ရခိုင်ရေပြင် ငါးဖမ်း လုပ်ကွက် လေလံစနစ် ဖျက်သိမ်းမည်

ရခိုင်ရေပြင် ငါးဖမ်း လုပ်ကွက် လေလံစနစ် ဖျက်သိမ်းမည်
by -
နိရဥ္စရာ

လာမည့် ဘဏ္ဍာရေးနှစ် ၂၀၁၃-၂၀၁၄ မှ စပြီး ရခိုင်ပြည်နယ် အတွင်း မြစ်ချောင်းအင်းအိုင် ပယ်လယ်ပြင် ကမ်းနီး ရေပြင်များအား ငါးဖမ်း လုပ်ကွက်များ အပိုင်းလိုက် သတ်မှတ်ကာ နှစ်စဉ် လေလံတင်နေမူကို ရပ်ဆိုင်းတော့မည် ဖြစ်သည်။

 Dany 13 on flickr

ရခိုင်ပြည်နယ် လွှတ်တော် ပဥ္စမ အကြိမ် ပဥ္စမနေ့တွင် ထိုသို့ ရပ်ဆိုင်းရန် ဆုံးဖြတ်ခဲ့သည်ဟု စစ်တွေမြို့နယ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မြကျော်က ပြောသည်။

“ချင်းရေးရာ ၀န်ကြီး ဦးကိုကိုနိုင်က ရခိုင်ပြည်နယ် အတွင်း ငါးဖမ်းလုပ်ကွက်တွေ သတ်မှတ်ပြီး ပင်လယ်၊ မြစ်ချောင်း၊ အင်းအိုင်တွေကို လေလံတင်နေတာဟာ ရခိုင် ပြည်သူလူထုကို အထူး ဒုက္ခဖြစ်နေတဲ့ အတွက် ရခိုင်ပြည်နယ် အစိုးရ အနေနဲ့ ပြန်လည် စဉ်းစားပေးပါရန် အဆိုကိုတင်ပါတယ်။ အဲဒီအဆိုကို ကိုယ်စားလှယ်တွေက ၀ိုင်းဝန်းထောက်ခံကြတဲ့ အတွက် အတည်ဖြစ်သွားပါတယ်” ဟု ပြောသည်။

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီမှ လက်ရှိ ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ ထဲတွင် ပါ၀င်နေသူ မွေးမြူရေးနှင့် ရေလုပ်ငန်း ၀န်ကြီး ဦးကျော်သိန်းမှ ၎င်းအဆိုကို နောက်တစ်ကြိမ် လွှတ်တော် အစည်းအဝေးထိ ရွှေ့ဆိုင်းရန် တောင်းဆိုခဲ့သည်ဟု သိရသည်။

လွှတ်တော် ကိုယ်စားလှယ်အများစုမှ ရေပြင်များကို လေလံတင်ပြီး စီးပွားရေး သမားများကို လေလံပေးသော စနစ်မှာ ဒေသခံ ရခိုင်ပြည်သူများ အကြီးအကျယ် ဒုက္ခရောက်စေသဖြင့် ချက်ချင်း ဆုံးဖြတ်ချက် ချရန် တောင်းဆိုခဲ့ရာ အဆိုပါနေ့တွင်ပင် လွှတ်တော် ဥက္ကဌမှ ၎င်းအဆိုကို အတည်ပြုပေးခဲ့သည်ဟု ဆိုသည်။

“ဒီ လေလံ စနစ်ကြောင့် ရခိုင် လူထုတွေဟာ အထူး နစ်နာခဲ့ရတယ်။ တနှစ် တနှစ်ကို သိန်းပေါင်း လေး-ငါးထောင် အလိုလို ပေးသွင်းနေကြရတယ်။ မြစ်တွေ ချောင်းတွေမှာ လွတ်လပ်စွာ ငါးဖမ်းလို့ မရဖြစ်ခဲ့ကြရ တယ်။ ဒီစနစ်ကြောင့် လူထုတစ်ရပ်လုံး ဒုက္ခရောက်ခဲ့ကြရတယ်။ အခုလို လေလံစနစ်ကို ပယ်ဖျက်လိုက်တဲ့ အတွက် ရခိုင်လူထု အတွက် အကျိုး ရှိတာကြောင့် ကျွန်တော်တို့က ၀မ်းသာပါတယ်” ဟု ဦးအောင်မြကျော်က ပြောသည်။

ယခုကဲ့သို့ မြစ်ချောင်း အင်းအိုင် ကမ်းနီး ပယ်လယ်ပြင်များအား ငါးဖမ်း လုပ်ကွက်များ သတ်မှတ်ကာ လေလံပေးသော စနစ်ကို ၁၉၈၈ ခုနှစ် စစ်တပ် အစိုးရ အာဏာရရှိလာသည့် အချိန်မှ စတင် ကျင့်သုံးလာခဲ့သည်။

