ဟိုုတယ်နှင့် ခရီးသွား ၀န်ကြီးဌာန ရခိုင်သို့ နိုင်ငံခြားသားများ ခရီးသွားရေး သွယ်ဝိုက် ပိတ်ပင်

ဟိုုတယ်နှင့် ခရီးသွား ၀န်ကြီးဌာန ရခိုင်သို့ နိုင်ငံခြားသားများ ခရီးသွားရေး သွယ်ဝိုက် ပိတ်ပင်
by -
နိရဥ္စရာ

ရခိုင်ဒေသသို့ ခရီး သွားလာရေးနှင့် ပတ်သက်ပြီး ဟိုတည်နှင့် ခရီးသွားလာရေး လုပ်ငန်း ၀န်ကြီးဌာနမှ  သြဂတ်စ်လ ၃၀ ရက်နေ့က စာတစ်စောင် ထုတ်ပြန်ရာတွင် မည်သူ့ကို တားမြစ်သည်ဟု  ပြတ်ပြတ် သားသား ရည်ညွှန်း မဖေါ်ပြထားသော်လည်း အဆိုပါ စာမှာ နို်င်ငံခြားသားများကို ရည်ညွှန်း ဖေါ်ပြထားခြင်း ဖြစ်သည်ဟု အမည်မဖေါ်လိုသူ ခရီးသွားလာရေး လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ဟိုတည်နှင့် ခရီးသွားလာရေး လုပ်ငန်း ၀န်ကြီးဌာနမှ  စာအမှတ် ၁၀ ခ ၂၀၁၂ ⁄ နပတ ⁄  ၅၆၃၈ ဖြင့် သြဂတ်စ်လ ၃၀  ရက်နေ့ နေ့စွဲဖြင့် ထုတ်ပြန်သော ညွှန်ကြားချက် တစ်စောင်တွင် အကြောင်းအရာ၌ လောလောဆယ် ခွင့်မပြုသည့် ခရီးစဉ်များနှင့် ပတ်သက်၍ သိရှိနိုင်ပါရန်  အကြောင်းကြားခြင်း ဟု  ပါရှိပြီး စာကို အောက်ပါ အတိုင်း  ရေးသားဖေါ်ပြထားသည်။

လောလောဆယ် နယ်မြေဒေသ အခြေအနေအရ အောက်ပါ ခရီးစဉ်များကို သွားရောက်ခြင်း  မပြုကြောင်းနှင့် သွားရောက်ခွင့် ပြန်လည် ခွင့်ပြုပါက ထပ်မံ အကြောင်းကြားသွားမည် ဖြစ်ကြောင်း လက်ရှိ ခရီးသွား ကုမ္ပဏီများသို့ အသိပေး ထားရှိနိုင်ရန် အကြောင်းကြားပါသည်ဟု ပါရှိသည်။

စာထဲတွင် ခရီးသွားရောက်ခြင်း မပြုသော နေရာများမှာ (က) စစ်တွေ၊ မြောက်ဦး (ခ) ဝေသာလီ၊ မဟာမုနိ နှင့် (ဂ) မိုင်းလား တို့ဖြစ်ပြီး စာကို ပြည်ထောင်စု ၀န်ကြီးကိုယ်စား ရန်နိုင်၊ ရုံးအဖွဲ့မှူးက လက်မှတ် ရေးထိုး ထုတ်ပြန် ထားသည်။

“ စာက လက်တစ်လုံးခြား လှည့်ပတ်ပြီး ရေးထားတာ ဖြစ်ပါတယ်။ စာထဲမှာ ဘယ်သူ့ကို ခရီးသွားရောက်ခြင်း မပြုတာလည်း ဆိုတာကို သေသေချာချာ ရည်ညွှန်းထားတာ မရှိဘူး။ ဒါပေမယ့် နိုင်ငံခြားသားတွေကို ပြောတယ်လို့ ယေဘူယျ နားလည် သိရှိနိုင်ပါတယ်။ ပြည်တွင်း ခရီးသွားတွေကို တားမြစ်တာတို့ မဖြစ်နိူင်ပါဘူး” ဟု အမည်မဖေါ်လိုသူ ခရီးသွား လုပ်ငန်း တာဝန်ရှိသူက ဆိုသည်။

