ကျောက်ဖြူမြို့နယ်က ကျောက်တောင်တွေ အကုန်လုံးနီးပါး မိုင်းခွဲကျောက်ထုတ်ခံနေရ

ကျောက်ဖြူမြို့နယ်က ကျောက်တောင်တွေ အကုန်လုံးနီးပါး မိုင်းခွဲကျောက်ထုတ်ခံနေရ
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်မှာ အကောင်အထည် ဖေါ်နေတဲ့ ရွှေသဘာဝ ဓါတ်ငွေ့ စီမံကိန်းမှာ လိုအပ်နေတဲ့ ကျောက်တွေ အတွက်  ကျောက်တောင်တွေကို တစ်ခုပြီး တစ်ခု မိုင်းခွဲ ထုတ်လုပ် နေရာမှာ ကျောက်ဖြူမြို့ အရှေ့မြောက်ဘက် ၅မိုင်ခွဲ အကွာမှာရှိတဲ့ မစရိုင်းချောင်းကျွန်းက သမိုင်းဝင် ကျောက်တောင်ကြီးလည်း ပါ၀င်နေပါတယ်။

မင်းဂံရွာအနီး မိုင်းခွဲ ကျောက်ထုတ် လုပ်ငန်း ( ဓါတ်ပုံ- နိရဥ္စရာ)

အဲဒီ ကျောက်တောင်ကြီးကို နေ့စဉ် နေတိုင်း တဒိုင်းဒိုင်း တဝုံးဝုံးနဲ့ မိုင်းခွဲ ကျောက်ထုတ်နေတာ ဖြစ်တယ်လို့ အဲဒီ ကျောက်တောင် အနီးမှာ တည်ရှိတဲ့ မင်းဂံ ကျေးရွာသူ အမျိုးသမီး တစ်ဦးက ပြောပါတယ်။

အဲဒီကျောက်တောင်ကြီးရဲ့ ပတ်ပတ်လည်မှာ ကျေးရွာပေါင်း ၂၀ ခန့် ရှိပြီး အဲဒီကျောက်တောင်ကြီးဟာ လေဘေး ရေဘေး စတဲ့ သဘာဝ ဘေးအန္တာရာယ်ကနေ ကျေးရွာတွေကို ကာကွယ်ပေးထားတယ်လို့ လည်း ဆိုပါတယ်။

ဒါ့အပြင် ရွာသားတွေဟာ အဲဒီကျောက်တောင်ကြီးကို မှီပြီး ကျွဲနွား မွေးမြူ လုပ်စားကိုင် စားသောက်ကြသလို အဲဒီတောင်ကနေ ဒေသခံတွေ အတွက် ထင်းတွေ၊ သစ်တွေလည်း ရရှိတယ်လိို့ ဆိုပါတယ်။

တောင်ပေါ်မှာ ရှေးဟောင်း စေတီတွေနဲ့ ပြိုပျက်နေတဲ့ သမိုင်းဝင် အဆောက်အဦးတွေလည်း ရှိတယ်လို့ ပြောပါတယ်။

ပါးစပ်ရာဇဝင်အရ အဲဒီ တောင်ပေါ်မှာ ရခိုင်ဘုရင် မင်းဗာကြီးကိုယ်တိုင် လာရောက်ခဲ့ပြီး  ဘုရားပုထိုးတွေ၊ စေတီတွေ တည်ထားခဲ့တယ်လို့ သိရတယ်လို့ အဲဒီမင်းဂံရွာသူက ပြောပါတယ်။

ခုလို ကျောက်တောင်ကြီးကို မိုင်းခွဲ ထုတ်လုပ်နေတာက (၂) နှစ်ခန့် ရှိနေပြီ ဖြစ်ပြီး တဖြည်းဖြည်းနဲ့ ကျောက်တောင်ကြီးဟာ ပါးလာပြီး အခုအခါ လူတွေနေတဲ့ နေရာတို့၊ ရှေးဟောင်းဘုရား ရှိတဲ့ နေရာတို့နဲ့ တဖြည်းဖြည်း နီးလာနေတယ်လို့ သူမက ပြောပါတယ်။

ခုလို ကျောက်ထုတ်နေတာ (၂) နှစ် နီးပါးခန့် ရှိနေပြီ ဖြစ်ပေမယ့် ဘယ်ကုမ္ပဏီက လာထုတ် နေတယ် ဆိုတာကကို သူတို့ မသိဘူးလို့ ဒေသခံ လူကြီး တစ်ဦးက ပြောပါတယ်။

သူတို့သိတာက ကျောက်ထုတ် လိုင်စင်ရထားတဲ ဦးကျော်လွှင်ဆိုတဲ့ လူကြီးတစ်ဦးကိုသာ သိရှိပြီး သူတို့ဟာ ဘယ်ကုမ္ပဏီက ဖြစ်တယ်။ ဘာကြောင့် ကျောက်လာထုတ်နေတယ်ဆိုတာကိုလည်း မမေးရဲကြဘူးလို့ ဒေသခံ လူကြီးက ဆက်ပြောပါတယ်။

