မြောက်ဦးမြို့တွင် စစ်တပ်မှ ညှဉ်းပမ်း နှိပ်စက်မူကြောင့် ရခိုင်အမျိုးသား တစ်ဦး သေဆုံး

မြောက်ဦးမြို့တွင် စစ်တပ်မှ ညှဉ်းပမ်း နှိပ်စက်မူကြောင့် ရခိုင်အမျိုးသား တစ်ဦး သေဆုံး
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် မြောက်ဦးမြို့ ၀သဲရွာမှ  ရခိုင် အမျိုးသားတဦးမှာ  လုံခြံုရေးယူထားသည့် စစ်တပ်ဖွဲ့ တစ်ခုမှ စစ်သားများ၏ ဖမ်းဆီး ရိုက်နှက်မှုကြောင့့် ယမန်နေ့ ညနေက သေဆုံးသွားခဲ့သည်ဟု သိရသည်။

Myanmar_Mrauk-U

သေဆုံးသွားသူမှာ ဦးမောင်သာနုဖြစ်သည်။ သူသေဆုံးရမှုနှင့် ပတ်သတ်၍ မြောက်ဦးမြို့ခံတဦးက ယခုကဲ့သို့ ပြောသည်။

“ သူ့ကို ဇူလိုင်လ ၂၂ ရက်နေ့  ညနေ ရ နာရီခွဲခန့်မှာ လုံခြံုရေးယူထားတဲ့ တပ်ရင်း ၅၄၀ မှ စစ်သားတွေက သူ့ကို ဖမ်းသွားပြီး သူတို့တာဝန်ကျနေတဲ့ ဇိနမာန်အောင်ဘုရားသိမ် ကို ခေါ် သွားတယ်။ အဲဒီမှာ ညှဉ်ပမ်းနှိပ်စက် လိုက်ပုံရတယ်။ ပြန်လွှတ်ပြီး များမကြာခင် မှာဘဲ ဆေးရုံ မှာ သေဆုံးသွားပါတယ်” ဟု ပြောသည်။

ဦးမောင်သာနုသည် သူ့အိမ်အနီးရှိ ဖြိုဖျက်ခံထားရသော မာရမာကြီး အိမ်တအိမ်မှ မီးကြိုး ကို  ဖြုတ်နေစဉ် လုံခြံုရေး ယူထားသည့် တပ်ဖွဲ့့တဖွဲ့၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။

သူ့အားဖမ်းဆီးသော တပ်ဖွဲ့မှာ တပ်ကြပ်ထွန်းမင်းဦးစီးသော အဖွဲ့ဖြစ်ပြီး သူ့အား မသင်္ကာစရာ ရှိသည်ဟုဆိုကာ စစ်သားများစခန်းချရာ ဇိနမာန်အောင် ဘုရားပေါ်သို့ ခေါ်ယူသွားခဲ့သည်ဟု သိရသည်။

ထိုသို့ ခေါ်ယူသွားစဉ် ဦးမောင်သာနုအား သေနတ်များဖြင့် ၀မ်းဗိုက်ကိုထိုးကာ ပြင်းပြင်း ထန်ထန်နှိပ် စက်ခဲ့သည်ဟု သူ၏မိသားစုများက ပြောသည်။

“ အဲသလို ခေါ်ယူသွားတဲ့  နောက်ပိုင် ဇနီး ဖြစ်သူက ငိုပြီးု တောင်းပန်တဲ့ အတွက် ပြန် လွတ် ပေးလိုက်ပါတယ်။ ဒါပေမယ့် သူက နှိပ်စက်ခံထားရတော့  ဆေးရုံကို ပို့ပါဆိုတော့ ဆေးရုံကို ပို့တယ်။ မနေ့က ညနေ ၈  နာရီမှာ အတွင်းဒဏ်ရာနဲ့ သေဆုံးသွားခဲ့ပါတယ်” ဟု သူက ဆက်ပြောသည်။

ဦးမောင်သာနု အလောင်းအား စစ်ဆေးသည့် အခါ သူူ၏ ဆီးခုံတွင် သေနတ်ပြောင်းနှင့် ထိုးထား သည့် ဒဏ်ရာများစွာ တွေ့ရပြီး  အထဲ ကြေမွသွားသည်ဟု ဆရာဝန် ဆေးစစ်ချက် တွင် ဆေးမှတ် တမ်းရေး ပေးကြောင်း သာရေးနာရေး အသင်း အဖွဲ့ဝင် လူကြီး တစ်ဦးက ပြောသည်။

ရဲဲစခန်းနှင့့် ဆေးရုံသို့  ဆက်သွယ် မေးမြန်းရာ အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး တစ်စုံတစ် ရာ ပြန်လည် ဖြေကြားခြင်း မရှိပါ။

“ ယခုအချိန်ထိ အမှုဖွင့်မဖွင့်ရသေးဘူး။  အမူဖွင့် မဖွင့်ကို အခုသူတို့မိသားစု တိုင်ပင် နေကြတယ်။ ဒီလို သေဆုံးသွားရတဲ့ အပေါ်မှာတော့ ဒေသခံတွေက ဘယ်ကြေနပ်ပါမလဲ။  ဒါပေမယ့် ကျွန်တော်တို့က ဘာတတ်နိုင်မှာလဲဗျာ” ဟု သူက ဆက်ပြောသည်။

ဦးမောင်သာနု အလောင်းကို ယနေ့ နေ့လည်ပိုင်းက သဂြိုလ်လိုက်ပြီ ဖြစ်ကြောင်းနှင့် သူ့တွင်  ဇနီးဖြစ်သူနှင့် ၁၀ နှစ်အရွယ် သမီးတဦး ကျန်ရှိခဲ့ကြောင်း သိရသည်။

Most read this week