မြစ်ကြီးနားတွင် ဆွေးနွေးရန် အစိုးရ ကမ်းလှမ်းချက် KIO ငြင်းပယ်

မြစ်ကြီးနားတွင် ဆွေးနွေးရန် အစိုးရ ကမ်းလှမ်းချက် KIO ငြင်းပယ်
by -
မဇ္ဈိမ

မြစ်ကြီးနားမြို့တွင် ငြိမ်းချမ်းရေး ဆွေးနွေးရန် အစိုးရဘက်မှ ကမ်းလှမ်းချက်အား စစ်ရေး တင်းမာနေချိန်တွင် မဖြစ်နိုင်သေးကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဘက်မှ ငြင်းဆိုလိုက်ပြီး ပြန်လည် မေးခွန်းမေးထား သည်ဟု ငြိမ်းချမ်းရေး အကျိုးဆောင်များနှင့် KIO က ပြောသည်။

ဧပြီလ ၁၇ ရက်နေ့က အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်ဘက်မှ KIO သို့ ကမ်းလှမ်းစာအား KIO ဘက်မှ ဧပြီလ ၂ဝ ရက်နေ့တွင် စာပြန်လိုက်ခြင်းဖြစ်သည်ဟု KIO ၏ ပြောခွင့်ရသူ ဦးလနန်က ပြောသည်။

“ဒီတခေါက် ပြန်လည်တွေ့ဆုံတဲ့အခါ ပိုမိုပွင့်လင်း မြင်သာမှု ရှိဖို့အတွက် ပြည်သူလူထုတွေရော ပါဝင် တက်ရောက်နိုင်အောင် မြစ်ကြီးနားမြို့ပေါ်မှာ ဆွေးနွေးမှု ပြုလုပ်ရအောင် ဆိုပြီး အကြောင်းကြားလာတယ်။ကျနော်တို့ဘက်က စစ်ရေးအခြေအနေ တင်းမာနေတဲ့ အချိန်မှာ မြစ်ကြီးနားမြို့ပေါ်မှာ ဆွေးနွေးမယ်ဆိုတာ မဖြစ်နိုင်သေးဘူး။ တပ် အခြေအနေ ပတ်သက်လို့ ဆွေးနွေးမှုမှာ လူထုက ဘယ်လို ကဏ္ဍကနေ ပါဝင်မလဲဆိုတဲ့ကိစ္စ ကျနော်တို့ နားမလည်နိုင်တဲ့အကြောင်း ပြန်မေးခွန်းထုတ်ထားတယ်”ဟု သူက မဇ္စျိမကို ပြောသည်။

မတ်လအတွင်းက အစိုးရ ငြိမ်းချမ်းရေးခေါင်းဆောင် ဦးအောင်သောင်း ဦးဆောင်သော ကိုယ်စားလှယ်များနှင့် တွေ့ဆုံ ပြီးနောက် တိုက်ပွဲအရှိန် ပိုမြင့်လာခြင်း၊ ဧပြီလဆန်းပိုင်းတွင် KIO ဗဟိုဌာနချုပ်အနီး အစိုးရ တပ်အင်အားများ ပိုမို တိုးချဲ့လာသဖြင့် မြစ်ကြီးနားမြို့မှာ တွေ့ဆုံရန် မဖြစ်နိုင်ကြောင်း အစိုးရထံ အကြောင်းပြန်လိုက်သည်ဟု ဦးလနန်က ပြောသည်။

KIO ၏ ဌာနချုပ်ဟောင်းရှိရန် ပါဂျောင်ဘွမ်နှင့် လက်ရှိ လိုင်ဇာဌာနချုပ်အကြားရှိ အစိုးရ၏ နာဖော့စခန်းအတွင်း ယခုရက်ပိုင်းအတွင်း လက်နက်ခဲယမ်းနှင့် စစ်အင်အားများ အစိုးရ လေကြောင်းမှတဆင့် ဖြည့်တင်းလာမှုများ ရှိသည်ဟုလည်း ဦးလနန် က ဆိုသည်။

ဧပြီ ၂၃ ရက်နေ့တွင်လည်း KIO ဌာနချုပ်ရှိရာ တပ်မဟာ ၅ နယ်မြေအတွင်း တိုက်ပွဲ ငါးကြိမ် ထက်မနည်း ဖြစ်ပွားခဲ့ပြီး ဧပြီလ ၂၂ ရက်နေ့ကလည်း KIO ဗဟိုဌာနချုပ်မှ ၅ မိုင်ခန့် အကွာရှိ အစိုးရတပ်စိုက်ရာ ဒေါ့ဖုန်းယန်မြို့နယ်ခွဲ လဂျားကျေးရွာတွင် တနာရီခန့်ကြာ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု KIA က ဆိုသည်။

ယခင်က အမြောက်တပ်စခန်းမှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သော်လည်း လက်တလော တိုက်ပွဲများတွင် အစိုးရစစ်တပ်၏ ရှေ့တန်းစစ်မြေပြင်ထိ လက်နက်ကြီးများ အသုံးပြုလာသဖြင့် စခန်းသိမ်းတိုက်ပွဲ ပြုလုပ်မည့် အရိပ်အယောင် တွေ့ရသည်ဟု ဦးလနန်က ဆက်ပြောသည်။

