စစ်တပ်က လယ်နှင့် စပါးသိမ်းယူမှု သမ္မတထံ တိုင်ကြား

စစ်တပ်က လယ်နှင့် စပါးသိမ်းယူမှု သမ္မတထံ တိုင်ကြား
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်တွင် အစိုးရ၏ ခြေမြန်တပ်ရင်း ခမရ (၅၃၉) တပ်ရင်းက တောင်သူ လယ်သမားများ စိုက်ပျိုးထားသည့် ဆန်စပါးများအား သိမ်းယူခဲ့သည့်အပေါ် ဒေသခံများက နိုင်ငံတော် သမ္မတထံ စာရေး  တိုင်ကြားလိုက်သည်ဟု သတင်း ရရှိသည်။

၅၃၉ တပ်ရင်းရှေ့ရှိ သိမ်းယူထားသော လယ်မြေများ။
ကျောက်တော်မြို့နယ် ပြိန်းချောင်း ကျေးရွာမှ လယ်သမား ၂၈ ဦးပိုင်သည့် လယ်မြေ ဧက ၁၂၀ တွင် စိုက်ပျိုးထားသည့် ဆန်စပါးများအား ကန်စောက် အခြေစိုက် ခမရ ၅၃၉ တပ်ရင်းမှ တပ်ပိုင် လယ်မြေအဖြစ် လာရောက် သိမ်းယူခဲ့သည့်အပေါ် မကျေနပ်၍ တိုင်ကြားရခြင်း ဖြစ်ကြောင်း ဒေသခံ လယ်သမား တဦးက ပြောသည်။

“ကျွန်တော်တို့ကို ခုလို အနိုင်ကျင့်နေတာကို သည်းမခံနိုင်တဲ့ အဆုံး လယ်သမား ၂၈ ယောက်က စာရေးပြီး နို်င်ငံတော် သမ္မတအထိ တိုင်ကြားလိုက်ပါပြီ” ဟု လယ်သမား တစ်ဦးက ဆိုသည်။

အဆိုပါ စာအား ပြည်သူ့လွှတ်တော်၊ အမျိုးသား လွှတ်တော် ဥက္ကဌများအပါအဝင် ရခိုင်ပြည်နယ် ၀န်ကြီးချုပ်နှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ထိန်လင်းတို့ထံလည်း မိတ္တူ ပေးပို့ခဲ့သည်ဟု ဆိုသည်။

စပါး စတင် စိုက်ပျိုးစဉ်က တစ်စုံတစ်ရာ ဟန့်တားခြင်း မရှိဘဲ လယ်သမားများက လူအား၊ ငွေအား စိုက်ထုတ်၍ ထွန်ယက်စိုက်ပျိုးခဲ့ရာ စပါးမှည့်လာချိန်မှ တပ်ပိုင် လယ်မြေ ဖြစ်ကြောင်း ပြောဆိုပြီး စပါးများကို ရိတ်သိမ်း ယူသွားခြင်း ဖြစ်သည်။

အဆိုပါ ခမရ ၅၃၉ တပ်ရင်းသည် ကျောက်တော်မြို့နယ် ကန်စောက်တောင် အနောက်ဘက်တွင် အခြေစိုက် ထားပြီး ကန်စောက်တောင် အနောက်ဖက်ရှိ လယ်ဧက ၆၀၀ ခန့်ကိုလည်း လွန်ခဲ့သည့် ၂၀၀၇-၂၀၀၈ ခုနှစ်များ က တပ်ပိုင်အဖြစ် သိမ်းယူခဲ့ပြီး ဖြစ်သည်။

ယခု ထပ်မံ အသိမ်းခံရသည့် လယ်ဧက ၁၂၀ သည် ကန်စောက်တောင် အရှေ့ဖက်တွင် တည်ရှိပြီး ခမရ (၅၃၉) ပိုင် လယ်မြေများ မဟုတ်ကြောင်း ပြည်နယ် ၀န်ကြီးချုပ် အပါအဝင် မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် မြေစာရင်း ဦးစီးဌာန တို့က ပြောဆိုခဲ့ပြီး လယ်သမားများဘက်မှ ရပ်တည်ခဲ့ကြောင်း သိရသည်။

နိုင်ငံတော်သမ္မတမှ ဆင်းရဲမွဲတေမှု ပပျောက်ရေး လုပ်ငန်းများ ဆောင်ရွက်မည်ဟု ကြွေးကြော်ခဲ့သော်လည်း ဒေသခံ လူထု၏ လယ်ယာမြေများအား စစ်တပ်မှ သိမ်းယူနေသည့်အတွက် အစိုးရနှင့် စစ်တပ်အပေါ်လူထုအနေ ဖြင့် ယုံကြည်မှု ကင်းမဲ့သွားနိုင်ကြောင်း ဒေသခံများက ပြောဆိုသည်။

Most read this week