှာ လာပြီး အလုပ် လုပ်ကြပါတယ်။ ထွန်စက်တွေကို ဒုက္ခသည် စခန်းနားမှာ ရပ်ထားခဲ့ပြီး နောက်တစ်နေ့ မနက်သွားတော့ ဘင်္ဂလီ ဒုက္ခသည် တွေက စက်တွေကို ဖျက်ထားပါတယ်။ အဲဒီစက်တွေကို ပြန်လုပ်တော့ ၄ လုံး အကောင်း ပြန်ဖြစ်ပါတယ်။  အဲဒီ ကောင်းသွားတဲ့ စက်တွေနဲ့ နောက်ထပ် တစ်ရက် ထွန်ကြတယ်။ စက်တွေကိုလည်း ရွာတွေကို မောင်းယူဖို့ မဖြစ်နိုင်တဲ့ အတွက် အဲဒီ ဒုက္ခသည် စခန်း အနီးမှာဘဲ ညနေပိုင်း ထွန်ပီးတာနဲ့ ရပ်ထားခဲ့ရတယ်။ နောက်တနေ့ မနက် လယ်ထွန်ဖို့ ပြန်သွားတော့  စက်တွေကို ထပ်ဖျက်ဆီး ထားပါတယ်။ အဲဒါနဲ့ ကျွန်တော်တို့လည်း စဉ်းစား လာရတယ်။ ဒီလောက် နိုင်ငံတော်ပိုင် ပစ္စည်းတွေကို ဖျက်ဆီးနေတာကို သိသိကြီးနဲ့ ဘယ်သူမှ အရေးမယူနိုင်ဘူးဆိုရင် ကျွန်တော်တို့ အသက်ကိုပါ ရန်ရှာလာရင်ကော ဘယ်သူက အရေးယူ ဆောင်ရွက်ပေးမလဲဆိုပြီး ကျွန်တော်တို့ စဉ်းစားလာရသလို တစ်ဘက်မှာ စိုးရိမ်စရာတွေ ရှိလာတဲ့ အတွက် ကျွန်တော်တို့ စစ်တွေ ကို ပြန်ပြီး ပြည်နယ်ရုံးကို အခြေအနေတွေကို တင်ပြပါတယ်။ နောက်တစ်နေ့ကျတော့ ကျွန်တော်တို့ကို အလုပ်က ဖြုတ်လိုက်ပါတယ်” ဟု ဆိုသည်။

အစိုးရ ၀န်ထမ်း စက်မောင်း (၆) ဦးအား  အလုပ်ဖြုတ်ရခြင်းနှင့် ပတ်သက်ပြီး အသေးစိတ် သိရှိနိုင်အောင်  ပြည်နယ် စက်မူ လယ်ယာ ဦးစီးမှူး ဦးဘိုဘိုအောင်ကို နိရဥ္စရာက ဆက်သွယ်ပေးမြန်းရာတွင် သူက ယခုကဲ့သို့ ပြောသည်။

“ သူတို့ကို အလုပ်ဖြုတ်ပစ်တာ မှန်ပါတယ်။ အသေးစိ်တ်သိချင်ရင် ရုံးကိုလာခဲ့ပါ။ ဖုန်းထဲက ပြောလို့ မကောင်း ပါဘူး။ ကျွန်တော် ရုံးမှာ နောက်ထပ်တစ်နာရီလောက် ရှိဦးမယ်” ဟု ဆိုကာ ဖုံးချသွားခဲ့သည််။

ထွန်စက်မောင်းသမားများမှာ လုပ််သက်ရင့်နေကြသော အစိုးရဝန်ထမ်းများ ဖြစ်သဖြင့် ယခုကဲ့သို့ အလုပ်ဖြုတ်ပစ်ခံရသဖြင့် အထူးနစ်နာခဲ့ကြရသည်ဟု ဆိုသည်။ သို့အတွက် အလုပ်ပြန်လည် ရရှိရန် ကြိုးစား ဆောင်ရွက်နေကြောင်း သိရသည်။

ယမန်နေ့က သူတို့အား ဝေးလံသော နေရာသို့ ပြောင်းရွှေ့ပြီး အလုပ်ပြန်ခန့်သည်ဟု   သတင်းများ ထွက်ပေါ်လာကြောင်း၊ သို့သော်လည်း တစ်စုံတစ်ရာ အကြောင်းကြားစာကို လက်ခံ ရရှိခြင်း မရှိသေးကြောင်း ဦးအောင်သိန်းထွန်းက ပြောဆိုသည်။

Most read this week