ရွှေဂတ်စ် စီမံကိန်းကြောင့် က့ံကော်တော ဘုရားဖူး လာသူများ ဒုက္ခတွေ့

ရွှေဂတ်စ် စီမံကိန်းကြောင့် က့ံကော်တော ဘုရားဖူး လာသူများ ဒုက္ခတွေ့
by -
နိရဥ္စရာ

ဧပြီလ ၁၇ ရက်နေ့မှ စတင်ခဲ့သော ကျောက်ဖြူ ကံ့ကော်တော ဘုရားပွဲတော်မှာ အထူး စည်ကားခဲ့သော်လည်း ဘုရားပွဲတော် ကျင်းပရာ ကွင်းပြင်တွင် ရွှေဂတ်စ်စီမံကိန်းမှ ပိုက်လုံးများကို စုပုံထားသဖြင့် ပွဲတော်လာ ဘုရားဖူး ပြည်သူများ အတွက် နားခိုစရာ နေရာများ အခက်အခဲ ဖြစ်ပေါ်ခဲ့ရကြောင်း သတင်း ရရှိသည်။

news-date-22-4-2012-1
ကျောက်ဖြူမြို့နယ် နှင့် (၄) မိုင်ခန့်ရှိ ဂုံချိန်ကျေးရွာ အနီး ပေါ်တော်မူ ကံကော်တောဘုရားပွဲကို ဧပြီလ ၁၇ ရက်နေ့ နံနက်မှ စတင် ကျင်းပခဲ့ရာ ပိုက်လုံးများ စုပုံံထား၍ နေရာကျဉ်းသွား သဖြင့် လူများမှာ သွားလာ၍ မရအောင် ဘုရားပွဲ ကျင်းပရာ ကွင်းပြင်တွင်ပြည့်ကျပ် သွားခဲ့ကြောင်း ကျောက်ဖြူမြို့မှ လူကြီး တစ်ဦးက ပြောသည်။

"အယင်နှစ်တွေက ဆိုရင် ဘုရာဖူး ပရိတ်သတ်တွေလည်း ဘယ်လောက်များများ နေရာ ကျယ်ကျယ်ဝန်းဝန်း နေထိုင်လို့ ရတယ်။ အခုက ထိုင်စရာ နေရာလဲ သိပ်မရှိဘူး။ ဘုရားပုရဝုဏ်နားမှာ သံပိုက်တွေ စုပုံထားတဲ့ အတွက် ဘုရားပွဲ ကျင်းပနေတဲ့ ကွင်းက အရမ်းကျဉ်းသွားတယ်။ ဒီလို နေရာ ကျဉ်းသွားတော့ ဘုရာဖူး ခရီးသည်များ အနေနဲ့ နားခိုမဲ့နေရာ အခက်အခဲရှိခဲ့ကြပါတယ်" ဟု သူက ပြောသည်။

ရွှေဂတ်စ် စီမံကိန်းကြောင့် ကံ့ကော်တော ဘုရား ကျင်းပရာ ကွင်းပြင်တွင် လူများ တည်းခိုနေထိုင်ရန် အခက်အခဲ ဖြစ်သွားခဲ့ သလို ကံ့တော်ဘုရားသို့ သွားရာလမ်းမှာလည်း စီမံကိန်းမှ ကားများ အသုံးပြုပြီး မပြုပြင်ဘဲ ပစ်ပယ်ထားသဖြင့် သွားလာ၍ မရအောင် ပျက်စီးနေကြောင်း သိရသည်။

" ဒီလမ်းဟာ အရင် ကိုယ်ထူကိုယ်ထ ကတ္တရာ ခင်းထားတဲ့ လမ်းဖြစ်ပါတယ်။ ဘုရားကို သွားတဲ့လမ်းမို့ လူထုက ကိုယ့်အား ကိုယ်ကိုးပြီး ပြုလုပ်ထားတာ ဖြစ်ပါတယ်။ ကတ္တရာ ခင်းထားတဲ့ အတွက် ဖုန်လဲမထ ပါဘူး။ အခုတော့ ဒီလမ်းကို ရွှေဂတ်စ် စီမံကိန်းက ကားကြီးတွေ အသုံးပြုပစ်တဲ့ အတွက် ရစရာ မရှိအောင် ပျက်စီးသွားပါတယ်။ ဒီလမ်းကို ဘုုရားပွဲ မတိုင်မှီ ပြန်ပြင်ပေးမယ်ဆိုပြီး နိုင်ငံခြား ကုမ္ပဏီ တာဝန်ခံတွေက ကတိခံထားပေးမယ့် အခုအချိန်ထိ ပြန်မပြင်ပေးတဲ့ အတွက် ဘုရားဖူးလာတဲ့ သူတွေ သွားလာရတာ အထူး ဒုက္ခတွေ့ရသလို ဖုံတွေထတဲ့ အတွက် လူတွေရဲ့ ကျန်းမာရေးကိုလည်း ထိခိုက်ကုန်ပါတယ်" ဟု သူက ဆက်ပြောသည်။

