ဒု-ဦးစီးမှူးနှင့် ကျေးရွာအုပ်ချုပ်ရေးမှူး ပူးပေါင်း၍ လယ်သမားများထံမှ စပါးသိမ်း

ဒု-ဦးစီးမှူးနှင့် ကျေးရွာအုပ်ချုပ်ရေးမှူး ပူးပေါင်း၍ လယ်သမားများထံမှ စပါးသိမ်း
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် မင်းပြားမြို့နယ် သက်ဖုန် ကျေးရွာတွင် လယ်သမားများပိုင်သော စပါးများကို မြို့နယ် ဒုဦးစီးမှူးနှင့် ကျေးရွာ အုပ်ချုပ်ရေးမှူးတို့က သိမ်းယူနေသည်ဟု ကျေးရွာသားများက ပြောသည်။

 Comana Chapman

“အခုဘဲ စပါးတွေကို ကျေးရွာ အုပ်ချုပ်ရေးမှူး အိမ်ကို ပြောင်းရွှေ့နေကြပါတယ်။ အခုဘဲ စပါးတွေကို တောင်းအလိုက်  ချိန်တွယ်ပြီး ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစိန်ကျော်ဝင်းအိမ်ကို အလုပ်သမားတွေနဲ့ ပြောင်းရွှေ့နေကြပါတယ်” ဟု ရွာသား တစ်ဦးက ပြောသည်။

စပါးများကို တလင်းမှ သိမ်းယူနေကြခြင်း ဖြစ်ပြီး သိမ်းယူရာတွင် မြို့နယ် ဒုဦးစီးမှူး ဦးမောင်ထွေးခိုင်၊ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစိန်ကျော်ဝင်းနှင့် ဒုရဲအုပ်ဝင်းနိုင်နှင့် နောက်ထပ် ရဲသား တစ်ဦးတို့ ပါ၀င်သည်ဟု သိရသည်။

“စပါး ၄၀၀၅ တောင်းကို ချိန်တွယ်ပြီး ယူနေပါတယ်။ ကျွန်တော်တို့ ဘယ်လိုမှ ပြောလို့ မရပါဘူး။ ကျွန်တော်တို့  ပြောတာကို မြို့နယ် အာဏာပိုင်တွေက လုံးဝ နားမထောင်ဘူး။ ကျေးရွာအုပ်ချုပ်ရေးမှူး စကားကိုဘဲ နားထောင်ပြီး မြို့နယ်က လူတွေက ဆောင်ရွက်နေကြတာပါ” ဟု ဆိုသည်။

စပါး အသိမ်းခံရသော လယ်သမားများမှာ  ဦးသာထွန်းစိန်၊ ဦးထွန်းသာစံ၊ မောက်သာထွန်း၊ မောင်ဖြူ၊ သန်းနုအေး၊ စံသာထွန်း၊ လှဝင်းမောင် အပါအဝင် လယ်သမား (၈) ဦး ဖြစ်ပြီး  လယ် ရ၄ ဧကမှ စပါးများ ဖြစ်ကြသည်ဟု ဆိုသည်။

လယ်ဧက ရ၄ ကို လယ်သမား ၈ ဦးက မိဘ ဘိုးဘွားလက်ထက်က ပိုင်ဆိုင်လာသည်ဟု သိရပြီး  ၂၀၀၄ ခုနှစ်က စစ်တပ် အကူအညီဖြင့် မင်းပြားမြို့မှ စီးပွားရေး သမား ဦးမောင်မောင်ထွန်းနှင့် ဦးစိန်ကျော်ဝင်တို့မှ သိမ်းယူသွားခဲ့သည်ဟု ဆိုသည်။

“ကျွန်တော်တို့မှာ ပြေစာတွေ၊ အခွန်သွင်းခဲ့တဲ့ ငွေဖြတ်ပိုင်းတွေ အကုန်လုံးရှိပါတယ်။ ဘိုးစဉ် ဘောင်ဆက် ဓါးမဦးချ လုပ်စားလာတာပါ။ ဒါကို မင်းပြားမြို့က စီးပွားရေး သမား ဦးမောင်မောင်ထွန်းနဲ့ ယခင် ရယက ဥက္ကဌ ဖြစ်နေခဲ့တဲ့ ဦးစိန်ကျော်ဝင်းတို့က စစ်တပ်နဲ့ပေါင်းပြီး မြေလွှတ် မြေရိုင်းတွေ ဆိုပြီး သိမ်းယူသွားပါ တယ်။ ဒီနှစ်မှာ လယ်သမား ၈ ဦးက မိမိ လယ်မြေတွေပေါ်မှာ ထွန်ယက်စိုက်ပျိုးပြီး စပါးမှည့်လာတဲ့ အခါ ဦးစိန်ကျော်ဝင်းက သူပိုင်တဲ့ လယ်တွေ ဖြစ်တယ်ဆိုပြီး မြို့နယ်က အရာရှိတွေနဲ့ ပေါင်းပြီး စပါးတွေကို သိမ်းယူနေတာပါ” ဟု လယ်သမား တစ်ဦးက ပြောသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး မင်းပြားမြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသာကျော်အား နိရဥ္စရာက ဆက်သွယ်မေးမြန်းရာ မျှမျှတတ ဆောင်ရွက်ကြရန် သက်ဆိုင်ရာကို အကြံပြုထားကြောင်း သူက ပြောဆိုသည်။

