ရခိုင် ပါတီ ၂ ခု ပေါင်းစည်းရေး ALD မှ RNDP ကို ကမ်းလှမ်းပြီ

ရခိုင် ပါတီ ၂ ခု ပေါင်းစည်းရေး ALD မှ RNDP ကို ကမ်းလှမ်းပြီ
by -
နိရဥ္စရာ

ပါတီ နှစ်ခု တပါတီ အဖြစ် ပေါင်းစည်းရေး အတွက် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD)က ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) ကို ကမ်းလှမ်းလိုက်ပြီ ဖြစ်သည်။

ALD-RNDP
ရခိုင် ပါတီကြီး နှစ်ခု ပူးပေါင်းရေး အတွက် ယခုလ ၁၅ ရက်နေ့က စာရေး ကမ်းလှမ်းလိုက်ခြင်း ဖြစ် သည်ဟု  ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ် ဒု ဥက္ကဌ ဦးအေးကျော်က နိရဥ္စရာသို့ ပြောသည်။

“ ရခိုင် ပြည်သူတွေက ပါတီ (၂) ခု ဖြစ်လာတာကို မကြိုက်ကြဘူး။ နှစ်ပါတီဆိုရင် မကောင်း၊ တစ်ပါတီတည်း ဖြစ်စေချင်တယ် လို့ တောင်းဆိုလာကြပါတယ်။ ကျွန်တော်တို့က မှတ်ပုံတင် မကျခင် ကတည်းကပင် နှစ်ပါတီ ဖြစ်ပေါ်လာရင် ရခိုင် ပြည်သူတွေဟာ ဘယ်သူ့ကို အဖေခေါ်ရမလဲ ဆိုပြီး မေးခွန်းတွေ ထုတ်လာကြတယ်။ ရခိုင်ပြည်သူတွေအတွက် အဖေနှစ်ယောက် မဖြစ်ရအောင် ဆန္ဒနဲ့  ခုလို တရားဝင် ပါတီ ပူးပေါင်းရေးကို ကမ်းလှမ်းတာ ဖြစ်ပါတယ်” ဟု ဆိုသည်။

ALD  ပါတီမှ ကမ်းလာလှမ်းသည်မှာ မှန်ကန်သော်လည်း တရားဝင်ကမ်းလှမ်းချက် မဟုတ်ဟု ရခိုင်တိုင်းရင်း သား များ တိုးတက်ရေးပါတီ စစ်တွေမြို့ ပြည်နယ်လွှတ်တော် အမတ် ဦးအောင်မြကျော်က နိရဥ္စရာသို့ ပြောသည်။

“ ကမ်းလှမ်းတယ်ဆိုပေမယ့်  တရားဝင်ဖြစ်တဲ့ ရုံးစာ အမှတ်လည်းမပါပါ။ ရုံးတံဆိပ်လည်း မပါ ဘူး။ အောက်မှာတော့ ဒုဥက္ကဌ ဦးအေးကျော်ဆိုပြီး လက်မှတ်ထိုးပြီးတော့ သာ ပါတယ်။ တရားဝင် ကမ်းလှမ်းတဲ့ ပုံစံမျိုး ရုံးတံဆိပ်လည်း မပါဘဲ စာတစ်စောင် ရောက်လာပါတယ်” ဟု စာရောက်လာ သည် အပေါ် ဦးအောင်မြကျော်က အတည်ပြု ပြောကြားသည်။

သို့အတွက် နိရဥ္စရာမှ ဆက်လက် မေးမြန်းရာ ဦးအေးကျော်မှ အဆိုပါနေ့တွင်ပင် နောက်ထပ် ရုံးတံ ဆိပ်များနှင့် တရားဝင် စာတစ်စောင်ကို ဆက်လက် ရေးသားပေးပို့ခဲ့သည်ဟု ဆိုသည်။

