ကျေးရွာ အုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲ ရွာသားများ အကြား စိတ်ဝမ်းကွဲမူ ပေါ်ပေါက်

ကျေးရွာ အုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲ ရွာသားများ အကြား စိတ်ဝမ်းကွဲမူ ပေါ်ပေါက်
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ဗူးရွက်မညိုး ကျေးရွာ အုပ်စု အတွင်း ကျေးရွာ အုပ်ချုပ်ရေးမှူး ရွှေးချယ်တာနဲ့ ပတ်သက်ပြီး မကျေလည်မူတွေ ရှိတဲ့ အတွက် ရွာသားတွေ အကြားမှာ စိတ်ဝမ်းကွဲမူတွေ အကြီးအကျယ် ပေါ်ပေါက် နေတယ်လို့ သိရပါတယ်။

ယခင်ကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်း ဖြစ်တဲ့ ဦးမောင်လှအောင်ကို ဗူးရွက်မညိုးနဲ့ အဲဒီအုပ်စုထဲမှာ ပါတဲ့ အောက်သကန် ကျေးရွာက ရွာသား တစ်ရာကျော်ခန့်က လူမူရေး ဖေါက်ပြန်မူတွေရှိတယ် ဆိုပြီး စွပ်စွဲကာ ကျေးရွာ အုပ်ချုပ်ရေးမှူး ပြန်လည် ရွှေးချယ်ပွဲမှာ ပါ၀င်ခွင့် မပြုသင့်ကြောင့် မြောက်ဦးမြို့နယ် အုပ်ချုပ်ရေးမှူးကို စာရေး ကန့်ကွက်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် မြို့နယ် အုပ်ချုပ်ရေးမှူးက တစ်စုံတစ်ရာ စစ်ဆေးမေးမြန်းမူ မရှိဘဲနဲ့ အုပ်ချုပ်ရေးမှူး ရွေးခွင့် ပြန်ပြုခဲ့တယ်လို့ ပြောပါတယ်။

ခုလို ကျေးရွာသား ၁၀၀ ကျော် ကန့်ကွက်တဲ့ အပေါ် တစ်စုံ စစ်ဆေး မေးမြန်းမူ မရှိဘဲ အုပ်ချုပ်ရေးမှူး ရွှေးချယ်ခွင့်ပြုပေးခဲ့တာဟာ မြို့နယ် အုပ်ချုပ်ရေးမှူး အနေနဲ့ သတ်မှတ်ထားတဲ့ စည်းကမ်းကို ဗြောင်ချိုးဖေါက်တာ ဖြစ်တယ်လို့ ရွာသား တစ်ဦးက ဆိုပါတယ်။

ကျေးရွာ အုပ်ချုပ်ရေးမှူးတွေ အတွက် သတ်မှတ်ထားတဲ့ အချက် (၉) ထဲမှာ လူမူရေး ဖေါက်ပြန်သူ မဖြစ်စေရ၊ ကျေးရွာသားအများစုက မကြည်ညိုသူ မဖြစ်စေရလို့ ဥပဒေမှာ ပါရှိတယ်လို့ ကျေးရွာသားက ပြောပါတယ်။

တိုင်ကြားတဲ့ ကျေးရွာသား (၁၀၀) ကျော်ကိုလည်း အမှန်တကယ်အားဖြင့် ကျေးရွာ အုပ်ချုပ်ရေးမှူး ရွှေးချယ်ပွဲ မပြုလုပ်မှီ အကျိုးအကြောင်းကို ခေါ်ယူ စစ်ဆေးရမှာ ဖြစ်ပေမယ့် ဘာမှ မစစ်ဆေးဘဲ ဦးမောင်လှအောင်ကို ကျေးရွာ အုပ်ချုပ်ရေးမှူး အဖြစ် ရွှေးချယ်ပြီးတဲ့ နောက်ပိုင်း ဒီဇင်္ဘာလ ၂၉ ရက်နေ့ကမှ စစ်ဆေးခဲ့တယ်လို့ ရွာသားတွေက ပြောပါတယ်။

စစ်ဆေးတဲ့ အဖွဲ့ထဲမှာ စိုက်ရှည် မန်နေဂျာ၊ အားကာ ဦးစီးမှူးနဲ့ စိုက်ဘဏ်က ဒုမန်နေဂျာ တစ်ဦးတို့ ပါ၀င်ပြီး ခေါ်ယူစစ်ဆေးတဲ့ နေရာမှာလည်း တိုင်ကြားတဲ့သူတွေကို အနည်းငယ် စစ်ဆေးပြီး မတိုင်ကြားတဲ့ အုပ်ချုပ်ရေးမှူးဘက်က ပါတဲ့ ရွာသားတွေကို အများစု ခေါ်ယူ စစ်ဆေးခဲ့တယ်လို့ ပြောဆိုပါတယ်။

ခုလို မျက်နာ ပေးတာဟာ ဘာကြောင့်လဲဆိုတာကိုလည်း ရွာသားတွေက မသိဘူးလို့ ပြောပါတယ်။

အခု ကျေးရွာ အုပ်ချုပ်ရေးမှူး ရွှေးချယ်ပွဲနဲ့ ပတ်သက်ပြီး ဗူးရွက်မညိုး အုပ်စုမှာ ပြဿနာတွေ ပေါ်ပေါက် နေချိန်မှာ “ အုပ်ချုပ်ရေးမှူး ရွှေးချယ်တာ မမှန် မကန် တွေ့ရှိပါက တိုင်ကြားပါ၊ မဟုတ်မမှန် တိုင်ကြားတာကို တွေ့ရှိရင် ဥပဒေနဲ့ အညီ အရေးယူမယ်” ဆိုပြီး မြို့နယ် အုပ်ချုပ်ရေးမှူး အမိန့်နဲ့ ရွာမှာ အခုအခါ စာတွေ ကပ်တဲ့ အတွက် ကျေးရွာသားတွေ ကြားထဲမှာ ပြဿနာတွေ ပိုကြီးထွားလာနေတယ်လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ်အတွင်း အုပ်ချုပ်ရေး အာဏာပိုင် တချို့ဟာ အောက်ခြေ လူမူ အဖွဲ့အစည်း အတွင်းမှာ တချို့ ကိစ္စရပ် တွေကို ဥပဒေ အညီ မဆောင်ရွက်တဲ့ အပြင် ဘက်လိုက်ပြီး ဆောင်ရွက်တာကြောင့် ရွာကွဲတာတို့၊ ဘုန်းကြီး တစ်ကျောင်းကနေ နှစ်ကျောင်း ဖြစ်သွားတာတို့၊ ရွာသားအချင်းချင်း ခုတ်ထစ် သတ်ဖြတ်ကြတာတို့ အများကြီး ဖြစ်ပေါ်ပေါက်ခဲ့ဖူးပါတယ်။

ဒါကြောင့် အခုမြောက်ဦးမြို့နယ် ဗူးရွက်မညိုးမှာ ဖြစ်နေတဲ့ ကျေးရွာ အုပ်ချုပ်ရေးမှူး ရွှေးချယ်ရေးနဲ့ ပတ်သက်ပြီးလည်း ရွာသားတွေ အကြား စိတ်ဝမ်းကွဲပြားမူတွေ ပေါ်ပေါက်နေတာကို သက်ဆိုင်ရာ လူကြီးတွေ အနေနဲ့ အမြန်ဆုံး ထိန်းသိမ်းပေးဖို့ လိုအပ်နေတယ်လို့လည်း ကျေးရွာသားတွေက ပြောဆိုပါတယ်။

Most read this week