ကျောင်းသားများက ပြုပြင်ရန် ဆန္ဒပြခဲ့သောလမ်းကို ဒေဝူးနှင့် အိန္ဒိယ Punj Lloy က ပြန်လည် တည်ဆောက်ပေး

ကျောင်းသားများက ပြုပြင်ရန် ဆန္ဒပြခဲ့သောလမ်းကို ဒေဝူးနှင့် အိန္ဒိယ Punj Lloy က ပြန်လည် တည်ဆောက်ပေး
by -
နိရဥ္စရာ

ကျောက်ဖြူမြို့နယ် အတွင်း ကျောင်းသားများက ပြန်လည်ပြုပြင်ပေးရန်  ဆန္ဒပြတောင်းဆိုခဲ့သော လမ်းကို အခုအခါ ကိုရီးယား ဒေဝူးနှင့် အိန္ဒိယ Punj Lioy ကုမ္ပဏီများက ပြန်လည် ပြုပြင် တည်ဆောက်ပေးနေပြီ ဖြစ်ကြောင်း ကျောင်းသားမိဘ တစ်ဦးက ပြောသည်။

ကျောင်းသားများ ယခုလို ဆန္ဒပြခဲ့ကြသည်။ (ဓါတ်ပုံ- နိရဥ္စရာ)
အဆိုပါ လမ်းမှာ  မရကျွန်းနှင့် ဂုံးရှိန် ကျေးရွာ အကြားတွင် တည်ရှိသော လမ်းဖြစ်ပြီး ဂုံးရှိန်အထက်တန်း ကျောင်းမှ ဒေသခံ ကျောင်းသူ ကျောင်းသားများ ကျောင်းသွား ကျောင်းပြန် အသုံးပြုနေသော လမ်းဖြစ်သည်။ ကျေးရွာသားများမှ ၎င်းလမ်းကို ကိုယ်ထူကိုယ်ထ စနစ်ဖြင့် တည်ဆောက် ထားခဲ့သည်။

“ အဲဒီလမ်းက ကိုရီးယား ဒေဝူးနဲ့ အိန္ဒိယ ကုမ္ပဏီကားတွေ အသုံးပြုပစ်တဲ့ အတွက် သွားလာလို့ မရအောင် ပျက်စီးသွားပါတယ်။ ဒီလမ်းကို ပြုပြင်ပေးဖို့ ဒေသခံ ကျေးရွာသားတွေက စာရေးပြီး အထက်ကိုတင်ပြပါ တယ်။ ဒါပေမယ့် ပြန်လည် ပြုပြင်ပေးတာ မရှိတဲ့ အတွက် ဇူလိူင်လ ၉ ရက်နေ့က ကျောင်းသား ၁၀၀ ကျော်က ပိုစတာတွေကိုယ်စီ ကိုင်ပြီး ဆန္ဒပြခဲ့ကြပါတယ်” ဟု ကျောင်းသား မိဘ တစ်ဦးက ပြောသည်။

ကျောင်းသားများမှာ လိပ်မမော် ရွာမ၊ လိပ်ခမော် ရွာဟောင်း၊ မရကျွန်း၊ ဂုံးရှိန်၊ ပြင်ရှည် ကျေးရွာများမှ ဖြစ်ကြသည်။

ကျောင်းသားများ ဆန္ဒပြမူ ဖြစ်ပွားပြီးနောက် ခရိုင်တာဝန်ရှိသူများက အဆိုပါ လမ်းကို ပြုပြင်ပေးမည်ဟု ကတိပေးခဲ့သော်လည်း ဆန္ဒပြသူ ကျောင်းသားများ၏ မိဘများကို ခံဝန်ကတိ လက်မှတ်များ ရေးထိုးရမည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း သိရသည်။
 ဒေဝူးက တည်ဆောက်ပေးနေသော လမ်းပိုင်းနှင့် အိန္ဒိယ Punj Lloy က တည်ဆောက်ရန် ကျန်နေသော လမ်းပိုင်း (ဓါတ်ပုံ- နိရဥ္စရာ)
ဆန္ဒပြကျောင်းသားတွေက  သူတို့ဟာ သူတို့ ကျောင်းသွားလို့ မရတာကြောင့် ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။ ကျောင်းသားမိဘတွေနဲ့တော့ မဆိုင်ပါဘူး။ ကျောင်းသားမိဘတွေကို အစပိုင်းမှာ ခြိမ်းခြောက်ခဲ့ပေမယ့် နောက်ပိုင်းမှာ ဘာမှတော့ မလုပ်ခဲ့ဘူး။ အခုတော့ လမ်းကို ပြန်လည်ပြီး  ကွန်ကရစ် လမ်းခင်းပေးနေပါတယ်” ဟု ဆိုသည်။

ပျက်စီးသွားသောလမ်းကို ဒေဝူးမှ အခုအခါ တည်ဆောက်နေပြီး ကွန်ကရစ် ခင်းနေမူမှာ ပြီးစီးလုနီးပါး ဖြစ်နေသော်လည်း အိန္ဒိယ Punj Lloy ကုမ္ပဏီက တာဝန်ယူ တည်ဆောက်ပေးမည့် လမ်းပိုင်းမှာ ယခုအချိန်ထိ ပြန်လည် တည်ဆောက်ပေးခြင်း  မရှိသေးကြောင်း သိရသည်။

Most read this week