“ကျွန်တော်က လွှတ်တော်ကိုယ်စားလှယ်သာ ဖြစ်ပြီး အုပ်ချုပ်ရေး အာဏာပိုင် မဟုတ်ဘူး။ ဒါကြောင့် ကျွန်တော်က ၀င်ရောက် ဆုံးဖြတ်ပေးလို့ မရဘူး။ ဒါကြောင့် မျှမျှတတ လယ်သမားတွေဘက်ကလည်း မနစ်နာရအောင် ဆောင်ရွက်ကြဖို့ ကျွန်တော်က အကြံပြုထားတယ်။ အခု ကြားတာက မြို့နယ်က လူတွေပါ သွားရောက်ပြီး စပါးတွေကို သိမ်းနေတယ်လို့ ကြားရပါတယ်” ဟု ဦးသာကျော်က ပြောသည်။

လယ်ဧက ရ၄ ဧကရှိ စပါးများကို တက်ရောက် ရိတ်သိမ်းရာတွင် စပါးရိတ်ခ ကျပ်ငွေ (၃၈) သိန်း ကုန်ကျ သည်ဟု ပြောပြီး  ဦးစိန်ကျော်ဝင်းက မြို့နယ် အုပ်ချုပ်ရေး အရာရှိများ၏ အကူအညီကိုယူကာ စပါးတောင်း ပေါင်း (၄၀၀၀) ကျော်ကို တလင်းမှ ချိန်တွယ်ပြီး ယူဆောင်နေသည်ဟုတစ်ခြား ဒေသခံ တစ်ဦးကလည်း ပြောသည်။

လယ်သမားများ အကြား အငြင်းပွားနေရာတွင် မြို့နယ် ဒုဦးစီးမှူး ဦးမောင်ထွေးခိုင် အပါအဝင် မြို့နယ် အရာရှိများမှ ကြားထဲမှ မရပ်တည်ဘဲ မည်သည့်အတွက်ကြောင့် ဘက်လိုက် ရပ်တည်ရပါသလဲဟု ဦးသာကျော်ကို ဆက်လက် မေးမြန်းရာ သူက ယခုလို ပြောသည်။

“ပြောရခက်ပါတယ်။ ဦးစိန်ကျော်ဝင်းက လက်ရှိ အုပ်ချုပ်ရေးမှူးလည်း ဖြစ်တယ်။ မြို့နယ်က လူတွေလည်း သူတို့ဘက်ကို ပါနေတာက တန်စိုးလက်ဆောင်တွေလည်း ရတယ်လို့ ထင်ပါတယ်” ဟု ပြောသည်။

တစ်ခြား ဒေသခံ တစ်ဦးကလည်း မြို့နယ် အာဏာပိုင်များ အနေဖြင့် ငွေယူပြီး ဦးစိန်ကျော်ဝင်းဘက်မှ လိုက်ပါ ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း ပြောကြားသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး မင်းပြားမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးသို့ ဖုံးဖြင့် ဆက်သွယ်မေးမြန်းရာ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးမှာ ရုံးသို့ မရောက်ရှိသေးကြောင်း ရုံးစာရေးမ တစ်ဦးက ပြောဆိုပြီး အိမ်သို့ ဆက်သွယ်ရာ အုပ်ချုပ်ရေးမှူးမှာ ရုံးသို့သွားပြီဟု ပြောသဖြင့် အဆက်အသွယ် မရရှိခဲ့ပါ။

လယ်သမား (၈) ဦးမှာ သူတို့ စိုက်ပျိုးထားသော စပါးများကို မြို့နယ် အာဏာပိုင်များကိုယ်တိုင် ကျေးရွာ အုပ်ချုပ်ရေးမှူးဘက်မှ ရပ်တည်ပြီး စီးပွားရေး သမားများနှင့် ပေါင်းကာ သိမ်းယူနေသဖြင့် သူတို့ အရေးကို ဆောင်ရွက်ပေးရန် တိုင်ကြားစရာလည်း နေရာ မရှိဘဲ ဖြစ်နေကြရာမှ အထူး စိတ်ဓါတ်ကျကာ အခက်အခဲ  ဖြစ်နေကြသည်ဟု သိရသည်။

Most read this week