အာဏာရှင်လို့ ခေါ်တာကိုု မကြိုက်တဲ့ အာဏာရှင်

အာဏာရှင်လို့ ခေါ်တာကိုု မကြိုက်တဲ့ အာဏာရှင်
by -
နိရဥ္စရာ

ဘင်္ဂလာဒေချ့် နိုင်ငံကို စစ်အာဏာရှင် စနစ်နဲ့ ဆယ်စုနှစ် တခုနီးပါး အုပ်ချုပ်ခဲ့တဲ့ ဗိုလ်ချုပ်ကြီးဟောင်း ဟူစိန် မူဟာမတ် အာရှတ်က သူ့ကို စစ်အာဏာရှင်လို့ ခေါ်တာကို သဘောမကျကြောင်း ဘင်္ဂလာဒေချ့် ပါလီမန်မှာ မနေ့က ပြောကြားလိုက်ပါတယ်။

HM-Ershad-of-the-Jatiya-Party
သမ္မတဟောင်း ဗိုလ်ချုပ်ကြီး အာရှတ်က ယမန်နေ့က ပြုလုပ်တဲ့  ဘင်္ဂလာဒေချ့် ပါလီမန်မှာ သူရဲ့ ပါလီမန် အတွင်းမှ လုပ်ဖေါ်ကိုင်ဘက် မိတ်ဆွေတွေ အနေနဲ့  သူ့ကို စစ်အာဏာရှင်လို့  ခေါ်ဝေါ် သုံးစွဲနေတာတွေကို ရပ်တန့်ကြဖို့ မေတ္တာရပ်ခံ ပန်ကြားလိုက်ပါတယ််။

“ ကျွန်တော်ရဲ့ ညီအစ်ကို မိတ်ဆွေများ ခင်ဗျား။ ကျွန်တော်ကို အာဏာရှင် အာဏာရှင်လို့ မခေါ်ကြပါနဲ့၊ ကျွန်တော်ကို ဒီလို ခေါ်တဲ့ အတွက် ကျွန်တော် အထူး စိတ်ထိခိုက် ခံစားရပါတယ်”  လို့ ဘင်္ဂလာဒေချ့် သမ္မတဟောင်း ဗိုလ်ချုပ်ကြီး ဟူစိန်မူဟာမတ် အာရှတ်က ပါလီမန်မှာ မနေ့က မိန်းခွန်းပြောကြားစဉ် ဒီလို တရားဝင် မေတ္တာရပ်ခံ ပြောကြားလိုက်တာ ဖြစ်ပါတယ်။

“ ကျွန်တော်ဟာ ဘင်္ဂလာဒေချ့်နိုင်ငံ တိုးတက် ကောင်းမွန်ရေး အတွက် ခင်ဗျားတို့နဲ့ အတူ လက်တွဲပြီး ခရီးသွားနေတဲ့သူ တစ်ယောက်ပါ။ ပီးရင် ကျွန်တော်ဟာ ဒီပါလီမန်ကို ရောက်လာတာကလည်း ပြည်သူတွေရဲ့ တခဲနက် ထောက်ခံတဲ့ မဲတွေနဲ့ အတူ ရောက်လာတာ ဖြစ်ပါတယ်။ ဒီလို အာဏာရှင်လို့ ခေါ်တဲ့ အတွက် ကျွန်တော် ဘယ်အတိုင်းအတာထိ ခံစားရတယ်ဆိုတာကို ခင်ဗျားတို့ ကိုယ်ချင်းစာ နားလည်ပေးကြဖို့လိုပါ တယ်” လို့ သူက ပြောကြားသွားပါတယ်။

သမ္မတဟောင်း အာရှတ်ဟာ ဘင်္ဂလာဒေချ့်နိုင်ငံကို အာဏာသိမ်းပြီး စစ်အုပ်ချုပ်ရေးနဲ့ ၁၉၈၂ ခုနှစ်မှ ၁၉၉၀ ခုနှစ်ထိ အုပ်ချုပ်ခဲ့ပါတယ်။ ၁၉၉၀ ခုနှစ်မှာ ဒီမိုကရေစီ လူထု အုံကြွမူကြီး ပေါ်ပေါက်လာတဲ့အတွက် အာဏာ ကို လက်လွှတ်ခဲ့ရပြီး အဲဒီ နောက်ပိုင်းမှာ ထောင် (၆) နှစ်ကျခံခဲ့ရပါတယ်။

