ပဥ္စမ အကြိမ်မြောက် ရခိုင်ရိုးရာ ရထားဆွဲပွဲ စစ်တွေမြို့တွင် စတင်

ပဥ္စမ အကြိမ်မြောက် ရခိုင်ရိုးရာ ရထားဆွဲပွဲ စစ်တွေမြို့တွင် စတင်
by -
နိရဥ္စရာ

နှစ်စဉ်နှစ်တိုင်း ရိုးရာအစဉ်အလာမပျက် ကျင်းပလေ့ရှိသည့် ရခိုင်ရိုးရာ ရထားဆွဲပွဲကို စစ်တွေမြို့လယ်ရှိ ၀င်္ကဘာကွင်းတွင် ယနေ့စတင် ကျင်းပကြောင်း သတင်း ရရှိသည်။

Rakhine cultures

ရခိုင်ရိုးရာ စစ်တွေ မြို့လုံးကျွတ် ရထားဆွဲပွဲကို ယနေ့ ညနေပိုင်းက အဆိုတော် ဦးမောင်သိန်းမှ ရတု ရွတ်ဆို ဖွင့်လှစ်ပေးခဲ့ပြီး ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးလှမောင်တင်အပါအဝင် တခြားအစိုးရ တာဝန်ရှိသူများ လည်း တက်ရောက်ခဲ့ကြောင်း သိရသည်။

ရခိုင်ရိုးရာ ရထားဆွဲပွဲ ဖြစ်ပေါ်လာပုံအကြောင်းကို စာရေးဆရာ စစ်တွေညိုသန့်က ယခုကဲ့သို့ပြောသည်။

“ရထားဆွဲပွဲ စတင်ဖြစ်လာရတဲ့ အကြောင်းကတော့ ကျွန်တော်တို့ နှစ်မျိုး တွေ့ရပါတယ်။ ပထမတချက်က တော့ ဘုရားရှင်ရဲ့မိခင် မယ်တော်မာယာဟာ   ကပိလဝတ်နဲ့ ဒေဝဒဟ နှစ်ပြည်ထောင် ကြားမှာ နတ်ရွာစံတဲ့အတွက်ကြောင့် ဇာတိဖြစ်တဲ့ ဒေဝဒဟနဲ့ သုဒ္ဓေါဒနမင်းကြီးရဲ့ ကပိလဝတ် တို့က မယ်တော်မာယာ အလောင်းကို သင်္ဂြိုလ်ဖို့အတွက် ရထားမှာ တင်ပြီး လုရာကနေ ရထားဆွဲပွဲ ဖြစ်ပေါ် လာတယ်ဆိုပြီး ဗုဒ္ဓဝင်ကို အခြေခံပြီး တချို့က ယူဆကြပါတယ်။”

သို့သော်လည်း တချို့က မြောက်ဦးခေတ် ရခိုင်မျိုးချစ် အာဇာနည်ကြီး အရှင်မြဝါကို အမှီပြုပြီး ပေါ်ပေါက် လာကြောင်း ပြောဆိုကြသည်ဟု ဆရာ ညိုသန့်က ဆိုသည်။

“မြောက်ဦးခေတ် မင််းဗာဘုရင် လက်ထက်မှာ အမတ်ပညာရှိကြီး ဦးမြဝါဆိုတာ ရှိခဲ့တယ်။ သူက တိုင်းပြည် အနာဂတ် ကို တွက်ချက်ပြီး အသက် စွန့်ဖို့ ဆုံးဖြတ်ခဲ့တယ်။ သူက သူတတ်ထားတဲ့ ဗေဒင် နက္ခတ ပညာအရ သူ့ကို သူသေတဲ့ နေရာမှာ မြှုပ်နှံဖို့ မှာကြားခဲ့ပြီး နန်းလယ်တိုင်မှာ အူကို ပတ်ပြီး နောက်ဆုတ်နောက်ဆုတ် သွားတဲ့အခါ နိမ့်ညံ့တဲ့ နေရာ တစ်ခုမှာ အူဆုံးပြီး သေဆုံးသွားတယ်။ ဒါကို ဘုရင်က သူ့ဆရာကို နိမ့်ကျတဲ့ နေရာမှာ မမြှုပ်နှံလိုဘူး။ ပြည်သူတွေက ဦးမြဝါ မှာကြားတဲဲ့ အတိုင်း နေရာ မပြောင်းဘဲ သူသေတဲ့ နေရာမှာဘဲ မြုပ်နှံလိုတယ်။ မင််းနဲ့ ပြည်သူ အငြင်းပွားကြရာကနေ  ပြည်သူနဲ့ဘုရင့်ဘက်တော်သားတွေက အရှင် မြဝါအလောင်းကို ရထားမှာတင်ပြီး တစ်ဘက်နဲ့ တစ်ဘက် အပြိုင်ဆွဲကြရာကနေ ရထားပွဲ ဖြစ်လာ တယ်ဆိုပြီး အယူရှိကြပါတယ်” ဟု ရထားဆွဲပွဲ စတင် ဖြစ်ပေါ်လာပုံနှင့် ပတ်သက်၍ ဆရာညိုသန့်က ပြောသည်။

