နစက ဗိုလ်ကြီး သင်္ကြန် စရိတ်အတွက် ကျေးရွာသားများပိုင် မီးသွေးအိတ်များကို သိမ်းပြီး ငွေရှာ

နစက ဗိုလ်ကြီး သင်္ကြန် စရိတ်အတွက် ကျေးရွာသားများပိုင် မီးသွေးအိတ်များကို သိမ်းပြီး ငွေရှာ
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် အနောက်ဘက် နယ်စပ်တွင် တာဝန်ကျနေသော နစက ဗိုလ်ကြီး တစ်ဦး၏ သင်္ကြန် စရိတ် အတွက် လိုအပ်နေသော ငွေကို ဖြည့်ဆည်း ပေးရန် အတွက် တပည့် ဖြစ်သူ တပ်ကြပ်က ပြည်သူများပိုင်ဆိုင် သော မီးသွေးအိတ်များကို လွန်ခဲ့သော အပတ်က လိုက်လံ သိမ်းယူသွားခဲ့ကြောင်း သတင်း ရရှိသည်။

ဘူးသီးတောင်မြို့နယ် တောင်ပိုင်း နစက အမှတ် ( ၉ ) နယ်မြေ ညောင်ချောင်း စခန်းမှူး ဗိုလ်ကြီး စန်းယု အောင်မှ သူ့အတွက် သင်္ကြန်စရိတ် ကျပ်ငွေ (၁၀) သိန်း ရှာပေးရမည်ဟု သူ၏ တပည့် ဖြစ်သူ တပ်ကြပ် သိန်းထူးအား အမိန့်ပေးထားသဖြင့် တပ်ကြပ်သိန်းထူးက ပြည်သူများပိုင်ဆိုင်သော မီးသွေးအိတ်များကို တရားမဝင်သိုလှောင်ထားသော ပစ္စည်းများဟု ပြောပြီး လိုက်လံ သိမ်းယူ သွားခဲ့ခြင်း ဖြစ်သည်။
Charcoal
" မီးသွေးအိတ်တွေက အသိမ်းခံရတာကတော့ ဒိုးတန်းကျေးရွာနှင့် ဖရုံချောင်းကျေးရွာက လူတွေ စုဆောင်း သိုလှောင်ထားတာတွေ ဖြစ်ပါတယ်။ ပါသွားကတော့ ဦးကျော်စိန်မှာ ၁၆၀ အိတ်၊ ဦးအောင်နိုင်ဦးမှာ ၃၅၀ အိတ်နဲ့ ဒေါ် သန်းမချေ ပိုင်တဲ့ မီးသွေး အိတ် ၁၁၀ တို့ ဖြစ်ကြပါတယ်။ တပ်ကြပ် သိန်းထူးက အရပ်ဝတ်နဲ့ လာပြီး သိမ်းယူသွားပါတယ်။ ကျေးရွာအုပ်ချုပ်ရေးမှူးကိုလည်း အသိမပေးခဲ့ဘူး" ဟု ဒေသခံ ရွာလူကြီး တစ်ဦးက ပြောသည်။

မီးသွေးပိုင်ရှင်များမှာ မီးသွေးရှာပါးချိန် မိုးတွင်းတွင် မြို့ပေါ်တွင် ရောင်းချရန် အတွက် မီးသွေများကို ၀ယ်ယူ စုဆောင်းခြင်း ဖြစ်ပြီး မီးသွေး ရောင်းဝယ် ဖေါက်ကားခြင်း အတွက် တစ်လလျှင် နစက တပ်ဖွဲ့သို့ လာဒ်ငွေ ကျပ် ၂၀၀၀၀ ကျပ်နှုန်းဖြင့် လစဉ် ပေးသွင်းရသည်ဟု သိရသည်။

လစဉ်ငွေပေးထားပြီးသား မီးသွေးအိတ် အများအပြားကို သိမ်းယူသွားခြင်းနှင့် ပတ်သက်ပြီး သူနှင့် ရင်းနှီးသူ ဒေသခံများက တပ်ကြပ် သိန်းထူးအား မည်သည့်အတွက်ကြောင့် မီးသွေးအိတ်များကို သိမ်းယူရပါသလဲဟု မေးမြန်းရာ ဗိုလ်ကြီး သင်္ကြန်စရိတ် ငွေ (၁၀) သိန်း လိုတဲ့အတွက် ဖြစ်ကြောင်း ပြောဆိုသည်ဟု အဆိုပါ ဒေသခံ ရွာလူကြီးက ပြောသည်။

ယခုကဲ့သို့ နစက ဗိုလ်ကြီး သင်္ကြန်စရိတ် အတွက် မီးသွေးအိတ်များကို သိမ်းဆည်းသွားခြင်းနှင့် ပတ်သက်ပြီး အနီးအနား ကျေးရွာ တစ်ခု အုပ်ချုပ်ရေးမှူး တစ်ဦးအား မေးမြန်းရာ မီးသွေးအိတ်များ သိမ်းယူသွားခြင်းမှာ မှန်ကန်သော်လည်း နစက ဗိုလ်ကြီး သင်္ကြန်စရိတ်အတွက် ဟုတ်မဟုတ်ကို သူမသိကြောင်း ပြောကြားသည်။

ညောင်ချောင်း သင်္ဘောဆိပ်မှ ဒေသခံ တစ်ဦးက " ၎င်း သိမ်းဆည်းခဲ့သော မီးသွေးအိတ်များကို ဘူးသီး တောင်မှ မီးသွေး ရောင်းဝယ်နေသူ တစ်ဦးကို ရောင်းချလိုက်ပြီ ဖြစ်ကြောင်းနှင့် ယခုကဲ့သို့ သင်္ကြန်ကာလ နီးကပ်လာလျှင် နစက အရာရှိများ အနေဖြင့် ဇနီးသားမယားများအတွက် အောက်ဆိုက် ငွေများကို ပုံစံအမျိုးမျိုးဖြင့် ရှာလေ့ ရှိကြောင်း၊ ဒေသခံ ပြည်သူများမှာ သူတို့၏ ပစ်မှတ် သားကောင် ဖြစ်ရကြောင်း" ပြောဆိုသည်။

ယခုအခါ ဘူးသီးတောင်မြို့နယ်တွင် မီးသွေးတအိတ်လျှင် အမျိုးအစားအလိုက် ၈၅၀ ကျပ်၊ ၁၁၀၀ ကျပ်နှင့် ၁၂၀၀ ကျပ်အထိ စျေးရှိကြောင်း သိရသည်။

မီးသွေး သိမ်းယူသူ တပ်ကြပ် သိန်းထူး၏ ကိုယ်ပိုင် နံပတ်မှာ ကြည်း ကပ-၇၀၅၇၁၄ ဖြစ်ပြီး စခန်းမှူး ဗိုလ်ကြီး စန်းယုအောင်၏ ကိုယ်ပိုင်အမှတ်မှာ ကြည်း ကပ ၄၃၈၇၀ ဖြစ်ကြောင်း ညောင်ချောင်း စခန်းမှ လာသော အတွင်း သတင်းအရ သိရသည်။

တပ်ကြပ် သိန်းထူးမှာ အဆိုပါ ညောင်ချောင်း ဒေသမှ မပြောင်းရွှေ့ရအောင် အထက်အရာရှိ များကို ငွေပေးပြီး အဆိုပါ ဒေသ၌ လူမိုက် ဆန်ဆန်ရမ်းကား နေသည်မှာ သုံး- လေးနှစ်ခန့် ရှိပြီဖြစ်ကြောင်း ဒေသခံများက ပြောသည်။

Most read this week