ပါတီနှစ်ခု ပူးပေါင်းရေးအတွက် RNDP ပါတီတွင် မူဝါဒ ချမှတ်ထားကြောင်းနှင့် ယခုကဲ့သို့ ALD ပါတီ၏ ကမ်းလှမ်း ချက်ကို ကြိုဆိုကြောင်း ဦးအောင်မြကျော်က ဆက် ပြောသည်။

“ ကျွန်တော်တို့ ပါတီမှာ မူဝါဒ ချမှတ်ပီးသားပါ။ ရခိုင်ပါတီတွေကို ပူးပေါင်းပြီးတော့ ပါတီ တစ်ခု တည်းဖြစ် အောင် ညှိနှိုင်းဆောင်ရွက်သွားဖို့ ကျွန်တော်တို့ မှာ မူ ရှိပီးသားပါ။ အခု လောလောဆယ် ရှိနေတဲ့ ပါတီတွေနဲ့ ပူးပေါင်း ရေး ညှိနှိင်း ဆောင်ရွက်သွားဖို့ ကော်မတီတခုကို ဖွဲ့ထားပြီးပြီ ဖြစ်ပါ တယ်။ ပါတီကော်မတီဝင် အားလုံး ဆုံးဖြတ်ချက်နဲ့ အညီ လုပ် ဆောင်သွားဖို့ ရှိပါတယ်။ အခု ALD ပါတီရဲ့ ကမ်းလှမ်းချက်ကိုလည်း တရားဝင် ညှိနှိင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ပြောသည်။

ပါတီနှစ်ခု ပူးပေါင်းမည် ဆိုသော်လည်း ချမှတ်ထားသော မူဝါဒ လမ်းစဉ်များမှာ ကွဲလွဲမူများ ရှိနေ သဖြင့် မတူညီသည့် အချက်များကိုလည်း နှစ်ပါတီ အနေဖြင့် ညှိနှိင်း ဆွေးနွေး အဖြေရှာသွားမည် ဟု  ALD မှ ဦးအေးကျော်က ပြောသည်။

“ အဲဒါတွေက အပြန်အလှန် ဆွေးနွေးတဲ့ခါမှ အဖြေထွက်ပေါ်လာမှာပါ။ သူတို့က ရခိုင်ကို အင်္ဂလိပ် လို Arakan ဆိုတာကို မသုံးစွဲသေးပါ။ နောက်ပြီး သူတို့ မူဝါဒထဲမှာ ဖက်ဒရယ်ဆိုတာ မပါဘူး။ သို့သော်လည်းဘဲ  ပြန်လို့ ဖြစ်နိုင် ခြေရှိတဲ့ မူဝါဒတွေကို အပြန်အလှန် သူ တို့နဲ့ ပြန်ပြီး ဆွေးနွေး သွားမှာ ဖြစ်ပါတယ်”  ဟု ဆိုသည်။

ရခိုင် ပါတီကြီးနှစ်ခု ပူးပေါင်းလိုက်ပါက ရခိုင်တိုင်းရင်းသားများ၏ ကံကြမ္မာကို ရခိုင်သားတွေ ဖန်တီးနိုင်လာမည် ဖြစ်ကြောင်း  ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် (ပြည်ပ) တွင် အထွေထွေ အတွင်းရေးမှူး အဖြစ် တာဝန်ထမ်းဆောင် ခဲ့သူ ဦးခိုင်စံလင်းက ပြောသည်။

“ ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ နှစ်ခုကြားမှာ ပူးပေါင်းဆောင် ရွက်ဖို့ ဆို တဲ့ စကားကို ကြားရတဲ့အတွက် ၀မ်းသာပါတယ်။ ဘာဖြစ်လို့လဲဆိုရင် RNDP က ဒီနေ့ ရခိုင်နိုင်ငံရေး၊ ဒီမို ကရေ စီရေးကို ရှေ့ဆောင်နေတယ်ဆိုတဲ့အခါမှာ ရခိုင်ပြည်သူတွေ ကြားထဲ မှာ နေရာ ရပြီးဖြစ်နေတယ်။ ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ် အနေနဲ့လည်းဘဲ ၁၉၉၀ ရွေးကောက် ပွဲ မှာ မြန်မာ တနိုင်ငံလုံးမှာ တတိယ နေရာရတဲ့ ပါတီ ဖြစ်နေတော့  ဒီအား နှစ်အားဟာ ရခိုင်ပြည် သူတွေရဲ့ တွန်းအားဖြစ်တယ်။ အဲဒီ အားနှစ်ရပ် ဆုံရပ်တခုမှာ ဆုံသွားမယ်ဆို ရင်တော့ ပြည်သူ တရပ်လုံးကို စည်းရုံးပီးသား ဖြစ်ဖို့ အနေအထားရှိပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲ ဖြစ်လာရင်လည်း ဒီပါတီနှစ်ခုသာ ပေါင်းစည်း လိုက်မယ်ဆိုရင် ရခိုင်ပြည်ရဲ့ ကံကြမ္မာကို ရခိုင်သားတွေ ဖန်တီးနိုင်တဲ့ အနေအထားကို အသေအချာ ရရှိလာမှာ ဖြစ်ပါတယ်” ဟု ဆိုသည်။

ပါတီနှစ်ခု ပူးပေါင်းရေးတွင် အပြန်အလှန် အသိအမှတ်ပြု လုပ်ဆောင်လျှင် တပါတီ ဖြစ်ပေါ် နိုင်မည် ဟု ယုံကြည်ကြောင်း ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ်များ ကွန်ကရက် (AASYC) အထွေထွေ အတွင်းရေးမှူး ကိုထွန်းဇော်က ပြောသည်။

“ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအောက်မှာ ပြည်တွင်း အခက်အခဲကြားထဲက လုပ်နေကြတဲ့ ALD နဲ့ RNDP ပါတီတွေအနေနဲ့ တဖွဲ့တစည်းတည်း  ပူးပေါင်းဆောင်ရွက်နိုင်ရင်တော့  အကောင်းဆုံး ပါလို့ ကျွန်တော်အ နေနဲ့ မြင်ပါတယ်။ ၂၀၁၀ မှာ ရခဲ့တဲ့ အတွေ့အကြံု၊ ၁၉၉၀ မှာ ရရှိခဲ့တဲ့ အတွေ့ အကြံု ကိုယ်စီကိုယ်စီ ရှိကြပါတယ်။ အဲဒီ အတွေ့အကြံုတွေကို အပေးအယူ မျှမျှတတ အပြန်အလှန် အသိအမှတ်ပြုမှုနဲ့ တည်ဆောက်မယ်ဆိုရင် ကျွန်တော်တို့ အမျိုးသား စည်းလုံး ညီညွတ်ရေးနဲ့ တစ်ပါတီပုံစံ ဖြစ်ရေး ဦးတည်ချက်လမ်း ကြောင်းအတိုင်း သွားနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်”  ဟု ပြောသည်။

ရခိုင်ပြည်နယ်တွင် ရခိိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) ပါတီမှာ ၁၉၉၀ ခု ရွေးကောက်ပွဲအနိုင်ရပါတီကြီးဖြစ် သကဲ့သို့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) ပါတီမှာလည်း ၂၀၁၀ ခုရွေးကောက်ပွဲ အနိုင်ရ ပါတီကြီးတခု ဖြစ်သည်။ အဆိုပါ ပါတီနှစ်ခု တစ်ပါတီအဖြစ် မပူးပေါင်းနိုင် ပါက ရခိုင် အနာဂတ်မှာ ပိုမို ဆိုးရွားသွားနိုင်ဖွယ်ရှိသဖြင့် ပါတီ ၂ ခု ပူးပေါင်းရေးကို ရခိုင်ပြည်သူ တရပ်လုံးက အထူးလိုလားတောင့် တနေကြသည်ဟု သိရသည်။

Most read this week