ယခု နှစ်ဘက် ယုံကြည်မှု တည်ဆောက်ရမည့် အချိန်တွင် အစိုးရဘက်မှ စစ်အင်းအား ပိုမိုတိုးချဲ့လာသဖြင့် KIO ဘက်မှ ယုံကြည်မှုနည်းလာခြင်းကြောင့် ထပ်မံတွေ့ဆုံရန် မဖြစ်နိုင်သေးကြောင်း ငြိမ်းချမ်းရေးအကျိုးဆောင် ဦးယွပ်ဇော်ခေါင်က ပြောသည်။

“အစိုးရဘက်က စစ်အင်အား မလျှော့တဲ့အပြင် ရိက္ခာတွေ ပြန်ဖြည့်လာတယ်ဆိုတော့ KIO ဘက်က လုံးဝ မယုံကြည် လာဘူး။ ဒါကြောင့် ကျနော်တို့ အကျိုးဆောင်တွေအနေနဲ့ ထပ်တင်ပြပေးဖို့ အများကြီးလိုနေတယ်။ လူထုဘက်က ပါမယ်ဆိုတော့ ဘယ်သူတွေ ပါမလဲဆိုတာ KIO ဘက်က မေးထားတယ်။ ကျနော်တို့ဘက်ကလည်း ပြန်ဆွေးနွေးနိုင်ဖို့ နည်းလမ်းရှာနေတယ်”ဟု သူက မဇ္စျိမကို ပြောသည်။

ငြိမ်းချမ်းအကျိုးဆောင်အဖွဲ့အနေနှင့် သမ္မတ ဦးသိန်းစိန်နှင့် နေပြည်တော်တွင် တွေ့ဆုံလိုကြောင်း ဧပြီလ ၉ ရက်နေ့က စာရေးပို့ခဲ့ရာ မည်သည့်နေ့ တွေ့ဆုံခွင့် ရမည်ကို မသိရသေးကြောင်း ဦးယွမ်ဇော်ခေါင်က ပြောသည်။

အစိုးရနှင့် KIO တို့ ငြိမ််းချမ်းရေးဆွေးနွေးမှုကို KIO ဘက်မှ တောင်းဆိုမှုအရ တရုတ်နိုင်ငံ ရွှေလီမြို့တွင် သုံးကြိမ်
ဆွေးနွေးခဲ့စဉ် စစ်ရေးအရှိန်များ ထိန်းသိမ်းသွားရန်နှင့် ပြဿနာ ဖြစ်ပွားနေသည့် ဒေသများတွင် နှစ်ဖက်ညှိနှိုင်း လုပ်ဆောင်သွားရန် သဘောတူညီခဲ့သော်လည်း ယခုထိ အကောင်အထည်ဖော်သည့် တုံ့ပြန်မှု မတွေ့ရသေးကြောင်း KIO က ဆိုသည်။

သို့သော် နိုင်ငံပိုင် ကြေးမုံသတင်းစာတွင်မူ ထာဝရ ငြိမ်းချမ်းရေး အလှမ်း ကွာဝေးနေရသည်မှာ “တဖက်သတ် သဘောထားအမြင် တင်းမာကြသည့် ကေအိုင်အို/ ကေအိုင်အေ ခေါင်းဆောင်ပိုင်းအချို့ကြောင့်”ဟု ယခုလ ၁၈ ရက်နေ့က ဖော်ပြခဲ့သည်။

၁၁ လကြာ နှစ်ဘက် တိုက်ပွဲများကြောင့် စစ်ပြေးဒုက္ခသည်ပေါင်း ရ သောင်းကျော်ရှိလာကာ UN အဖွဲ့အစည်းများက မိုးမောက်မြို့နယ် အင်ခေါင်းပါနှင့် ဒွန်ဘွမ်ဒုက္ခသည်စခန်းရှိ စစ်ပြေးဒုက္ခသည် ၁၅ဝဝ ဦးအား အစားအသောက်များ ကူညီခဲ့သည်ဟု ဒုက္ခသည်များ ကူညီရေးကော်မတီမှ တာဝန်ခံ KIO မှ အရပ်ဘက်အရာရှိ ဦးဒွဲပီဆားက ပြောသည်။

“UN က ၂၁ ရက်နေ့ကနေ ဗန်းမော်ကနေ လာတယ်။ ဒုက္ခသည်တွေကို ထောက်ပံ့ပေးနေတယ်။ မနေ့က အင်ခေါင်းပါနဲ့ ဒွမ်ဘွမ်ဘက်က ဒုက္ခသည်တွေကို ဆန်၊ ခြင်ထောင်၊ ပဲတို့ အဝတ်အစားတွေ၊ မီးဖိုချောင်သုံး ပစ္စည်းတွေ လှူဒါန်းပေးနေတယ်။ ဒီနေ့တော့ အင်ခေါင်းပါမှာ သွားအိပ်မယ်”ဟု ပြောသည်။

Most read this week