ကျောင်းသူနှင့်ဆရာမအား တိုက်ခိုက် လုယက်မှုတွင် သင်္ကာမကင်းသူ သားဖ နှစ်ဦးကို ကျောက်တော်တွင် ရဲက ဖမ်းဆီး

ကျောင်းသူနှင့်ဆရာမအား တိုက်ခိုက် လုယက်မှုတွင် သင်္ကာမကင်းသူ သားဖ နှစ်ဦးကို ကျောက်တော်တွင် ရဲက ဖမ်းဆီး
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်တွင် ယမန်နေ့ (ဇူလိူင်လ ၃ ရက်) နေ့က ကျောင်းဆရာမ တစ်ဦးနှင့် မူလတန်းကျောင်းသူ တစ်ဦးအား တိုက်ခိုက် လုယက်မူ တစ်ခု ဖြစ်ပွားခဲ့ရာ ယခုအခါ ၎င်းမှုခင်းနှင့် ပတ်သက်ပြီး သင်္ကာမကင်းသူ သားဖနှစ်ဦးကို ရဲက ဖမ်းဆီးလိိုက်သည်။

 ဖမ်းဆီးခံရသူ (၂) ဦးမှာ အခင်း ဖြစ်ပွားရာ ကျောက်တော်မြို့နယ် ပီချောင်းဝရှိ မြင်းဂန်းကျေးရွာနှင့် တစ်ဘက်ကမ်းရှိ ပီစိရွာမှ ဖြစ်ကြောင်း ကျောက်တော်မြို့နယ် ရဲမြို့နယ်မှူး ရဲမှူး တင်မောင်က အတည်ပြု ပြောကြားသည်။

“ ပြစ်မှုကို စုံစမ်းဖေါ်ထုတ်နေတုန်း ဖြစ်ပါတယ်။ အခု ပီစိ မူဆလင်ရွာက သားဖ နှစ်ဦးဖြစ်တဲ့ စန်းမောင်နဲ့ မာမောက်ချေတို့ သားအဖကို   သင်္ကာမကင်းမှုနဲ့ ဖမ်းထားတာဖြစ်တဲ့အတွက်  ပြစ်မှု ကျူးလွန်တယ်လို့တော့ မှတ်ယူလို့ မရဘူး။ အခု စစ်ဆေးနေတုန်း ဖြစ်တဲ့ အတွက်  ဒီထက် ပိုပြောလို့ မရပါဘူး” ဟု ဆိုသည်။

ယခုအခါ အဆိုပါ အမှုနှင့် ပတ်သက်ပြီး  (ပ) ၈၀ / ၂၀၁၃ ပြစ်မှု ပုဒ်မ (၃၈၂) ဖြင့် အမူဖွင့်ထားကြောင်း ရဲမှူးက ဆက်လက် ပြောဆိုသည်။

အခင်းဖြစ်ပွားစဉ်နှင့် ပတ်သက်ပြီး ၄င်းက- “ ဖြစ်တာ ၂၀၁၃ ဇူလိူ်င်လ ၃ ရက်နေ့ ညနေ ၈ နာရီခွဲခန့် ၊ ကျောက်တော်မြို့နယ် နဂါရာ အုပ်စု မြင်းဂန်းရွာမှာ  စပါးတောင်းနဲ့ စာပြနေတဲ့ ဆရာမ မဆန်းဆန်းနွယ် (၂၀) နှစ် ဖ ဦးသိန်းမောင်နဲ့ လေးတန်းကျောင်းသူ  မသန်းနွယ် (ဖ) ဦးကျော်သိန်းဦးတို့နှစ်ဦး စာပြပြီး ကျောင်းသူ ကို အိမ်ပြန် ပို့တဲ့အချိန်  ကျောင်းသူလေးက နောက်ဖေး သွားချင်လို့ ဆိုတဲ့အတွက် ဆရာမက သူ့ကို ကိုက် ၃၀ အကွာမှာရှိတဲ့ နောက်ဖေးကိုလိုက်ပို့တယ်။ အဲဒီက အပြန်မှာ လူနှစ်ဦးက တစ်ယောက်စီ ဖမ်းချုပ်ပြီး ချောင်းနားကို ခေါ်သွားတယ်။ နားကပ်တွေကို ဖြုတ်ပြီး ယူသွားပါတယ်။  ဖြစ်စဉ်က ဒါပါဘဲ” ဟု ပြောသည်။

အဆိုပါ အခင်း ဖြစ်ပွားပြီးနောက် အဆိုပါ အမျိုးသမီး နှစ်ဦးအား ရိုက်ပုတ်ပြီး ရေထဲသို့ ပစ်ချထားခဲ့သည်။ ကျေးရွာသားများက အသံကြားသဖြင့် လိုက်လံ ရှာဖွေရာ ဆရာမနှင့်တပည့်အား  ကမ်းစပ်တွင်တွေ့ ရှိရကြောင်း၊ ထို့ကြောင့် ကျောက်တော် ဆေးရုံသို့ ချက်ချင်းကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ယခုအခါ သူမတို့နှစ်ဦးစလုံး ကျောက်တော် ဆေးရုံတွင်  ဆေးကုသမှုခံယူနေသည်ဟုလည်း ရဲမှူးက အတည်ပြု ပြောကြားသည်။

Most read this week