ရခိုင် ဘုန်းတော်ကြီး ပညာရေးသင်ကျောင်းများ ဖွံ့ဖြိုး တိုးတက်ရန် ကြီးကြပ်ရေး ကော်မီတီဖွဲ့

ရခိုင် ဘုန်းတော်ကြီး ပညာရေးသင်ကျောင်းများ ဖွံ့ဖြိုး တိုးတက်ရန် ကြီးကြပ်ရေး ကော်မီတီဖွဲ့
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် ဘုန်းတော်ကြီး ပညာရေးသင်ကျောင်းများ ဖွံ့ဖြိုး တိုးတက်ရေး အတွက် ရည်ရွယ်ပြီး ဘုန်းတော်ကြီး ပညာသင်ကျောင်းများ ကြီးကြပ်ရေး ကော်မီတီကို မေလ ၁၉ ရက်နေ့က ဖွဲ့စည်းလိုက်သည်။

ကော်မီတီသည် ရခိုင်တစ်ပြည်နယ်လုံးရှိ ဘုန်းတော်ကြီး ပညာသင်ကျောင်းများ အားလုံးကို ကိုယ်စားပြုမည် ဖြစ်ကြောင်း အဖွဲ့ အတွင်းရေးမှူး ရွှေစေတီကျောင်းဆရာတော် ဦးအရိယာဝံသက ပြောသည်။

monk-teaching-to-poor-child

“အဓိကတော့ ရခိုင်ပြည်နယ် တစ်ခုလုံးမှာ ရှိတဲ့ (ဘက) ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွေ ဖွ့ံဖြိုး တိုးတက်ဖို့ဆိုရင် ဒါကို ဦးစီးဦးဆောင် ပြုလုပ်နိုင်တဲ့  ကြီးကြပ်ရေး အဖွဲ့မျိုးဆိုတာ ရှိဖို့ လိုအပ် ပါတယ်။ ဒါကို ရည်ရွယ်ပြီး ပြည်နယ် တစ်ခုလုံး အတိုင်းအတာနဲ့ ဖွဲ့စည်း ဆောင်ရွက် ရတာ ဖြစ်တယ်။”

ကြီးကြပ်ရေး ကော်မီတီ ဥက္ကဌဆရာတော်ကို မင်းပြားမြို့ မြောက်ကျောင်း ဆရာတော် အရှင် ဃောသိတရမ္ပ အား ရွှေးချယ်တင်မြှောက်ခဲ့သည်ဟု သိရသည်။

ယခင်က ဘုန်းတော်ကြီးပညာသင်ကျောင်းများတွင် ပညာသင်ကြားပေးနေသည့် ဆရာ ဆရာမ အများ စုမှာ စေတနာဝန် ထမ်းများဖြစ်ကြပြီး တချို့နေရာများတွင် ထောက်ပံ့ကြေး အနည်းငယ်ဖြင့် စာသင်ပေး နေခြင်းဖြစ် သော်လည်း ယခုနှစ် ဇွန်လမှစပြီး မြန်မာအစိုးရမှ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများတွင် စာပေသင်ကြား ပေးနေသည့် ဆရာ၊ ဆရာများကို ထောက်ပံ့ကြေး အဖြစ် ကျပ် ၃၈၀၀၀ ထောက်ပံ့ပေး မည်ဖြစ်ကြောင်း သိရ သည်။

ယခုဖွဲ့စည်းထားသည့် ကြီးကြပ်ရေးကော်မီတီ အနေဖြင့် (ဘက)ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများကို ကြီးကြပ် သွားမည့် အစီအစဉ်များကိုလည်း ဆရာတော် အရိယာဝံသက ယုခုကဲ့သို့ပြောသည်။

“ ကျောင်းတွေမှာ သင်ကြားမှု နည်းစနစ်ကျ မကျ၊ ဆရာ ဆရာမတွေနဲ့ ကျောင်းသားဦးရေ ရှိမရှိ။ အဲဒါတွေကို အဓိက ကြီးကြပ်သွားမယ်။ ပြီးတော့ နည်းပညာပိုင်း ဆိုင်ရာတိုးတက်မှုတွေ ဖြစ်အောင် ကြိုးစားသွားဖို့ စီစဉ်ထားတယ်” ဟု ဆိုသည်။

ရခိုင်ပြည်နယ်တွင် ဘုန်းတော်ကြီးပညာသင် ဘုန်းတော်ကြီးကျောင်းများမှာ ၁၉၉၀ ပြည့်နှစ်မှ စတင် ပေါ်ပေါက်လာခဲ့ပြီး ယခုအခါ ရခိုင်ပြည်နယ်တွင် ဘုန်းတော်ကြီး ပညာသင်ကျောင်းပေါင်း ၉၆ ကျောင်း ရှိကြောင်း သိရသည်။

ယခုလက်ရှိတွင် ရခိုင်ပြည်နယ်တခုလုံးရှိ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများမှ ဆရာ ဆရာမ များကို တစ်ကျောင်းလျှင် တစ်ဦးကျအနေဖြင့် စုစုပေါင်း ရ၅ ဦးကို စစ်တွေမြို့ ရွှေစေတီ ဘုန်းတော်ကြီး ကျောင်းတွင်  ဗြိတိန်သံရုံး ကူညီထောက်ပံ့မှုဖြင့် သင်တန်းများ ပို့ချလျှက်ရှိကြောင်း သတင်း ရရှိသည်။

Most read this week