တချို့ရခိုင်လူကြီးများကလည်း ရထားပွဲကျင်းပခြင်းအားဖြင့် မိုးလေဝါသ ကောင်းမွန်ပြီး တိုင်းပြည်ငြိမ်းချမ်းကာ စိုက်ပျိုး သီးနှံများ ဖြစ်ထွန်းသည်ဟု ယုံကြည်ကြသည်။

ရခိုင်ရိုးရာ ရထားဆွဲပွဲကို ရခိုင်အမျိုးသားများက ချမ်းအေးသော တပို့တွဲလ (ကုန်ရာသီ) တွင် ကျင့်ပလေ့ရှိ သည်။

ယနေ့စတင်သည့်  စစ်တွေ ရထားဆွဲပွဲတွင် မြို့သူကြီး ရပ်ကွက်နှင့် ဘောက်သီးစုရပ်ကွက်၊ ရွာကြီးမြောက်နှင့် ရူပ မြောက်၊ စက်ရုံစုနှင့်တခြား ရပ်ကွက် တခုတို့ အပြိုင် ဆွဲခဲ့ကြပြီး မနက်ဖန်တွင် ကျန်ရပ်ကွက်များ အပြိုင်အဆိုင် ဆွဲကြမည်ဖြစ်ကြောင်း သိရသည်။

ယနေ့ပြိုင်ပွဲတွင် အနိုင်ရသည့် အသင်းကို ကျပ်ငွေ တစ်သိန်းနှင့် ရှုံးသည့်အသင်းကို ကျပ်ငွေ ရ သောင်းစီ ကျင်းပရေးကော်မီတီမှ ဆု ချီးမြှင့်ခဲ့ကြောင်း သိရသည်။

“ဒီမှာ ညမထွက်ရ အမိန့်ရှိတဲ့ အတွက် ည ၆ နာရီကနေ ၉ နာရီမှာအပြီး ဆိုပြီး သတ်မှတ်ထားပါတယ်။ ဒါပေမဲ့ လူတွေက ပွဲငတ်နေတဲ့အတွက် စည်စည်ကားကားပါဖြစ်ပါတယ်”  ဟု ဆရာညိုသန့်က ပြောသည်။

စစ်တွေမြို့၏ အခြေအနေမှာ မတည်ငြိမ်သေးသဖြင့်  ရထားပွဲတော်ကို ယခင်နှစ် များကဲ့သို့ ညဉ့်နက်ချိန်ထိ ကျင်းပခြင်း မပြုပဲ စောစောစီးစီး ပြီးစီးအောင် ကျင်းပကြသည်ဟု ဆိုသည်။

ပြိုင်ပွဲကိုလည်း အမြန် ပြီးစီးအောင်  ရှုံးထွက်စနစ်ဖြင့် စီစဉ်ထားသည်ဟု ဆိုသည်။

ရိုးရာရထားဆွဲပွဲမှာ ရခိုင်ပြည်နယ်တွင် မောင်တောမြို့မှအပ တခြားမြို့များတွင် နှစ်ပေါင်း ၄၀ ခန့် အကြောင်း အမျိုးမျိုးကြောင့် ပျောက်ကွယ်နေခဲ့ပြီး ၂၀၀၉ ခုနှစ်တွင် စစ်တွေမြို့မိဇံရပ်ကွက်မှ စတင် ပြန်လည် ကျင်းပခဲ့သည်။

ယခုအခါ စစ်တွေမြို့တွင် ကျင်းပသည်မှာ ပဥ္စမအကြိမ်မြောက်ရှိပြီ ဖြစ်သည်။

ယခု ပြုလုပ်နေသော ရိုးရာ ရထားဆွဲပွဲကို ဖေဖော်ဝါရီလ  ၂၃ ရက်နေ့မှ ၂၅ ရက်နေ့ (တပို့တွဲလပြည့်နေ့) အထိ သုံးရက်တိုင်တိုင်ကျင်းပ မည်ဖြစ်ကြောင်း သိရသည်။

Most read this week