ကံ့ကော်တော ဘုရားပွဲသို့ မြေပုံ ၊ အမ်းမြို့၊ တောင်ကုတ်၊မာန်အောင်၊ ရမ်းဗြဲနှင့် ကျောက်ဖြူမြို့နယ်မှ ဘုရားဖူး နှစ်သိန်းခွဲခန့်ရောက်ရှိခဲ့ပြီး နားနေစရာ နေရာများ မရှိတော့သဖြင့် တချို့ရပ်ဝေးမှ ဘုရားဖူးများမှာ ကံကော်တော ဘုရားပွဲ မပြီးမှီ အိမ်ပြန်သွားခဲ့ရကြောင်း သိရသည်။
news-date-22-4-2012
" ကျွန်မတို့က ဘုရားပွဲဲကို ၁၇ ရက်နေ့ မနက်ကတည်းသွားကြပါတယ်။ ခါတိုင်းနှစ်တွေလို နေရာ အလွတ်တွေ မရှိတော့ဘူး။ ထိုင်စရာ နေရာတောင် မရဘူး။ ဘုရားပွဲမှာလည်း လူတွေ ပြည့်ကျပ်နေပြီး ပုရဝုဏ် အတွင်းမှာလည်း လူတွေ မဆန့်တဲ့ အတွက် နေထိုင်ဖို့ အခက်အခဲကြောင့် ကိုယ်အိမ်ကို နောက်တစ်နေ့မှာ ပြန်ခဲ့ကြရပါတယ်။ ပွဲတော်ဆုံးအောင် မနေခဲ့ရပါဘူး" ဟု ကျောက်နီမော်သူ မစန်းစန်းကြည်က ပြောသည်။

အများစု ဘုရားဖူးများမှာ ဒေသတွင် အသုံးများသည့် ထော်လာဂျီများဖြင့် လာရောက်ကြသဖြင့် ပျက်စီးနေ သော လမ်းမှ ဖုံထ၍ ဘုရားဖူးလာသူများမှာ ဖုံများဖြင့် ညစ်ပတ်ပေရေခဲ့ကြာင်း သိရသည်။

ကျောက်ဖြူ ကံ့ကော်တော် ဘုရားမှာ ပေါ်တော်မူ ဘုရား ဖြစ်ပြီး ၎င်းဘုရား၏ ထူးခြားချက်မှာ ဘုရား အနီးရှိ တစ်တောင်ပတ်လည်ရှိ ကျောက်ရေကန်ငယ်အတွင်း၌ ရေအနက်မှာ ၂-ပေခန့်သာ ရှိသော်လည်း ဘုရားဖူး ခရီးသည်များ မည်မျှပင် သုံးစွဲကာမူ မကုန်ခမ်းနိုင်ခြင်းပင် ဖြစ်သည်။ ၎င်းရေကန်ငယ်ကို ဒေသခံများက နတ်ရေကန်ဟု အမည်သမုတ်ခေါ်ဝေါ်ကြကြောင်း သိရသည်။

၎င်းပြင် ဘုရားအနီးရှိ ပိန်ခင်းများမှ ပိန်းဟင်းမှာ တခြားနေရာများသို့ ယူဆောင် စားသုံးသောအခါ ယားယံမှု ရှိသော်လည်း ဘုရားအနီးတွင် ချက်ပြုတ် စားပါကလုံးဝ ယားယံမှုမရှိခြင်းပင် ဖြစ်သည်။ ထိုအချက်သည် လည်း ကံကော်တော ဘုရားအတွက် ထူခြားသော သမိုင်းမှတ်တိုင် တစ်ခု ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ယခုနှစ် ကံ့ကော်တော ဘုရားပွဲတွင် ရခိုင်ရိုးရာ ကျင်ပွဲကို ထည့်သွင်း ကျင်းပခဲ့ပြီး မြတ်ခိုင်ကျော် ဇာတ်အဖွဲ့မှ ၆ ရက်တိတိ ကပြဖြေဖျော်ခဲ့ကြောင်း သိရသည်။

" ဘုရားပွဲကို ဧပြီ ၁၇-ရက်နေ့ကနေ ၁၉ နေ့ရက်နေ့ထိ ကျင်းပပါတယ်။ ဇာတ်ပွဲကတော့ ဧပြီလ ၁၇ ရက်ကနေ ၂၂ -ရက်နေ့အထိ ကပြဖြေဖျော်မှာ ဖြစ်ပါတယ်" ဟု ဒေသခံ လူကြီးက ပြောသည်။

ယခုကဲ့သို့ ဘုရားပွဲတော်တွင် လာရောက်သူများ ပိုက်လုံးများ စုပုံထားသဖြင့် နားခိုစရာ နေရာ မရှိခြင်၊ ဘုရားသို့ သွားရာ လမ်းမှာလည်း ဖုံထပြီး ပျက်စီးနေခြင်းတို့ကြောင့် ရွှေဂတ်စ်စီမံကိန်း အပေါ် မကျေနပ်မူများ တိုးပွားနေကြောင်း သတင်း ရရှိသည်။

Most read this week