သူဟာ ခုလို ထောင်ထဲမှာ (၆)  နှစ်နီးပါး ထောင်ကျခဲ့ပေမယ့် ဘင်္ဂလာဒေချ့်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ရွှေးကောက်ပွဲကို ထောင်ထဲက ယှဉ်ပြိုင်ရာမှာ သူတစ်ဦးတည်း ရွှေးကောက်ပွဲ ၀င်ခဲ့တဲ့ နေရာ (၅) နေရာ စလုံးမှာ ပြိုင်ဘက်တွေကို အနိုင်ရရရှိခဲ့ပါတယ်။

သမ္မတဟောင်း အာရှတ်ဟာ အာဏာ လက်လွှတ်ခဲ့ရပေမယ့် အခုအချိန်ထိလည်း  သူဝင်ရောက် ယှဉ်ပြိုင်တဲ့ ရွှေးကောက်ပွဲတိုင်းမှာ ရှံုးပွဲ မရှိဘဲ အနိုင်ရရှိခဲ့ပြီး လက်ရှိ ဂျာတီယာ ( Jatiya) မှာ ဥက္ကဌ အဖြစ်တာဝန်ယူ ထားပါတယ်။ ဂျာတီယာ ပါတီဟာ လက်ရှိ အာဏာရထားတဲ့ အဝါမီလိဂ် ပါတီနဲ့ အဓိက မဟာမိတ် လုပ်ထားတဲ့ ပါတီလည်း  ဖြစ်ပါတယ်။

လက်ရှိအာဏာရထားတဲ့ အဝါမီလိဂ်ပါတီဟာ သမ္မတဟောင်း အာရှတ် အုပ်စိုးမူကို အဆုံးသတ်ဖို့ လူထုအားနဲ့ လမ်းပေါ်ထွက် ဆန့်ကျင်ခဲ့တဲ့ နေရာမှာ ပါ၀င်ခဲ့တဲ့ အဓိက ပါတီ တစ်ခုလည်း ဖြစ်ပါတယ်။

အခုအခါ သမ္မတဟောင်းလည်းဖြစ် ဗိုလ်ချုပ်ကြီးဟောင်းလည်း ဖြစ်တဲ့ ဟူစိန် မူဟာမတ် အာရှတ်က သူရဲ့ ဗျူရိုကရက် အုပ်ချုပ်မူ အဆုံးသတ်ဖို့ အတွက် လမ်းပေါ်ထွက် ဆန့်ကျင်တိုက်ပွဲခဲ့တဲ့နေရာမှာ ရဲတွေရဲ့ လက်ချက်နဲ့ ၁၉၈၇ နိုဝင်္ဘဘာလ ၁၀ ရက်နေ့က ကျဆုံးခဲ့တဲ့ သာမန် ဘင်္ဂလီပြည်သူ တစ်ဦးဖြစ်တဲ့ နုရ် ဟူစိန်ကို ဂုဏ်ပြုတဲ့ အနေနဲ့ သူကျဆုံးခဲ့တဲ့နေ့ကို ဘင်္ဂလာဒေချ့်ရဲ့ ဒီမိုကရေစီနေ့ အဖြစ် မြင်လိုလှတယ်လို့လည်း သူက တောင်းဆိုနေပါတယ်။

သမ္မတဟောင်း ဟူစိန် မူဟာမတ် အာရှတ်ဟာ စစ်အာဏာရှင် စနစ်နဲ့ တိုင်းပြည်ကို အုပ်ချုပ်ခဲ့ပေမယ့် တိုင်းပြည် တိုးတက်ရာ တိုးတက်ကြောင်းကို သူအုပ်ချုပ်စဉ် အတွင်းမှာ ကြိုးစားပန်းစား လုပ်ကိုင်ခဲ့သူ တစ်ဦးဖြစ်တဲ့ အတွက် သူ့ကို ထောက်ခံသူတွေက ဘင်္ဂလာဒေချ့်မှာ အများအပြား ရှိနေပါတယ်။ သူ့ပါတီဟာ လွန်ခဲ့တဲ့ ရွှေးကောက်ပွဲမှာ အမတ် နေရာ ၃၁ နေရာ အနိုင်ရရှိခဲ့ပြီး ဘင်္ဂလာဒေချ့်မှာ တတိယ အင်အား အကြီးဆုံး ပါတီ အဖြစ် ရပ်တည် နေပါတယ်။

Most read this week