မေးရင်လည်း ဘာမှ ထူးမှာ မဟုတ်သလို အထက်က ခွင့်ပြုချက်နဲ့ လာကျောက်ထုတ်နေတာကြောင့် ဒေသခံ ပြည်သူတွေရဲ့ ပြောစကားတွေကိုလည်း သူတို့က ဂရုမစိုက်သလို အရေးလည်း မလုပ်ကြဘူးလို့ မင်းဂံရွာသူ အမျိုးသမီးက ဆိုပါတယ်။

ဒေသခံ မျက်မြင်တွေ အပြောအရ မိုင်းခွဲထုတ်လုပ်လိုက်တဲ့ ကျောက်တွေကို ကျောက်ဖြူကို မော်တော် ဘုတ်တွေနဲ့ သယ်ယူသွားပြီး အဲဒီမှာ ရှိနေတဲ့ Myanmar Golden Crown ( မြန်မာရွှေသရဖူ) ကုမ္ပဏီမှာ သွားသွင်းတယ်လို့ ပြောပါတယ်။

အခုလို တောင်တွေကို မိုင်းခွဲ ကျောက်ထုတ်နေတာကြောင့် တောင်ပေါ်မှာ ကျက်စားနေထိုင်ကြတဲ့ တောရိုင်းတိရစ္ဆာန်တွေကိုလည်း အထူးထိခိုက်နေတယ်လို့ ပြောပါတယ်။ တောင်ပေါ်က မြွေတွေဟာ လူနေ ရွာတွေထဲကို ၀င်ရောက်လာပြီး ကိုက်တဲ့ အတွက် ကျောက်တောင် အနီးမှာ တည်ရှိတဲ့ လောတဲ ကျေးရွာက လူ တစ်ဦး သေဆုံးသွားပြီး နောက်တစ်ဦးကိုတော့ ဆေးရုံကို အချိန်မှီ တင်ပို့ခဲ့ရတယ်လို့ ပြောပါတယ်။

ဒေသခံ အများစုကတော့ ကျောက်တောင်ကြီးဟာ သမိုင်းနဲ့ ချီပြီး သူတို့ ဒေသမှာ တည်ရှိခဲ့တာကြောင့် ကျောက်တောင်ကြီး ပြိုပျက်သွားမှာကို အထူး နှမြောနေကြတယ်လို့ ပြောပါတယ်။

ကျောက်တောင်ကြီး မရှိရင် သူတို့ရွာတွေကို လေမုန်တိုင်း စတဲ့ သဘာဝ ဘေးအန္တရာယ်တွေ ကျရောက်လာ မှာကို ရွာသားတွေက အထူး စိုးရိမ်နေကြတယ်လို့ ပြောပါတယ်။

အဲဒီ ကျောက်တောင်ကြီး အနီးမှာ တည်ရှိတဲ့ မင်းဂံ( မှန်ပြောင်း)ရွာ၊  တောင်ရှည်၊ ဥက္ကာပြင်၊ သက်ကယ်ဂျိုင်၊ ၀ါးတော၊ လောတဲ၊ ကညင်တော စတဲ့ ရွာတွေ ရှိကြပြီး ပညာတတ်သူနည်းပါးတဲ့ အတွက် ခုလို သူတို့ဒေသရဲ့ သမိုင်းဝင် ကျောက်တောင်ကြီးကို မိုင်းခွဲ ဖြိုဖျက်နေတာနဲ့ ပတ်သက်ပြီး ဘယ်သူမှ အထက်ကို မတိုင်ကြားရဲ သလို ကန့်ကွက်် ပြောဆိုမူတွေလည်း မလုပ်ရဲကြဘူးလို့ ဆိုပါတယ်။

ဒေသအတွင်းမှာ ရှိတဲ့ ရခိုင် နိုင်ငံရေးပါတီတွေ၊ ရခိုင် လူမူ အဖွဲ့အစည်းတွေနဲ့ အန်ဂျီအိုတွေကလည်း သူတို့ ဒေသအတွင်းမှာ ဖြစ်ပျက်နေတာတွေနဲ့ ပတ်သက်ပြီး တစ်စုံတစ်ရာ စိတ်ဝင်စားမူ မရှိဘဲ မျက်ကွယ် ပြုထားကြတယ်လို့ ဆိုပါတယ်။

ဒေသအတွင်းက ပြည်သူတွေ အားကိုးမှီခိုနေရတဲ့ သမိုင်းဝင် ကျောက်တောင်ကြီး တစ်ခုကို မိုင်းခွဲပြီး  လုပ်ချင်တိုင်းလုပ်၊ ထုတ်ချင်သလို ထုတ်ခွင့်ရနေတာဟာ ဒေသအတွင်းမှာ တည်ရှိတဲ့ နိုင်ငံရေး ပါတီတွေ၊ လူမူ အဖွဲ့အစည်းတွေရဲ့ ပျော့ညံ့ချက်ကြောင့် ဖြစ်တယ်လို့ ဒေသခံ တစ်ဦးကတော့ သူအမြင်ကို ပြောပြသွားပါတယ်။

Most read this week