ALP ၏ ပထမဆုံး ဆက်ဆံရေးရုံး ကျောက်တော်မြို့တွင် ဖွင့်လှစ်

ALP ၏ ပထမဆုံး ဆက်ဆံရေးရုံး ကျောက်တော်မြို့တွင် ဖွင့်လှစ်
by -
နိရဥ္စရာ

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ၏ ပထမဆုံး ဆက်ဆံရေးရုံးကို ရခိုင်ပြည်နယ် ကျောက်တော်မြို့တွင် ယနေ့ တွင် စတင်  ဖွင့်လှစ်လိုက်သည်။

alp-greeting-inside
ဆက်ဆံရေးရုံး ဖွင့်ပွဲအခမ်းအနားကို  ယနေ့ နံနက် ၉ နာရီတိတိ အချိန်တွင် ရခိုင် အောင်စည်တော် ၁၈ လုံးတီးခတ်ပြီး ဖွင့်လှစ်ခဲ့သည်ဟု သိရသည်။

ရုံးဖွင့်ပွဲ၏ အဓိက ရည်ရွယ်ချက်နှင့် ပတ်သက်ပြီး ဦးဆောင်ဖွင့်လှစ်ပေးသူ ALP ဗဟို အလုပ်အမူဆောင် ကော်မီတီဝင်  ဒေါ်စောမြရာဇာလင်းက နိရဥ္စရာ သို့ ယခုလို  ပြောသည်။

“ ဒီရုံး ဖွင့်လှစ်ပြီးတဲ့ နောက်ပိုင်းမှာ နိုင်ငံတော် အစိုးရနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးတွေကို တိုးချဲ့ ဆောင်ရွက် သွားမယ်။ ပြီးတော့ ရခိုင်ပြည် တိုးတက်ဖွံ့ဖြိုးရေးလုပ်ငန်းတွေ၊ ရခိုင်လူမျိုး တခုလုံး အတွက် အကျိုးရှိမည့် လုပ်ငန်းတွေ ကို ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”  ဟု ပြောသည်။

ရုံးဖွင့်ပွဲ အခမ်းအနားကို ALP ပါတီမှ ဒေါ်စောမြရာဇာလင်း၊ အရံဗဟိုကော်မီတီဝင် ခိုင်အောင်စိုးသန်း၊ မြန်မာ အစိုးရဖက်မှ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ထိန်လင်း၊ ဦးလှသိန်းနှင့် ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီ ခေါင်းဆောင်များ၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်မှ ခေါင်းဆောင်များ တက်ရောက်ခဲ့သည်ဟု သိရသည်။

ရခိုင်ပြည် လွတ်မြောက်ရေးပါတီ၏ ဆက်ဆံရေးရုံးများကို ရခိုင်ပြည်အတွင်းရှိ တခြားမြို့များဖြစ်သည့် စစ်တွေ၊ မောင်တော၊ ပလက်ဝနှင့် ရန်ကုန်၊ မြဝတီစသည့် မြို့များတွင်လည်း ဖွင့်လှစ်သွားနိုင်ရ ကြိုးစားနေသည်ဟု ဒေါ်စောမြရာဇာလင်းက ပြောသည်။
ALP-inside
တခြားမြို့နယ်များတွင် ဆက်ဆံရေးရုံးများ ဖွင့်ပြီးသည့်နောက်ပိုင်းတွင် ALP အနေဖြင့် အစိုးရအပြင် ပြည်သူလူ ထုများနှင့်  ညှိနိုင်းလုပ်ဆောင်သွားမည်ဟုလည်း ဒေါ်စောမြရာဇာလင်းက ပြောသည်။

“ တိုင်းပြည်မှာ မငြိမ်သက်လို့ ရှိရင် ကျွန်မတို့ လုပ်နေရတဲ့ လုပ်ငန်းတွေဟာ နှောင့်နှေး ကြန့်ကြာမှုတွေ အများကြီး ဖြစ်သွားနိုင်ပါတယ်။ အဲဒီအတွက်ကြောင့် ကျွန်မတို့ဟာ တိုင်းပြည်မှာ လုပ်ငန်းကိုင်ငန်းတွေ နှောင့်နှေးကြန့်ကြာမှု မရှိရလေအောင် ကျွန်မတို့က တိုင်းပြည် အေးချမ်း သာယာရေးကို အဓိက ပြည်သူလူထုတွေနဲ့ ညှိနှိင်းပြီး လိုအပ်တာဟူသမျှကို နိုင်ငံတော် အစိုးရနဲ့  ပူပေါင်းလုပ်ဆောင်သွားမှာ ဖြစ်ပါတယ်”  ဟု ဆိုသည်။

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP မှ ကျောက်တော်မြို့တွင် ဆက်ဆံရေးရုံးဖွင့်ရန် သဘောတူ ညီထားသော် လည်း ပြည်တွင်း မငြိမ်သက်မှုများကြောင့် အစိုးရဖက်မှ ရုံးဖွင့်ရန် ဆိုင်းငံ့ထားရာမှ ယခုအခါမှ စတင်ဖွင့်လှစ်နိုင် ခြင်း ဖြစ်သည်။  ဆက်ဆံရေးရုံး ဖွင့်လှစ်ပွဲသို့ လူပေါင်း ၁၀၀၀ နီးပါး တက်ရောက်ခဲ့သည်ဟု သိရသည်။

ရခိုင်ပြည် လွတ်မြောက်ရေးပါတီနှင့် ရခိုင်ပြည် လွတ်မြောက်ရေး တပ်မတော် ALA ကို ၁၉၇၃ ခုနှစ် တွင် စတင်တည်ထောင်ခဲ့ပြီး ယခုအခါ မြန်မာ-ဘင်္ဂလာဒေ့ချ်နယ်စပ်၊ မြန်မာ-အိန္ဒိယနယ်စပ်နှင့် မြန်မာ-ထိုင်း နယ်စပ်များ တွင် အခြေစိုက် လူပ်ရှား လျှက်ရှိသည်။

Most read this week