ယခုအခါ  ခရီးသွား လုပ်ငန်း ရာသီ စတင်တော့မည် ဖြစ်သဖြင့် နိုင်ငံခြားသားများ ရခိုင်သို့ ခရီးသွားလာခွင့်ကို ပိတ်ပင်ပါက ရခိုင်ပြည်နယ် အတွင်းရှိ ခရီးသွား လုပ်ငန်းကို အထူးထိခိုက်မူ ရှိနိုုင်ကြောင်း သူက ပြောသည်။

မြန်မာနိုင်ငံတွင် ဟိုတယ်အလုံးပေါင်း  ရ၆၃ လုံးရှိသည့်အနက် ရခုုိင်ပြည်နယ်တွင် ဟိုတယ် အလုံး ပေါင်း ၃၀ ရှိပါသည်၊ ဟိုတယ် အလုံး ၃၀ တွင်  အိပ်ခန်းပေါင်း အရေအတွက်မှာ ၉၀၈ ခန်းရှိသည်ဟု သိရသည်။

“  ၂၀၁၂ ဇန်နဝါရီလ ၁ ရက်နေ့ကနေ ဇွန်လကုန်ထိ ပြည်တွင်းခရီးသည် က ၁၄၉၃၁ ဦး လာရောက် တည်းခိုခဲ့တယ်။ ပြည်ပ ခရီးသည်က ၂၅၇၇၀ ရှိပါတယ်။ စုစုပေါင်း ခရီးသည်  ၄၀၇၀၁ ဦးထိ ရှိခဲ့ပါတယ်။ ယမန်နှစ်ကထက် ၆၅ ရာခိုင်နူန်းတိုးတက်ခဲ့ပါတယ်။ ခုလို တိုးတက်လာတဲ့ အနေအထားမှာ နိုင်ငံခြားသားတွေ ရခိုင်ကို မလာနိုင်အောင် မလိမ့်တပတ်နဲ့ ဟိုတည်နဲ့ ခရီးသွားလာရေး ၀န်ကြီးဌာနက ညွှန်ကြားချက် ထုတ်လိုက်တော့ ကျွန်တော်တို့ ပြည်နယ်ရဲ့ ခရီးသွား လုပ်ငန်းကို အထူး ထိခိုက်သွားနိုင်ပါတယ်” ဟု သူက ဆိုသည်။

ရခိုင်ပြည်နယ်၏ အခြေအနေမှာ တည်ငြိမ် အေးဆေးနေသည့် အပြင် နိုင်ငံခြားသားများ အတွက် တစ်စုံတစ်ရာ စိုးရိမ်စရာမရှိဘဲ ယခုကဲ့သို့ ညွှန်ကြားချက်ထုတ်ပြန်လိုက်ခြင်းမှာ များမကြာမီက ပေါ်ပေါက်ခဲ့သော ရခိုင် အရေး အခင်းကြောင့် နို်င်ငံခြားသားများ၏ အထူးအာရုံစိုက်ခြင်းကို ခံခဲ့ရရာမှ ရခိုင်ပြည်နယ်ထဲ နိုင်ငံခြားသား အများအပြား လှိမ့်ဝင် လည်ပတ်လာမည်ကို စိုးရိမ်၍ ဖြစ်နိုင်ကြောင်း စစ်တွေ ဧည့်လမ်းညွှန် လုပ်နေသူ လူငယ် တစ်ဦးကလည်း ပြောသည်။

ရခိုင်ရှိ ဟိုတယ် အလုံး ၃၀ ၏ ရင်းနှီးမြုပ်နှံမူမှာ ကျပ်သန်းပေါင်း ၃၅၀၀၀ ခန့် ရှိပြီး လူပေါင်း ၅၀၀၀ ခန့် အတွက် အလုပ်အကို်င်အခွင့်အလမ်း ရရှိနေကာ စစ်တွေနှင့် မြောက်ဦး ဒေသတို့မှ နယ်မြေခံ ပြည်သူ လူထုများကို များစွာ တိုက်ရိုက် အကျိုးပြုသော လုပ်ငန်းတစ်ခု ဖြစ်ကြောင်းသိရသည်။

( ဟိုတည်နှင့် ခရီးသွား လုပ်ငန်း ၀န်ကြီးဌာနမှ စာကို အောက်တွင် ဖတ်ရှု့နိုင်ပါသည်။)

Ministry-of-hotel-letter

Most read this week