ထိုစနစ်ကြောင့် ငါးဖမ်းသမားများ အနေဖြင့် ရေပြင် တစ်ခုခုတွင် ငါးဖမ်းလိုပါက ငါးဖမ်းလှေ အလိုက်ဖြစ်စေ၊ ပိုက်ကွန် တစ်ခုစီ အလိုက်ဖြစ်စေ လေလံရရှိသူ စီးပွားရေး သမားများထံ ငွေပေးသွင်းပြီးမှ ငါးဖမ်းခွင့် ရခဲ့ကြသည်။ အလားတူ ဒေသခံ ရခိုင်ပြည်သူများ အနေဖြင့် မိမိအိမ်ရှေ့မှ မြစ်ချောင်း အင်းအိုင်များတွင်ပင် ငါးရှာဖွေ ဖမ်းဆီး စားသောက်ခွင့် မရ ဖြစ်ခဲ့ကြရသည်။

ချောင်းထဲသို့ ဆင်းလျှင် ငါးဖမ်းကွန်တစ်လက်ကို ကျပ် ၅၀၀၊ ငါးမျှားတံ တစ်လက်ကို ကျပ် ၃၀၀ စသဖြင့် ချောင်းများကို လေလံရသူများက ကောက်ခံခဲ့သည်။

အဆိုပါ လေလံစနစ်သည် နဝတနှင့် နအဖ ခေတ်တွင် ရခိုင်ပြည်နယ် တွင် တာဝန်ကျခဲ့သော တိုင်းမှူးများအား လည်း အထူး အကျိုးစီးပွား ဖြစ်စေခဲ့သည်ဟု ဆိုသည်။

လေလံသမား စီးပွားရေး လုပ်ငန်းရှင်များသည်  မြစ်ချောင်းအင်းအိုင် ပင်လယ်ပြင် လုပ်ကွက်များကိုလေလံရရှိ ရေးအတွက် အာဏာရှိသူ တိုင်းမှူး၊ ဒုတိုင်းမှူး၊ ဗိုလ်မှူး၊ ဗိုလ်ချုပ်များအား ကျပ်သိန်းရာချီ၍ လာဒ်ထိုးခဲ့ကြ ရသည်ဟု ဆိုသည်။

ထိုသို့ လာဒ်ထိုးမှ လေလံပစ်သော အခါ အဆိုပါ ရေပြင် လုပ်ကွက်များကို လေလံရရှိသည်ဟု ပြောသည်။

ရခိုင်ပြည်နယ် မောင်တောမြို့နယ် တောင်ပိုင်း အလယ်သံကျော် ပင်လယ်ပြင်မှာ ငါးအလွန်ပေါသော ငါးဖမ်းလုပ် ကွက် ဖြစ်သဖြင့် အဆိုပါ ပင်လယ်ပြင်အား လေလံဆွဲလိုသူ အထူးများပြားရာ လေလံရလိုသူ တစ်ဦး အနေဖြင့် တိုင်းမှူးဖြစ်သူအား နှစ်အလိုက် သိန်းထောင်ချီပြီး လာဒ်ပေးရသည်ဟု ဆိုသည်။

ထိုကဲ့သို့ မြစ်ချောင်း အင်းအိုင် ပင်လယ်ပြင် လေလံ စနစ်ကြောင့် ရေပြင်ကိုမှီပြီး လုပ်ကိုင် စားသောက်နေကြ သော ဒေသခံ ရခိုင်ပြည်သူများမှာ ကုန်းကောက်စရာ မရှိအောင် ဆင်းရဲသွားခဲ့ကြရပြီး ရခိုင်ပြည်နယ်တွင် တာဝန်ကျခဲ့သော စစ်ဘက်ဆိုင်ရာ အရာရှိိကြီးများမှာ သန်းကြွယ် သူဌေးများ အဖြစ််သို့ နေ့ချင်း ညချင်း ရောက်ရှိသွားခဲ့ကြသည်။

မြန်မာ စစ်ဘက်ဆိုင်ရာ အရာရှိများသည် ကုန်းပေါ်တွင် လယ်မြေများကို သီးစားချရန် သိမ်းယူခဲ့ပြီး ရေပြင်တွင်မူ လုပ်ကွက်များ သတ်မှတ်ကာ လေလံတင် ရောင်းစားခဲ့ကြသည်။

သို့့အတွက် ရခိုင်ပြည်နယ်သည် စစ်အစိုးရ လက်အောက်တွင် မြန်မာနိုင်ငံ၌ ဒုတိယ အဆင်းရဲဆုံး ပြည်နယ် အဖြစ်သို့ ရောက်ရှိခဲ့ရသည်။