ရခိုင်သံဃာထု Time မဂ္ဂဇင်းအား ရှုတ်ချ

ရခိုင်သံဃာထု Time မဂ္ဂဇင်းအား ရှုတ်ချ
by -
နိရဥ္စရာ

ရခိုင်သံဃာထုက ဆရာတော် ၀ီရသူဓါတ်ပုံကို Time မဂ္ဂဇင်း မျက်နှာဖုံးတွင် ဖော်ပြပြီး “The Face of Buddhist Terror” ဟု ရေသားထားမူ အပေါ် ကျေညာချက်ထုတ်၍   ဇူလိုင်လ ၅ ရက်က ရှုတ်ချလိုက်သည်။

၎င်းမျက်နှာဖုံးနှင့် ဆောင်းပါးသည် ဗုဒ္ဓဘာသာအား အထင်အမြင်လွဲစေသည်။ သို့အတွက် ကန့်ကွက် ရှုတ်ချရခြင်း ဖြစ်သည်ဟု စစ်တွေ စည်းကမ်းထိမ်းသိမ်းရေးနှင့် ကူညီစောင့်ရှောက်ရေး ရဟန်းတော်များ အဖွဲ့ ဥက္ကဌ ဦးညာဏက ပြောသည်။

“ ဒီ Time  မဂ္ဂဇင်းဟာ  ကမ္ဘာတခုလုံးက အလေးထား ယုံကြည်မှုရှိတဲ့ မဂ္ဂဇင်းတခုဖြစ်တယ်။ ဒီလို ယုံကြည် မှုရှိတဲ့ မဂ္ဂဇင်း တစ်စောင်က ဦးဇင်းတို့ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး တစ်ပါးဖြစ်တဲ့  ဆရာတော် ၀ီရသူကို  မျက်နှာဖုံးတပ်ပြီး The Face of Buddhist terror လို့ ရေးသားထားဟာ အဓိပ္ပါယ် များစွာကျယ်ဝန်းပြီး ဗုဒ္ဓဘာသာ တစ်ခုလုံး အကြမ်းဖက်ဝါဒလို့ လူတွေက မှတ်ယူသွားနိုင်တဲ့ အတွက် ခုလို မဟုတ်မမှန် စွပ်စွဲလုပ်ကြံရေးသားထားတဲ့ Time မဂ္ဂဇင်းကို  ပြင်းပြင်းထန်ထန် ကန့်ကွက် ရှုတ်ချရတာ ဖြစ်တယ်” ဟု ဆိုသည်။

Time မဂ္ဂဇင်း ရေးသားချက်သည်  ပဋိပက္ခဖြစ်စေရန် သွေးထိုး လှုံဆော်ဝါဒဖြန့်ခြင်း  ဖြစ်သည့် အတွက် ဆက်ပြီး ရှေ့မတိုးလာအောင် ရှုတ်ချခြင်းဖြစ်ကြောင်းလည်း ဦးညာဏက ပြောသည်။

ထုတ်ပြန်သည့် ကြေငြာချက်တွင် အချက် ၅ ချက်ဖော်ပြထားပြီး တိုင်းမဂ္ဂဇင်းလုပ်ရပ်ကြောင့် နိုင်ငံတော် အစိုးရနှင့် ပြည်သူတို့၏ ငြိမ်းချမ်းရေး လမ်းကြောင်းကို တိမ်းစောင်သွားနိုင်သည့်အပြင် ဘာသာရေးပဋိပက္ခ အသွင်သို့ရောက်ရှိစေနိုင်ကြောင်း ကြေငြာချက်တွင် ဖော်ပြသည်။

၎င်းပြင် Time  မဂ္ဂဇင်းမှ ရေးသားမှုကြောင့် ဗုဒ္ဓဘာသာကို တခြားဘာသာဝင်များ အပြင် ဗုဒ္ဓဘာသာဝင် တချို့ မှလည်း အကြမ်းဖက် ဘာသာတခုအဖြစ် ထင်ယောင်ထင်မှား ဖြစ်စေနိုင်သည်ဟု ဦးညာဏက ဆိုသည်။

“ ဗုဒ္ဓဘာသာကို တခြားဘာသာဝင်တွေဟာ ဗုဒ္ဓဘာသာဆိုတာ တကယ်အကြမ်းဖက် ဘာသာလား ဆိုပြီးသံ သယတွေ ဖြစ်လာနိုင်တယ်။ အလားတူဘဲ ဗုဒ္ဓဘာသာဝင်တွေထဲကလည်း Time မဂ္ဂဇင်းကရေးတာကို ဖတ်ပြီး တကယ် အကြမ်းဖက်မှုတွေကို ဗုဒ္ဓဘာသာက လုပ်နေပြီလားဆိုပြီး သံသယဖြစ်လာနိုင်တယ်။ ဒီလိုဖြစ်လာတာနဲ့အမျှ စိတ်ဝမ်းကွဲပြားမှုဖြစ်လာနိုင်တာကြောင့်  Time မဂ္ဂဇင်းရေးသားမှုဟာ ဘာသာ၊ လူမျိုး၊ နိုင်ငံအတွက် ဘာဆို ဘာကိုမျှ အကျိုးအပြုတဲ့အပြင် ပဋိပက္ခကိုသာ ဦးတည်သွားနိုင်တယ်။”

၎င်းပြင် ကျေညာချက်ထဲတွင် ဆရာတော် ၀ီရသူနှင့် သံဃာတော်များသည် ဓမ္မဝိနယနှင့်အညီ ဟောပြောလျှက် အမျိုးဘာသာ သာသနာအတွက် ကိုယ်ကျိုးစွန့် ဆောင်ရွက်  နေသူများ ဖြစ်သည်ဟုလည်း ဖော်ပြသည်။

ဇူလိုင်လ (၁) ရက်နေ့ထုတ် တိုင်းမဂ္ဂဇင်းကို မြန်မာနိုင်ငံတွင်သာမက  ဗုဒ္ဓဘာသာနိုင်ငံတခုဖြစ်သည့် သီရိလင်္ကာ နိုင်ငံ တွင်လည်း နိုင်ငံထဲကို သွင်းခွင့် မပြုဘဲ ပိတ်ပင်ထားသည်။

ဇူလိုင် ၁ ရက်နေ့ထုတ် Time မဂ္ဂဇင်းအား အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ Time မဂ္ဂဇင်း အဆောက် အဦရှေ့တွင် မြန်မာဗုဒ္ဓဘာသာ ရဟန်းများ အပါအဝင် မြန်မာနိုင်ငံသား ၅၀ ခန့်က ကန့်ကွက်ဆန္ဒပြခဲ့ကြ ကြောင်း သတင်း ရရှိသည်။

Nyana

Most read this week