တောင်ကုတ်မြို့နယ် NLD ကျေးရွာအုပ်စု ညီလာခံများ ဆက်လက် ပြုလုပ်

တောင်ကုတ်မြို့နယ် NLD ကျေးရွာအုပ်စု ညီလာခံများ ဆက်လက် ပြုလုပ်
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကျေးရွာအုပ်စု ညီလာခံများဆက် လက် ကျင်းပ ပြုလုပ်နေသည်ဟု သတင်းရရှိသည်။

Taungup-NLD

“တောင်ကုတ်မြို့နယ်မှာ NLD က ကျေးရွာအုပ်စု ညီလာခံတွေ ဆက်ပြုလုပ် နေပါတယ်။ ဒီနေ့ တပြိုင်တည်း ကျေးရွာအုပ်စု ၁၂ အုပ်စုမှာ ပြုလုပ် ခဲ့တာဖြစ်ပါတယ်။ ကျန်တဲ့ အုပ်စုတွေမှာလဲ ဆက်လို့ ကျင်းပ ပြုလုပ် သွားမှာ ဖြစ်ပါတယ်။” ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပြည်နယ်စည်း အဖွဲ့ဝင် ကိုမင်းအောင်ကနိရဥ္စရာ သို့ ပြောသည်။

ထို့အပြင် နိုဝင်္ဘာလ ၁၄ ရက်နေ့က တောင်ကုတ်မြို့နယ်အတွင်းရှိ တရဂူ၊ ညောင်ဖေါက်၊ ကိုင်းရှည်၊ ၀က်ကျိတ်၊ မီးချောင်းထိုး၊ မောင်း၊ ကျောက်ဆိတ်တောင်၊ ဇမ်ဗူရာဇ်၊ ပန်းတင်းအရှေ့ဘက်၊ နတ်ကန်၊ လမူးမော်၊ ကျော်ကိုင်း စသည့် ကျေးရွာအုပ်စုများတွင် ညီလာခံ တပြိုင်တည်း ကျင်းပခဲ့သည်။

ကျေးရွာအုပ်စု ညီလာခံများ ကျင်းပရသည့် ရည်ရွယ်ချက်နှင့်ပတ်သက်ပြီး တောင်ကုတ်မြို့ နယ်စည်း ဥက္ကဌ ဦးစိုးချစ်မောင်က “ကျွန်တော်တို့ ကျေးရွာအုပ်စု NLD ရုံးတွေ ဖွင့်ကတည်းကပင် ကျေးရွာအုပ်စုတွေမှာ ရှိတဲ့ အောက်ခြေ လူ တန်းစားတွေရဲ့  အခက်အခဲတွေကို တိုက်ရိုက်ဖြေရှင်းနိုင်အောင် ရည်ရွယ်ပြီး ဖွင့်လှစ်တာ ဆိုတော့ အခုလို ဖွင့် လှစ်ပြီးတဲ့ ကျေးရွာအုပ်စုတွေမှာ ပြည်သူတွေရဲ့ လိုအပ်ချက်တွေကို ကူညီဆောင်ရွက် ပေးဖို့ အတွက် လုပ်ငန်း ကော်မီတီတွေ ရွေးချယ်တင်မြောက်နေတာ ဖြစ်ပါတယ်” နိရဥ္စရာသို့ ပြောသည်။

ကျေးရွာအုပ်စု ကော်မီတီများကို ဥက္ကဌ၊ ဒုဥက္ကဌ၊ အတွင်းရေးမှူး အပါအဝင် ကော်မီ ၃ ဦး၊ ၅ ဦး စသည်ဖြင့် အဖွဲ့ဝင်အင်အား အနည်းအများကို မူတည်၍ ဖွဲ့စည်းနေခြင်း ဖြစ်သည်ဟု သိရသည်။

အလားတူ နိုဝင်္ဘာလ ၁၂ ရက်နေ့ကလည်း တောင်ကုတ်မြို့နယ် အတွင်းရှိ ကျေးရွာအုပ်စု ၁၃ ခုတွင် ကျေးရွာ အလုပ်အမှု ဆောင် ကော်မီတီဝင်များကို မဲစနစ်ဖြင့် ရွေးချယ်တင်မြောက်ခဲ့သည်။

လောလောဆယ်တွင် တောင်ကုတ်မြို့နယ် အတွင်း “ကျန်တဲ့ ကျေးရွာအုပ်စုတွေကို ဒီလ ၁၆ ရက်နေ့မှာ ကျင်းပသွားမှာ ဖြစ်တယ်။ ကျေးရွာ အုပ်စု ညီလာခံတွေ ကျင်းပပြီးတဲ့ နောက်ပိုင်း ဒီဇင်္ဘာလ အတွင်းမှာတော့ တောင်ကုတ်မြို့နယ် အလုပ် အမှုဆောင်အဖွဲ့ဝင်တွေကို ကျေးရွာ အုပ်စု အလုပ်အမှုဆောင်ကို အခြေခံပြီး ဒီမိုကရေစီစနစ်နဲ့ ရွေးချယ်တင်မြောက်သွားမှာ ဖြစ်ပါတယ်။” ကိုမင်းအောင်က ဆက်လက် ပြောဆိုသည်။

တောင်ကုတ်မြို့နယ်တွင် ကျေးရွာ အုပ်စု ၅၁ အုပ်စုရှိသည့်အနက်  ကျေးရွာအုပ်စု ၃၅ အုပ်စုတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရုံးများ ဖွင့် လှစ်ထားပြီးဖြစ်သည်။

Most read this week