ရခိုင် ၀ါရင့်နိုင်ငံရေး သမားကြီး ဦးခွေးဘီလူး ကွယ်လွန်

ရခိုင် ၀ါရင့်နိုင်ငံရေး သမားကြီး ဦးခွေးဘီလူး ကွယ်လွန်
by -
နိရဥ္စရာ

အမျိုးသားရေးသား နိုင်ငံရေး လမ်းကြောင်းတွင် နှစ်ရှည်လများ  ပါ၀င် လုပ်ကိုင်ခဲ့သူ တစ်ဦးဖြစ်သည့် ခွေးဘီလူး အမည်ဖြင့် လူသိများသော ဆရာဦးစံရွှေဦးသည် နိုဝင်္ဘာလ ၂၂ ရက်နေ့က ညနေ ၁၀ နာရီတွင် ကွယ်လွန် သွားခဲ့သည်။

ဦးစံရွှေဦးသည် ကွယ်လွန်ချိန်တွင် အသက် (၇၃) နှစ် ရှိပြီး လည်ချောင်း ကင်ဆာ ရောဂါဖြင့် ကွယ်လွန်အနိစ္စ ရောက်သွားကြောင်း သိရပါသည်။

သူသည် ရခိုင် အမျိုးသားရေး လူပ်ရှားမူတွင် အစဉ် တစိုက်ပါ၀င်ခဲ့ပြီး စစ်အာဏာရှင် စနစ်အား ဆန့်ကျင် တော်လှန်ရာတွင်  ထိပ်တန်း ခေါင်းဆောင် တစ်ဦး အဖြစ် ပါ၀င်ခဲ့သည်။ သို့အတွက် ထောင်အကြိမ်ကြိမ် ကျခံခဲ့ရသူ ဖြစ်သည်။

၁၉၈၈ ခုနှစ်တွင် ပေါ်ပေါက်ခဲ့သော ၈၈လေးလုံး ပြည်သူ့ အရေးတော်ပုံတွင်လည်း စစ်တွေမြို့တွင် ရှေ့တန်း ပါ၀င်ခဲ့သူ  ခေါင်းဆောင် တစ်ဦး ဖြစ်ပြီး ပြန်ကြားရေးဌာန တာဝန်ခံ အဖြစ် ဆောင်ရွက်ခဲ့သည်ဟု သိရသည်။

၂၀၀၁ ခုနှစ်ကလည်း စစ်တွေတွင် ပေါ်ပေါက်ခဲ့သော ရခိုင်- ဘင်္ဂလီ မွတ်ဆလင် အရေးအခင်းတွင် ထောင် (၇) နှစ်ချမှတ်ခံခဲ့ရပြီး စစ်တွေ ဆန်ပြဿနာနေ့၊ ဆရာတော်ဦးဥတ္တမနေ့ အခမ်းအနားများ ကျင်းပပြုလုပ်မူ ကြောင့်လည်း အကြိမ်ကြိမ် ဖမ်းဆီး ထောင်ချခဲ့ရသည်ဟု သားဖြစ်သူက နိရဥ္စရာသို့ ပြောသည်။

သူ့အား ဖခင်ဦးမဲနက်နှင့် မိခင်ဒေါ်မသိန်းနုမှ မွေးဖွားခဲ့ပြီး ကွယ်လွန်ချိန်တွင် ဇနီး တစ်ဦးနှင့် သား ဦးဝေခိုင်စံ၊ မောင်ရဲစံနှင့် သမီး ဒေါ်သိန်းသန်းစံ၊ ဒေါ်မိုးအေးစံနှင့် ထွန်းလင်းစံ တို့ကျန်ရစ်ခဲ့ကြောင်း သိရပါသည်။

ဆရာ ဦးစံရွှေဦး ( ဦးခွေးဘီလူး)အား ယနေ့ နိုဝင်္ဘာလ ၂၄ ရက်နေ့ နေ့လည် (၁) နာရီတွင် သဂြိင်္ုလ်မည် ဖြစ်ကြောင်း သိရပါသည်။

Most read this week