မီးရှို့ခံရသော ကျေးရွာများမှ ပြည်သူများ ဆက်လက် အကာအကွယ်မဲ့နေ

မီးရှို့ခံရသော ကျေးရွာများမှ ပြည်သူများ ဆက်လက် အကာအကွယ်မဲ့နေ
by -
နိရဥ္စရာ

မောင်တောမြို့နယ် တောင်ပိုင်းတွင် မီးရှို့ခံခဲ့ရသော ကျေးရွာ (၇) ရွာမှ ကျေးရွာသားများမှာ ယခုအချိန််ထိ အကာအကွယ်မဲ့နေကြောင်း မီးရှို့ခံလိုက်ရသည့် ကျေးရွာသား တစ်ဦးက ပြောသည်။

Maungdaw-map-google
“ အခုအချိန်ထိ ကျွန်တော်တို့ ပြာပုံပေါ်မှာ ထိုင်နေကြရပါတယ်။ ဘယ်သွားလို့ ဘာလုပ်ရမလဲ ဆိုတာတော့ မသိရသေးဘူး။ လုံခြံုရေး တပ်ဖွဲ့ဝင်တွေလည်း အခု နံနက် ရ နာရီ ရှိနေပါပြီ မရောက်သေးပါဘူး” ဟု မောရဝတီ ရွာသား တစ်ဦးက ပြောသည်။

ဇွန်လ ၈ ရက်နေ့ နေ့လည်ပိုင်းက မီးရှို့ခံလိုက်ရသော မောရဝတီသို့ ဇွန်လ ၉ ရက်နေ့ နံနက်ပိုင်းထိ လုံခြံုရေး တပ်ဖွဲ့ဝင်များနှင့် အာဏာပိုင်များ  ရောက်ရှိလာခြင်း  မရှိသေးကြောင်း သူက ပြောသည်။

မောင်တော တောင်ပိုင်းတွင်  မီးရှို့ခံလိုက်ရပြီ လုံးဝ ပြာကျသွားသော ကျေးရွာ (၇) ရွာရှိပြီး အဆိုပါ ကျေးရွာများမှာ ဝေသာလီ၊ ကန်သာယာ၊ ခရေမြိုင်၊ ရွှေရင်အေး၊ သရေကုန်ဘောင်၊ ကိုင်းကြီးရွာနှင့် မောရဝတီတို့ ဖြစ်သည်။

“ ကျွန်တော်တို့ မောရဝတီမှာ ရဲတပ်ဖွဲ အင်အား ၅  ဦးနဲ့ ကင်းစခန်းရှိပါတယ်။ ဆူပူလိုတဲ့ လူအုပ်ကြီး တက်လာတဲ့ အခါ သေနတ်နဲ့ ပစ်ပါတယ်။ မိုးပေါ်ထောင်ပစ်တာကို သိတော့ ဆက်လက် တက်လာပြီး တစ်ရွာလုံးကို ပြာကျအောင် မီးရှို့သွားတာပါဘဲ။ နောက်ဆုံး ရဲတွေလည်း ထွက်ပြေးသွားရပါတယ်” ဟု ပြောသည်။

ယခုကဲ့သို့  လုံခြံုရေး တပ်ဖွဲ့ဝင်များ အချိန်မီ  မရောက်ရှိလာသဖြင့် ကလေးငယ်များနှင့် အမျိုးသမီးများ လုံခြံုရေးကို အထူးစိုးရိမ်နေရကြောင်း သူက ပြောသည်။

ယမန်နေ့ညဉ့်တွင် မောင်တောမြို့ထဲတွင် တစ်စုံတစ်ရာ ပြဿနာ မပေါ်ပေါက်ခဲ့သော်လည်း နေရာ အနှံ့အပြားမှ သေနတ်ပစ်ခတ်သံများ တညဉ့်လုံး ကြားရသည်ဟု မောင်တော မြို့ခံများက ပြောသည်။

“ တညဉ့်လုံး ပစ်ခတ်သံတွေ ကြားရပါတယ်။ ဘယ်နေရာမှာ ဘာတွေ ဖြစ်နေသလဲဆိုတာ အတိအကျ မပြောနိုင်ပါဘူး။ မောင်တောမြို့ထဲမှာတော့ အခုအခါ ငြိမ်သက်နေပါတယ်” ဟု အမှတ် (၁) ရပ်ကွက်မှ ဦးကျော်ဇံက ပြောသည်။

မောင်တောတွင် ပုဒ်မ ၁၄၄ ထုတ်ထားပြီး ပစ်မိန့်ပေးထားပြီ ဖြစ်သဖြင့် ယနေ့တွင် ယမန်နေ့ကလို အခြေအနေ ဆိုးရွာတော့မည် မဟုတ်ဟု သူထင်ကြောင်း အောင်ဗလ ကျောင်းဆရာတော်က ပြောသည်။

Most read this week